Friday, October 7, 2011

အနှုတ်လက္ခဏာဆောင်သော သုည

ကျွန်တော်သည် သုညတစ်လုံးဖြစ်ပါသည်။ စားချိန်တန် မစားဘဲ ကစားမက်နေသောကြောင့် ပိန်ကပ်ကပ်ဖြစ်နေသော သုညတစ်လုံးဖြစ်ပါသည်။ သို့မဟုတ် ကိုယ့်ဘ၀ကိုယ်ပင် မနိုင်မနင်းဖြင့် ကမ္ဘာကြီးကို ပိန့်ရှုံ့သွားအောင် ကန်ချင်နေသော ကျောနံပါတ် သုညနှင့် ဘောလုံးသမားတစ်ယောက်လည်း ဖြစ်နေနိုင်ပါသည်။
အမှန်တကယ်ကတော့ ဘာကိုမှ မသိသေး။ အောက်စီဂျင်ကို ခပ်တည်တည်ဖြင့် ရှူလိုက်ပြီး လူသားအားလုံးကို လေလည်ကာ လေးစားလိုက်ပါသည်။ အကြောင်းကြောင်းကြောင့် သင့်ဆီသို့ အမည်မသိသူက ပို့လိုက်သော သုညတစ်လုံး ရောက်လာပါက လက်ခံလိုက်ပါ။ မင်္ဂလာပါ လောကကြီး။ ပေတိပေကပ် သင်ရိုးညွှန်းတမ်း။ အပေအတေလေလွှင့်သူ။ အကင်းပါးသောမျက်လုံး။ ထ၊ ထ။ မိုးလင်းပြီ။


ဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝ


ကျွန်တော်သည် သုညတစ်လုံးဖြစ်ပါသည်။ ချီးကျူးခြင်းနှင့် ကဲ့ရဲ့ခြင်းကို တက်တူးထိုးထားသော လူသားများက ကျွန်တော့်ကို ၀ိုင်းဝိုင်းလေးနေတတ်စေရန် ပြုစုပေးခဲ့ပါသည်။
တစ်ခါတရံ ကျွန်တော် ၀ိုင်းပါသည်။
တစ်ခါတရံ ကျွန်တော် ပို၍ ၀ိုင်းပါသည်။
တစ်ခါတရံအနည်းငယ်ပင် ကျွန်တော် မ၀ိုင်းတော့ပါ။
ညံဖျင်းခြင်းကို အော့အန်တတ်သော ဆရာမကြောင့် ကျွန်တော် ၀ိုင်းအောင်ကြိုးစားခဲ့ပါသည်။ ကျွန်တော် အ၀ိုင်းနှင့် သူများအ၀ိုင်းကို ရင်ဘောင်တန်းဝိုင်းပစ်ခဲ့သည်။ သို့သော် ကျွန်တော် အိပ်ငိုက်သောနေ့က ကျွန်တော့်အ၀ိုင်းများသည် လေလျော့သွားသည့် ပူပေါင်းများလို ဖြစ်ကုန်ကြသည်။ ထိုနေ့က ကျွန်တော်ရင်ဘတ်တွင် ကြက်ခြေခတ်ခြစ်ခံရပါသည်။ ခပ်သိမ်းသော အမှားများ။ အသေအကြေ မောင်းနှင်လာ။ ပြော။ ပြောဦး။ ရှင်းမရတဲ့ အမိုက်ပုံကြား။ ကဲ။ ငိုက်ချင်ဦး။


ဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝ


ကျွန်တော်သည် သုညတစ်လုံးဖြစ်ပါသည်။ အပြုသဘောလောကထံသို့ ချဉ်းကပ်လာရင်းက အပြုသဘောလိုင်စင်မပါ၍ အနုတ်လက္ခဏာအပြခံလိုက်ရသော အနုတ်သုညလည်း ဖြစ်ပါသည်။ လူသည် ၀ိုင်းရမည်။ လူသည် ၀ိုင်းနေရမည်ဟု အလွတ်ကျက်ထားသော ဘ၀ဖြင့် ကျွန်တော်လမ်းလျှောက်သောအခါ ဘောလုံးတစ်လုံးလိမ့်သွားသလိုကြီး ဖြစ်လာခဲ့သည်။ အားလုံးက ကျွန်တော်ကို ကမျင်းကြောထနေတဲ့ တေလေတစ်ကောင်ရယ်လို့ ၀ိုင်း၍ ရှုံ့ချကြသည်။ “မဟုတ်ဘူး၊ ကျွန်တော် ၀ိုင်းအောင်ကြိုးစားနေတာ” ဟု ကျွန်တော် ရှင်းမပြပါ။
ကျွန်တော့်နည်းတူ ၀ိုင်းနေသော အချို့ကို တွေ့ခဲ့ပါသည်။
“ငါက ၀လုံးကွ”
“ငါက အထက်စီးကနေမယ့် လုံးကြီးတင်ပါ”
“ငါက သူများအောက်ကပဲ နေနေရတဲ့ ကောင် …. ၀ဆွဲပါကွာ”
သူတို့ချင်း မိတ်ဆက်နေကြသည်ကို ကျွန်တော် စိတ်ဝင်တစား နားထောင်ဖြစ်ပါသည်။
“ငါက မင်းတို့နဲ့ မတူဘူး အင်္ဂလိပ်လို အိုကွ”
“အေး .. ငါကတော့ ဇီးရိုးပါ”
“ဟေ့ .. ဟေ့ ..မင်းက ကော … မင်းကလည်း အ၀ိုင်းလေးပဲ ..မင်းဘယ်သူလဲ”
သူတို့က ကျွန်တော်ကို တွေ့သွားတော့ မည်သူမည်ဝါဖြစ်ကြောင်း မေးလာပါသည်။
“ကျွန်တော်လား… ကျွန်တော်က သုညပါခင်ဗျ”
“ဟား ဟား …”
သူတို့တွေ ၀ိုင်းရယ်ကြပါသည်။
“ဟား ..ဟား .. သူ့ကိုယ်သူ သုညတဲ့ .. အရှေ့မှာဖြင့် အနုတ်လက္ခဏာကြီးနဲ့ ဟား ဟား …”


ဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝ


ကျွန်တော်သည် သုညတစ်လုံးဖြစ်ပါသည်။ ကျွန်တော်သည် အောင်ဝေး၏ သားအဖနှစ်ယောက်ပြောသော နာမည်မရှိသည့် ကြယ်ဖြစ်ပါသည်။ လူရိုး၏ အိမ်ပြန်ချိန်က တဲသေးလေးဖြစ်ပါသည်။ သုခမိန်လှိုင်၏ အရူးမောင်းနှင်လာသော လေယာဉ်ပျံပေါ်က ခုန်မချရဲသေးသူ ဖြစ်ပါသည်။ “ကံက ကံမကောင်းဘူး .. လမ်းက လမ်းပျောက်နေတယ်” ဟုဆိုသော သစ္စာနီ၏ သံသရာမှာ လည်နေသောသူ ဖြစ်ပါသည်။ ပိုင်းစိုးဝေ၏ မိဝင်းဖတ်ဖို့ကဗျာကို ကိုယ်နဲ့မဆိုင်ဘဲ ကြားဖြတ်ဖတ်ခဲ့သူ ဖြစ်ပါသည်။ တာရာမင်းဝေ၏ အရှေ့မြို့ရိုးမှာ မိုးရွာလာအောင် ကပြချင်သူလည်း ဖြစ်ပါသည်။ ကောက်နွယ်ကနောင်၏ ပဲခူးမြစ်အရှေ့ဘက်ဆီသို့မိုးအဖြစ်ရွာချင်သူလည်း ဖြစ်ပါသည်။
ကျွန်တော်သည် သုညတစ်လုံးဖြစ်ပါသည်။ ဗင်းဆင့်ရေးဆွဲခဲ့သော နေကြာပန်းများကြားမှာ ကျွန်တော်နေထိုင်ပါသည်။ အိုင်ဆက်နယူတန်၏ သုံးမြှောင့်ဖန်တုံးကြားထဲတွင် ကျွန်တော် ပျောက်ဆုံးသွားခဲ့ဖူးသည်။ ကျွန်တော်သည် ရော့ဘတ်ဘလီ၏ ကြောင်အိမ်ထဲက ကြောင်တစ်ကောင် ဖြစ်ပါသည်။ အမ်မွန်း၏ မနက်ခင်းများကို စားသုံးကာ ဂရီဂိုရီ ကော်ဆိုနှင့်အတူ မနေ့က ကားမောင်းနှင်ခဲ့သူ ဖြစ်ပါသည်။ ဘေလီကိုလင်၏ အလံဖြူများ လွှမ်းမိုးသွားသော နှင်းများကြားတွင် တကယ်တမ်း ပူလောင်ခဲ့သူဖြစ်ပါသည်။ မိုနာလီဇာ၏ အပြုံးများကို သံသယရှိသူဖြစ်ပါသည်။
ကျွန်တော်သည် သုညတစ်လုံးဖြစ်ပါသည်။
ကျွန်တော်သည် သုညတစ်လုံးဖြစ်ပါသည်။
ကျွန်တော်ဝိုင်းပါသည်။ ကျွန်တော်ဝိုင်းအောင်နေပါသည်။ ၀ိုင်းရင်းဝိုင်းရင်း ကျွန်တော်သည် ဆပ်ပြာပူပေါင်းတစ်ခု ဖြစ်သွားပါတော့သည်။


ဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝ


မြင့်မားသော တိုက်အိမ်တစ်လုံး။ ညနေဆည်းဆာ၏ ရှုပ်ထွေးလှသော လမ်းမကြီးဘေးတွင် ထိုမြင့်မားသော တိုက်အိမ်တစ်လုံးရှိခဲ့ပါသည်။ ထိုတိုက်အိမ်၏ အထပ်မြင့်တိုက်ခန်းတစ်ခု၏ ၀ရန်တာတွင်ကား ကလေးငယ်တစ်ယောက် ပေါ့ပါးစွာ ပျော်ရွှင်လို့ ကစားနေပါသည်။
ကလေးငယ်သည် ဆပ်ပြာရည်တို့ကို ကွင်းလေးတစ်ခုနှင့် စိမ်ကာ လေဖြင့် မှုတ်ထုတ်ကာ ဆပ်ပြာပူဖေါင်းလေးများထွက်လာအောင်လုပ်လျက် ကစားနေခဲ့ပါသည်။ အချို့ ဆပ်ပြာပူဖေါင်းကလေးများကား လေနှင့် အတူ လွှင့်ပါသွားကြ။ အချို့ပူပေါင်းလေးများက တစ်စက္ကန့်တောင် မခံ ပေါက်ကွဲသွားကြပြန်သည်။ အချို့က အောက်သို့ ကျကာ ကားများနှင့် ထိမှန် ပေါက်ကွဲလို့။ အချို့က မြေပြင်နှင့် ထိမှန် ပေါက်ကွဲကြ။ အချို့ လေထဲတွင်ပင် ပေါက်ကွဲသွား။ ကလေးငယ်ကတော့ ပျော်ရွင်လို့။ အဖြူထည် သက်သက်။
ကျွန်တော်သည် အနုတ်လက္ခဏာတပ်ခံရသော သုညဖြစ်ပါသည်။
သို့မဟုတ်
ကျွန်တော်သည် ဆပ်ပြာပူဖေါင်းငယ်တစ်ခုသာ ဖြစ်ပါသည်။


ရင်နင့်အောင်

0 အကြံပြု ထင်မြင်ချက်များ:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes