Friday, October 14, 2011

ကမ္ဘာဦး ညချမ်းများ၏ အလွန်........

              နေရောင် လရောင်တွေ ဝေးကွာတဲ့ အရပ်မှာ အိပ်မက်တို့ လူးလွန့်နေပြီ..။ နေ့ စွဲများ အဝေးသို့  ထွက်သွားပါ..။  ပုံရိပ်များနှင့် ခြောက်လှန့်တတ်သော  ကဝေ ပျိုတို့အားလည်း အလိုမရှိပါ..။ တိတ်ဆိတ်ခြင်းတွင် အခြား မည်သည့်အရာများ ပါဝင်ခဲ့သည်ဆိုတာကို မသိခြင်းသည် ရိုးသားမှုတစ်ခုသာဖြစ်ပါသည်..။ အချိန်တန်သည် ဆိုသော စကားကို သိပ်နားမလည်လှပါ..။ အချိန်သည် မည်သို့ တန်သွားသနည်း..။ ဘယ်လို တန်သွားသနည်း..။ တန်သည် ဆိုတာကကော ဘယ်လိုမျိုးပါလဲ..။
              ကျွန်တော့်အတွက် နေခြည်နွေးတစ်ခွက်သာ စွန့်ကြဲတော်မူပါ..။
              ပုံပြင်ထဲက သူရဲကောင်းလေးသည် ကျွန်တော်မဟုတ်ကြောင်း ရှင်းပြဖို့ လိုမည် မထင်ပါ...။ အားလုံးဇာတ်လိုက် ဟူသော ကဗျာစာအုပ်တစ်အုပ် ရှိပါသည်..။ အားလုံး ဇာတ်ပို့  ဟူသော နာကျင်စရာ ရုပ်ရှင် ဇာတ်ကားတစ်ကားရှိပါသည်..။ အားလုံး ဗီလိန် ဟူသော ထိတ်လန့်ဖွယ် အိပ်မက်များ ရှိပါသည်။  ယုံကြည်ခြင်း မြင်ပြင်တွင် အနာတရ ငှက်ငယ်တို့  နာကျည်းစွာပျံသန်းနေကြသည်..။ တစ်ချိန်ချိန်တွင် အရာအားလုံးသည် ပြီးဆုံးဖို့  ဆုံးဖြတ်ထားပြီး ဖြစ်ပါသည်..။
             ကျွန်တော့်အတွက် သစ္စာ ဟူသော စကားလုံးမပါသည့် အမှန်တရား တစ်ခု ကို ပြောကြားပေးပါ..။
             ဝေးခဲ့ပြီဟု ထင်မှတ်ခဲ့သော အရာများ လက်ဖ၀ါးထဲ ဆုပ်ကိုင်မိချိန်တွင် ကျွန်တော်တို့ ၏ စိတ်သည် အမှန်တကယ်ပျော်ရွှင်ခဲ့ပါသလား.။
မေးခွန်းမဟုတ်သော နှုတ်ဆက်စကားသက်သက်သာ ဖြစ်ပါသည်.။ စိုးရိမ်ပူပန်ခြင်း မဖြစ်ကြပါနှင့် .။ မေးခွန်းများ၏ ခြောက်လှန့် မှုကို အသားမကျနိုင်သော လူသားများသည် အစဉ်အမြဲ ကျောင်းသား လေးတွေသာ ဖြစ်နေပါမည် .။ မှားယွင်းရာ မှားယွင်းကြောင်း ရေးခြစ်ခဲ့သော ရေပေါ်မှ အရုပ်များ၏ အရိုင်းဆန်မှုကြောင့် တောင်စဉ်ခုနှစ်ထပ်တွင် မုန်တိုင်းတစ်ခု ကျရောက်သွားကြောင်း..။ အိပ်မက်များ၏ အမြင်ပျံ ဥာဉ်ဆိုးများကြောင့် ညများ နာမည်ပျက်ခဲ့ရကြောင်း..။ တစ်စုံတစ်ရာသည် တစ်စုံတစ်ရာ ဖြစ်ကြောင်း သက်သေပြ ဖို့  စကြာဝဠာသို့  အလည်အပတ်ခရီး ထွက်ခဲ့သည်..။
             ကျွန်တော့်အတွက် ပုံပြင်မဟုတ်သော ပုံပြင်တစ်ပုဒ် ဝေမျှတော်မူပါ..။ အိပ်စက်ခြင်းသည် နှိုးထခြင်းမှာ အဆုံးသတ်ကြောင်း ကျွန်တော် မယုံကြည်ပါ..။
              စိတ်စေတသိတ်တို့ ၏ သံမဏိဆန်မှုများကြောင့် ၀င်လေထွက်လေများ ဟစ်ဟော့တီလုံးများလို  ၀ုန်းဆန်နေခဲ့သည်မှာ လွန်ခဲ့သော ဆယ်စုနှစ်ကတည်းက ဖြစ်သည်..။ ပိုင်ဆိုင်လိုခြင်းသည် ချစ်စဖွယ်ကောင်းသော အတ္တတစ်ခုဖြစ်ကြောင်း ကျွန်တော်ပြောလျှင် လက်ခံပေးပါ..။ နောက်ဆုံးအချိန် ဟူသော အဆုံးသတ်တစ်ခုတွင် ကျွန်တော်တို့  ဘာကိုမှ မပိုင်ဆိုင်ရမှန်းသိသော်ငြားလည်း  ကျွန်တော်တို့  တစ်ခုခုကို  ရမ္မက်ကြီးစွာ ပိုင်ဆိုင်လိုခြင်းသည် မှားယွင်းမှု တစ်ခု    မဟုတ်ကြောင်း ကျွန်တော်အပါအ၀င် လူသား အားလုံး လက်ခံကြပြီး ဖြစ်သည်..။ လင်းလက်လိုစိတ်တစ်ခုတည်းနှင့်တော့  ညများကို အသက်တိုစေလိုခြင်းသည် ကလေးဆန်လွန်းသော စိတ်အမူအကျင့်တစ်ခုသာ ဖြစ်ပါသည်..။
            ကျွန်တော့်အတွက် စကားလုံးများ မ၀င်ရောက်နိုင်သော တေးချင်းတစ်ပုဒ် တီးခတ်တော်မူပါ..။
            ဘောင်များသည် မလိုအပ်ဘဲ ကမျဉ်းကြောထ ရေးဆွဲထားသော အရာများမဟုတ်..။
            တစ်ဦးတစ်ယောက်အတွက် လိုအပ်ခြင်းသည် တစ်ဦးတစ်ယောက်အတွက် အနှောက်အယှက်ဖြစ်နိုင်ကြောင်း  အားလုံးအသိ ဖြစ်ပါသည်။
            နီတိ ကျင့်ဝတ် နှင့် စည်းကမ်းများသည် နှစ်သက်သဘောကျစေရန် ပြုလုပ်ဖန်တီးထားသော ဖျော်ဖြေရေး အရာများမဟုတ်...။ လိုက်နာနိုင်သူများအတွက်သာ မွေးဖွားထားသော နွေဦးရာသီများသာ ဖြစ်ပါသည်...။
            ရင်ဘောင်တန်းရန်မလွယ်ကူပါက မျက်နှာချင်းဆိုင်လိုက်ကြပါ..။
            ကြယ်တာရာများ ကခုန်ကြပါလိမ့်မည်..။
            ကျွန်တော့်အတွက်.......။
            ကျွန်တော့်အတွက်...။
            ကျွန်တော့်အတွက်။

မိုးအိမ်လူ

0 အကြံပြု ထင်မြင်ချက်များ:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes