Friday, October 7, 2011

အမေ့ ထံသို့ စာလွှာ

နှင်းမှုန်ဝေ မှိုင်းပြပြညမှာပဲ
ရေစီးက လှိုင်းထန်
ငါက အိမ်မပြန်ဖြစ်ခဲ့ဘူး
အော် ……….
လွမ်းလိုက်တာ အမေရယ်။


ကြိုကြိုတင်တင် အလွတ်ကျက်ခဲ့တာပဲ ဒီကောင်
ခေတ်ဆိုတဲ့ဘောင်ထဲက စာမေးပွဲတွေထဲ
ဘာလို့များ အကြိမ်ကြိမ် လွဲမှားနေခဲ့လဲ
အမေ
အမေ့သား ဒီကောင် .. အဲလောက်လည်း မညံ့ပါဘူး
ယုံကြည်ပေးပါ ဒီတစ်ခါရယ်လို့
အကြိမ်ကြိမ်တောင်းပန်ခဲ့
ဗြောင်းဆန်နေတဲ့ အသိုင်းအ၀ိုင်းစားကျက်တွေထဲ
ကဲ … ဒီတစ်ခါလည်း ၀င်စားရဦးမယ်။


အမေ …
အချစ်မှာ မျက်စိမရှိတာ အမေသင်မပေးခဲ့တော့
သားမှာ မျက်မှန်တစ်လက် ၀ယ်ထားပါတယ် အမေ …


လွတ်ဆို လျှောထွက်ချင်ချင်ရယ်
ဘ၀နဲ့ ဘ၀င် တစ်ထပ်တည်းမကျ
ဘယ်ဘ၀ကတည်းက ငါ အ,လာခဲ့သလဲ
လေတံခွန်လေးလို မပေါ့ပါးနိုင်သရွေ့တော့
ချော့သွားပါဦး အမေ … နောက်တစ်ခါပေါ့လို့။


အမေ ..
အမေဆိုပြတဲ့ ပုခက်လွှဲမယ့် သီချင်းရယ်
အမေပွတ်သပ်ခဲ့တဲ့ အခွံပဲရှိတဲ့ ဦးခေါင်းရယ်
ကျွန်တော်လဲကျချိန်
လှမ်းစွဲရမယ့် အမေ့လက်တစ်စုံရယ်
သားလေ …
ရှုံးနှိမ့်ခြင်း မှတ်တိုင်မှာတော့ တစ်သက်လုံးမနေပါဘူး
ကဗျာဆရာ .. စာရေးဆရာ .. ရယ်လို့
လူတွင်လူကျယ် …
လူပေါ် လူညွှန့်ခူး …
အဲဒီအကျင့်လည်း မရှိခဲ့ဘူး …
ဒီအချိန်ဆို
အမေဟာ တရားတစ်ပုဒ်နဲ့ အေးချမ်းနေမယ်..
အဲလိုအမေ့ရဲ့သား … အရက်ဆိုင်မှာ မူးလဲမသွားရဘူး
အရိုးခံစိတ်နဲ့ လူတွေကို ဆက်ဆံ
ဖြူစင်ပွင့်လင်းစွာ စေတနာလည်း ထားရဲ့
ဖြေဆိုလိုက် ကျရှုံးလိုက်
အောင်မြင်လိုက် တစ်တန်းတက်လိုက်နဲ့
ခုထိတော့ ဒီကောင် ဘာကောင်လဲ … ဘာကောင်မှ မဟုတ်သေး
တစ်နေ့တော့ ဆိုတဲ့ အမေပေးတဲ့ မျှော်လင့်ချက်နောက်
လိုက်နေချင်သေးတဲ့ကောင်
အဲလိုကောင်ပါ အမေ..။


ကိုယ့်ကိုကိုယ်ပြန်ကိုက်ပစ်ချင်တဲ့
ကတ်ကြေးတစ်လက်လည်း တခါတရံ ဖြစ်ချင်ရဲ့
အမေ …
ဘ၀မှာ တစ်ဆစ်ချိုးအကွေ့
ဂငယ်ကွေ့
ဃကြီးကွေ့
ဘ၀ကြီးက မျိုးစုံကွေ့ခဲ့ရ
အသက်ကလေး သုံးဆယ်နား
မရပ်မနား ပြေးလွှားရ
ဘ၀တစ်ဝက်စာ ဖြတ်သန်းလေခဲ့
လှိုင်းတွေလည်းထန် ရင်သက်လှိုက်မော
ဇောချွေးတို့ပြန်
အဲချိန်ဆိုမှ အမေ့ကို အားကြီးသတိရ
သား ….
မှားများ .. မှားသွားသလား အမေ..။


အနုပညာတစ်ဝက် နည်းပညာတစ်ဝက်နဲ့ကောင်
လီယိုနာဒိုနဲ့လည်း မတူချင်ဘူး
ဘီလ်ဂိတ်နဲ့လည်း မတူချင်ပါဘူး
ဗင်းဆင့်နဲ့လည်း မတူချင်ပြန်ဘူး
ဘာဆို ဘာနဲ့မှ မတူချင်ပြန်ဘူး
အမေနဲ့တူလို့ မာနကြီးနေတဲ့ကောင်
အမေနဲ့မတူဘဲ အတ္တကြီးနေပြန်ရော
ဘယ်နေရာ ဘယ်လိုပုံစံနဲ့နေနေ
သားက အမေ့ လက်ဖ၀ါးလေးနဲ့သာ နေချင်သေးတဲ့ကောင်
………..
ကျေးဇူးပြုပြီး အမေ…
သားဆီကို အမေ့လက်ဖ၀ါး အွန်လိုင်းက ဂျီမေးလ်နဲ့ ပို့ပေးပါ
အွန်လိုင်းက ရာဟူးလ်မေးလ်နဲ့ ပို့ပေးပါ
အွန်လိုင်းက ပီဖင်းဂိုးနဲ့  ပို့ပေးပါ
ယူဆန့်အစ်နဲ့ ပို့ပေးပါ
ဖေ့စ်ဘွက်ခ်ထဲက ရှယ်ပေးပါ
မရရင် ဒီအိတ်ရှ်အယ်လ်နဲ့သာ
အမြန်ဆုံးပို့လိုက်ပါ
ဒီကောင်ကျတဲ့
ပါးပြင်ကမျက်ရည် ဘယ်လိုမှ သုတ်လို့မရတော့ဘူး
အမေ့လက်ဖ၀ါး……..
ရှိမှ ဖြစ်မှာ။


ရင်နင့်အောင်

0 အကြံပြု ထင်မြင်ချက်များ:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes