ကျွန်တော်နှင့် အရှိတရားမဲ့ သုည ...
သွားတိုက်ဆေးများဖြင့် လောကသည် လူတစ်ချို့ကို တိုက်ချွတ်ဆေးကြောဟန်ပြုပါသည်။ လူတို့ကလည်း သန့်ရှင်းသွားဟန်ဆောင်လိုက်ပါသည်။ ထိုသို့ဖြင့် ကျွန်တော်တို့၏ မနက်ခင်းများသည် မိုးချုပ်သွားခဲ့ပါသည်။
မေတ္တာတရားဖြင့် ပျံသန်းခြင်း
ညနေဆည်းဆာတစ်ခု၊ တိမ်တိုက်အချို့၊ နွေဦးရာသီ၊ ညောင်ပင်အိုနှင့် ကျွန်တော့်ကို တွေ့လျှင် သင်သည် စွန်လွှတ်နေသော လူတစ်ယောက်ဟု ထင်ကောင်းထင်နေပေလိမ့်မည်။
Friday, October 21, 2011
တစ်နေ့တာ
Friday, October 14, 2011
ခေါက်ဆွဲစားတဲ့ လိပ်ပြာ
ကဗျာဆရာထိုင်နေကျ
ချောင်ကျကျဆိုင်တစ်ဆိုင်ကို ရောက်လာပါကော။
အနီရောင် လိပ်ပြာမလေး
အတောင်ပံတွေ ဖျန့်ကား
ဈေးကွက်ကို မြှင့်တင်ဖို့လား
စကားတွေသွန်ချလာပေါ့။
အနီရောင် လိပ်ပြာမလေး
မျက်ခုံးနီ နှုတ်ခမ်းနီ
ပါးနီ ဆံပင်နီ
ညို့ဓါတ်အနီနဲ့ မျက်လုံးတွေအရောင်လဲ့
ခန္ဓာကိုယ် အချိုးစားပြေပြစ်စွာ
ကဗျာဆရာအနားရောက်လာ
အနီရောင် လိပ်ပြာမလေး
ကဗျာဆရာဟာ
အညံ့စား ပင်လယ်တစ်ခုမှာ လက်ပစ်ကူးမယ့်ကောင်
ဘာကြောင့်များ ငါကူးနေတဲ့ ရေပြင်တွေ ပြောင်းလဲပေးရမလဲ
အကြောင်းပြချက်လည်း မင်းကမပေးနိုင်
ကဗျာဆရာဟာ ခေါင်းမာပေမယ့်
အသည်းမမာလေတော့
အနီရောင် လိပ်ပြာမလေး
အင်း…………. မင်းကလှတော့ အလှသား။
အနီရောင် လိပ်ပြာမလေး
ငါတို့စကားလုံးတွေ မှောက်ကျခဲ့ပြန်
ငါတို့အကြည့်တွေ လောင်ကြွမ်းခဲ့ပြန်
ငါတို့ အပြုံးတွေ ဆူပွက်ခဲ့ပြန်
မင်းလိုတာ ငါပေးမယ်
ငါလိုတာ မင်းပေးရယ်လို့ အပေးယူလုပ်
အနီရောင် လိပ်ပြာမလေး
ကဲ
ငါတို့ မီးပိတ်ကြမလား။
(ဟာ .. မဖြစ်သေးဘူး)
အနီရောင် လိပ်ပြာမလေး
မင်းဟာ အတောင်ပံလေးတစ်ခုနဲ့
ခရီးတွေဆက်ဦးမယ်ဆိုပဲ
မင်းဟာ ငွေစလေးအသေးအဖွဲအတွက်
အလုပ်ကြမ်းလည်း လုပ်ခဲ့ဖူးရဲ့
၁၀ ပေပတ်လည် အိမ်ခန်းမှာ
မင်းလို လိပ်ပြာမလေး သုံးကောင်
ဘ၀ကို ဖြစ်သလိုနေ
ညသန်းခေါင်မှ အိပ်ပြန်ရောက်သတဲ့လား
အနီရောင် လိပ်ပြာမလေး
ငါ့အနားမှာ လာမ၀ဲနဲ့လေ
ကဗျာဆရာမှာ ပိုက်ဆံမရှိဘူး
ကဗျာဆရာမှာ ကားမရှိဘူး
ကဗျာဆရာမှာ ဖုန်းမရှိဘူး
ကဗျာဆရာမှာ နှလုံးသားတော့ရှိတယ်
ကဗျာဆရာဟာ ခံစားတတ်တယ်
ကဗျာဆရာဟာ လောင်ကြွမ်းတတ်တယ်
အနီရောင် လိပ်ပြာမလေး
မင်းလိုတယ်ဆို
ငါပန်းပင်မှာ လာနားလေကွယ်
ငါ့ဝတ်ရည်တွေ သောက်သုံးလေကွယ်
ဒီလောက်ပဲ ငါတတ်နိုင်တယ်ကွဲ့
အင်း.. ဘာပြောတယ်
အနီရောင် လိပ်ပြာမလေး
မင်းစားချင်တာ ခေါက်ဆွဲကြော်လား
အော်အေး စားလေကွယ်
ကဗျာဆရာရဲ့ နှစ်ရက်စာထမင်းဖိုးနဲ့
ခေါက်ဆွဲကြော်ဝယ်
လိပ်ပြာမလေး မင်းစားစေတော့
စားလေတော့ ………….
အပြန်မှာ
ကဗျာဆရာ အတော်မူးခဲ့ပေါ့။
ရင်နင့်အောင်
Posted in: ကဗျာဆန့်ကျင်ဘက်များ
ငါ မည်းနေခဲ့တာပါ ။
အလင်းတွေကို ရှူသွင်း
မှောင်ဇာတ်ခင်းနေတဲ့ အိပ်မက်တွေ
သန်းခေါင်ယံမှ နိုးထ
အိပ်ပြရုံနဲ့တော့
အိပ်ယာတွေ မကုန်ကြဘူး ။
ဒါဟာ အမှောင်သက်သက်ပါ
အတောင်ပံနဲ့ အလင်းတွေက ရီးလေးခို ...
ပြုံးလို့တော့မှ မရရင်
ငါဟာ အစိမ်းလိုက် ငိုကြွေး
အိပ်မက်ပွင့်တွေ မနိုးမချင်း
မျှော်လင့်ခြင်း စမ်းချောင်းတွေ
အလိပ်လိုက် ထွေးထုတ်ပစ်စမ်း ...။
ရင်နင့်အောင်
၂၀၀၃
Posted in: ကဗျာညနေခင်း ကဗျာ
ကိုယ်စဉ်းစားမိတာ ရိုးလွန်းခဲ့တယ်ကွယ်
ဒီလိုလေ....
ငှက်က ခရီးကိုတွေ့တော့ ပျံတယ်
ကားက ခရီးကိုတွေ့တော့ မောင်းနှင်တယ်ပေါ့
ငါးက ခရီးကိုတွေ့တော့ ကူးခတ်တယ်
ကဗျာဆရာက ခရီးကိုတွေ့တော့ လွယ်အိတ်ဆွဲကိုင်တယ်
ဒုံးပျံက ခရီးကိုတွေ့တော့ ကမ္ဘာပတ်တယ်
လူက ခရီးကိုတွေ့တော့ သက်ပြင်းချတယ်လို့
စဉ်းစားရင်း ဆန်းသစ်ချင်လာတာနဲ့
ကိုယ်က အတွဲလုံးလေးတွေ ကစားကြည့်လိုက်တာ
ငှက်က ကားနဲ့ ခရီးတွေကို မှောင်းနှင်ချိန်မှာ
ငါးက ဒုံးပျံဖက်လိုက်ပြီး ကူးခတ်မလို့
ကမ္ဘာက အရင်အတိုင်း ပုံမှန်မလည်နိုင်တော့
လူက သက်ပြင်းကို ခရီးအရှည်ကြီးလို ချရပြီကွယ်
ကဗျာဆရာက ဘယ်သူမှ မသိအောင် လွယ်အိတ်ထဲမှာ ပုန်းနေလိုက်ရော တဲ့ ...။
သြော် .. မိုးတောင် ချုပ်ပါပကော
ကိုယ် ဆန်းသစ်လိုက်တာ ကောင်းပါရဲ့လား ပြန်မတွေးတော့ဘဲ
အိမ်ပြန်မယ် နောက်အလှည့်မှာ
ဟိုး ရှေ့မှာ ကိုယ်ကို စောင့်နေတာ ခရီးရှည်ကြီးပါလား ...
ခရီးအရှည်ကြီး (၀ါ) အိမ်အပြန်ခရီးကို ကိုယ်တွေ့လေပြီကော ...
ကားနဲ့ ပျံသန်းမလား
ဒုံးပျံနဲ့ ကူးခတ်လေမလား
သြော် .. တကယ်တော့
ကိုယ်ဟာ တူတူပုန်းတမ်းကစားနေတဲ့ လူရယ်
ဒါပေမယ့် ဘယ်သူကမှ လိုက်မရှာကြပါလား
ကိုယ် ပုန်းနေတယ်ကွဲ့
လွယ်အိတ်ထဲမှာ
တစ်နည်း
စာအုပ်ထဲမှာ
ကိုယ် ပုန်းနေပါတယ်
တစ်နည်း
လောက သီအိုရီအချို့ထဲမှာ
တစ်နည်း
ကမ္ဘာရဲ့ တစ်နေရာမှာပေါ့
ကိုယ်ပုန်းနေပါတယ် အိမ်အပြန်ခရီးတွေရဲ့
ကိုယ့်ကို လာရှာပါတော့လား
ကိုယ့်ကို တွေ့အောင်ရှာပါရော့လား ..
ကိုယ်က ကမ္ဘာကိုသိအောင် အတိအလင်း မကြေငြာချင်ဘူး
ကိုယ်က ပုန်းနေတဲ့ကောင်
ဟဲ့ ... သြော် .... ကဲ ... မှောင်တောင် မှောင်ပါသကော
မဆန်းသစ်တော့ပါဘူးလေ
ဒါဟာ တစ်ခုသော ညနေက ကိုယ်တွေးမိတာလေးပေါ့ကွယ် ..။
ရင်နင့်အောင်
Posted in: ကဗျာဘ၀ကဗျာ
သီးပွင့်လာတာ အိပ်မက်အပိုဒ် ၂၈ရဲ့
အရေခွံကြီးတစ်ခု ဆိုပါလား ….
ဒီတစ်ခါလည်း ခွဲကြရဦးမယ် သမီးရေ …
ပြောင်းလဲမှုတွေနဲ့ တည်ငြိမ်ခဲ့တဲ့လောက
မတော်တဆ ခြေခွင်လဲကျသွားတဲ့ ကိုယ့်ကျင့်တရားမှာ
ရေမွှေးနဲ့ သင်းနေတဲ့ အစွန်းအထင်းတချို့နဲ့
ကဲ .. ကြားရတဲ့ သတင်းက လုံးဝမမြင်ရဘူး။
ခုဆို မြေကြီးကို ခဏတိုင်း မော့ကြည့်နေရပေမယ့်
ဘ၀က ပင်လယ်နံ့သင်းတဲ့ နာဂစ်တစ်ခုလို
လူမုန်းများခဲ့ပြီလေ
ဖြစ်ချင်တာတွေလည်း မုန့်လုံး စက္ကူကပ်လို့
မဖြစ်ချင်တာတွေလည်း မုန့်လုံးစက္ကူကပ်လို့
ဖြစ်လာတွေကလည်း မုန့်လုံးစက္ကူကပ်လို့
အသေးအဖွဲမာနတစ်ခုကြောင့် အကြီးအကျယ် ဒုက္ခရောက်ခဲ့ရ
ဒါသည်ပဲ ဒီကောင်က မသိဘူးလို့ ခေါင်းမာခဲ့တဲ့ကောင်
တောင်ပေါ်မှာ လာပေါက်နေတဲ့ မြစ်တစ်စင်း
မြစ်အောက်မှာ လာပွင့်နေတဲ့ တောင်
တောင်ခြေမှာ ငါ အတုံးအရုံး ကျရှုံးခဲ့ပါရဲ့
ကဲ .. ဖြစ်ချင်ရာ ဖြစ်စမ်း
ကမ္ဘာတောင် အရင်လို နှစ်ဆယ့်သုံး နှစ်ပိုင်းတစ်ပိုင်း အတိအကျ မလည်တော့ဘူး
ကဲဖြစ်ချင်ရာဖြစ်စမ်း
နေကို ပတ်နေတာတောင် ဂြိုလ်ရာမသွင်းခံရတဲ့ ပလူတိုဂြိုလ်တဲ့
ဘ၀မှာ ညတွေချည်းဖြစ်ခဲ့ရင်တောင်
ငါက မအိပ်လိုက်ရတဲ့ကောင်
ဒါတင်လား မဟုတ်ဘူး
ငါက သူများတကာ အိပ်ပျော်ဖို့ ဆိုတေးချော့ရတဲ့ကောင်
ဘ၀ကို နာကျည်းချင်ပေမယ့်
နာကျည်းဖို့တောင် အချိန်ကမရှိခဲ့ အင်အားက မရှိခဲ့လေတော့
ဒီညမှာ
လမင်းကလည်း ဒီရေတက်အောင် မလုပ်တော့ဘူး
ပင်လယ်က ငြိမ်သက်လို့
လှိုင်းတွေက ငြိမ်သက်လို့
သစ်ပင်တွေက ငြိမ်သက်လို့
သစ်ရွက်ခြောက်တွေက ငြိမ်သက်လို့
ခုန်နေတဲ့ ဒီရင်ခွင်မှာတော့
လွမ်းနေတာလေး တစ်ခုကလွဲရင်
အင်း ……………. သူလည်း .. ငြိမ်သက်လို့။
ရင်နင့်အောင်
Posted in: ကဗျာFriday, October 7, 2011
ဆောင်းခရီးရှည်
ဒီနေ့လည်း ဆောင်းတွင်းပဲ
နှင်းတွေမိုးမချုပ်သေးပါဘူး ...။
ကပိုကရီ ကျကျလာတဲ့ မနက်ခင်း
ခပ်ပြန့်ပြန့်လေး စီးဆင်းလာ
ပန်းတွေ အသင်္ချေ ပွင့်ကုန်ကြ
ဆောင်းဆိုတာ ဒါပါ
နှင်းနဲ့ တသားတည်းဆိုတဲ့ ကောင်
ယောင်ပြီးတော့တောင် မိုးမလင်းဘူး ။
နှင်းခါးရိုက်ခံရတဲ့ အိပ်မက်
ဖြန့်ကျက်ကောင်းကင် အပေါက်အပြဲ
အလဲလဲအကွဲကွဲ ခရာမှုတ်သံ ဆူညံ
တစ်သက်လုံး တောင်းမစားဘူးဆိုတဲ့ကောင်
ဒီနှင်းနဲ့ပဲ ကောင်းကင်မှာ ကျက်စား
အသားရေတွေ မာတင်းခဲ့ပုံက
ကောင်းကင်တွေပုပ်သိုး အနံ့ဆိုးတွေ လှိုင်ခဲ့ ။
ဒီလို လဲကျပုံမျိုးနဲ့တော့
ချော်လဲတယ် မပြောနိုင်ဘူး ...။
ဆူးနဲ့ ခင်းတဲ့လမ်း
ဒီလမ်းတွေ ကွေ့ကြပုံက
မိုးမမြင် လေမမြင်
သောင်တင်ကျန်ခဲ့တဲ့ အိပ်မက်အစအန
အစာဟောင်းတွေ ဘေးဖယ်
အစာသစ်တွေ ထည့်သွင်း
အနာဂတ်တွေထဲ
ဖြည့်ဆည်းသိမ်းကျူံးထည့်ဖို့ရာ
ခွန်အားတွေရှာ ...။
တ၀က်တပျက် အိပ်မက်
လန့်နိုးလာတဲ့ မနက်ခင်း
ဒီနေ့လည်း ဆောင်းတွင်းပဲ
နှင်းတွေမိုးမချုပ်သေးပါဘူး ...။
ရင်နင့်အောင်
Posted in: ကဗျာအမေ့ ထံသို့ စာလွှာ
ရေစီးက လှိုင်းထန်
ငါက အိမ်မပြန်ဖြစ်ခဲ့ဘူး
အော် ……….
လွမ်းလိုက်တာ အမေရယ်။
ကြိုကြိုတင်တင် အလွတ်ကျက်ခဲ့တာပဲ ဒီကောင်
ခေတ်ဆိုတဲ့ဘောင်ထဲက စာမေးပွဲတွေထဲ
ဘာလို့များ အကြိမ်ကြိမ် လွဲမှားနေခဲ့လဲ
အမေ
အမေ့သား ဒီကောင် .. အဲလောက်လည်း မညံ့ပါဘူး
ယုံကြည်ပေးပါ ဒီတစ်ခါရယ်လို့
အကြိမ်ကြိမ်တောင်းပန်ခဲ့
ဗြောင်းဆန်နေတဲ့ အသိုင်းအ၀ိုင်းစားကျက်တွေထဲ
ကဲ … ဒီတစ်ခါလည်း ၀င်စားရဦးမယ်။
အမေ …
အချစ်မှာ မျက်စိမရှိတာ အမေသင်မပေးခဲ့တော့
သားမှာ မျက်မှန်တစ်လက် ၀ယ်ထားပါတယ် အမေ …
လွတ်ဆို လျှောထွက်ချင်ချင်ရယ်
ဘ၀နဲ့ ဘ၀င် တစ်ထပ်တည်းမကျ
ဘယ်ဘ၀ကတည်းက ငါ အ,လာခဲ့သလဲ
လေတံခွန်လေးလို မပေါ့ပါးနိုင်သရွေ့တော့
ချော့သွားပါဦး အမေ … နောက်တစ်ခါပေါ့လို့။
အမေ ..
အမေဆိုပြတဲ့ ပုခက်လွှဲမယ့် သီချင်းရယ်
အမေပွတ်သပ်ခဲ့တဲ့ အခွံပဲရှိတဲ့ ဦးခေါင်းရယ်
ကျွန်တော်လဲကျချိန်
လှမ်းစွဲရမယ့် အမေ့လက်တစ်စုံရယ်
သားလေ …
ရှုံးနှိမ့်ခြင်း မှတ်တိုင်မှာတော့ တစ်သက်လုံးမနေပါဘူး
ကဗျာဆရာ .. စာရေးဆရာ .. ရယ်လို့
လူတွင်လူကျယ် …
လူပေါ် လူညွှန့်ခူး …
အဲဒီအကျင့်လည်း မရှိခဲ့ဘူး …
ဒီအချိန်ဆို
အမေဟာ တရားတစ်ပုဒ်နဲ့ အေးချမ်းနေမယ်..
အဲလိုအမေ့ရဲ့သား … အရက်ဆိုင်မှာ မူးလဲမသွားရဘူး
အရိုးခံစိတ်နဲ့ လူတွေကို ဆက်ဆံ
ဖြူစင်ပွင့်လင်းစွာ စေတနာလည်း ထားရဲ့
ဖြေဆိုလိုက် ကျရှုံးလိုက်
အောင်မြင်လိုက် တစ်တန်းတက်လိုက်နဲ့
ခုထိတော့ ဒီကောင် ဘာကောင်လဲ … ဘာကောင်မှ မဟုတ်သေး
တစ်နေ့တော့ ဆိုတဲ့ အမေပေးတဲ့ မျှော်လင့်ချက်နောက်
လိုက်နေချင်သေးတဲ့ကောင်
အဲလိုကောင်ပါ အမေ..။
ကိုယ့်ကိုကိုယ်ပြန်ကိုက်ပစ်ချင်တဲ့
ကတ်ကြေးတစ်လက်လည်း တခါတရံ ဖြစ်ချင်ရဲ့
အမေ …
ဘ၀မှာ တစ်ဆစ်ချိုးအကွေ့
ဂငယ်ကွေ့
ဃကြီးကွေ့
ဘ၀ကြီးက မျိုးစုံကွေ့ခဲ့ရ
အသက်ကလေး သုံးဆယ်နား
မရပ်မနား ပြေးလွှားရ
ဘ၀တစ်ဝက်စာ ဖြတ်သန်းလေခဲ့
လှိုင်းတွေလည်းထန် ရင်သက်လှိုက်မော
ဇောချွေးတို့ပြန်
အဲချိန်ဆိုမှ အမေ့ကို အားကြီးသတိရ
သား ….
မှားများ .. မှားသွားသလား အမေ..။
အနုပညာတစ်ဝက် နည်းပညာတစ်ဝက်နဲ့ကောင်
လီယိုနာဒိုနဲ့လည်း မတူချင်ဘူး
ဘီလ်ဂိတ်နဲ့လည်း မတူချင်ပါဘူး
ဗင်းဆင့်နဲ့လည်း မတူချင်ပြန်ဘူး
ဘာဆို ဘာနဲ့မှ မတူချင်ပြန်ဘူး
အမေနဲ့တူလို့ မာနကြီးနေတဲ့ကောင်
အမေနဲ့မတူဘဲ အတ္တကြီးနေပြန်ရော
ဘယ်နေရာ ဘယ်လိုပုံစံနဲ့နေနေ
သားက အမေ့ လက်ဖ၀ါးလေးနဲ့သာ နေချင်သေးတဲ့ကောင်
………..
ကျေးဇူးပြုပြီး အမေ…
သားဆီကို အမေ့လက်ဖ၀ါး အွန်လိုင်းက ဂျီမေးလ်နဲ့ ပို့ပေးပါ
အွန်လိုင်းက ရာဟူးလ်မေးလ်နဲ့ ပို့ပေးပါ
အွန်လိုင်းက ပီဖင်းဂိုးနဲ့ ပို့ပေးပါ
ယူဆန့်အစ်နဲ့ ပို့ပေးပါ
ဖေ့စ်ဘွက်ခ်ထဲက ရှယ်ပေးပါ
မရရင် ဒီအိတ်ရှ်အယ်လ်နဲ့သာ
အမြန်ဆုံးပို့လိုက်ပါ
ဒီကောင်ကျတဲ့
ပါးပြင်ကမျက်ရည် ဘယ်လိုမှ သုတ်လို့မရတော့ဘူး
အမေ့လက်ဖ၀ါး……..
ရှိမှ ဖြစ်မှာ။
ရင်နင့်အောင်
Posted in: ကဗျာအလင်းရှင်
အဖုအဆစ်တွေ ဒလဟော
သူက လွှင့်မျောလို့နေတုန်း။
၁၉၁၄ ဇွန်လ၊ ဖရန့်ဖာဒီနန်က စလိုက်တယ်လား
သူနဲ့အတူ
အမုန်းနဲ့ အာဃာတတွေလည်းစီးခဲ့သေးရဲ့ ... အချစ်နဲ့ ငြိမ်းချမ်းမှုတွေလည်းစီးခဲ့သေးရဲ့
ရန်သူတွေ သူ့မြေကို သိမ်းပိုက်လိုက်ကြတော့ သူက တောက်တစ်ချက်ခေါက်တယ်
သူ့အပေါ်ကို ဗုံးတွေလည်း ကျဲခဲ့ .. သူ့ကိုယ်ပေါ် ကျည်ဆန်တွေလည်း ထိမှန်ခဲ့
သူ့အသားတွေ တွန့်ကြေခဲ့ပြီ
သူက ထွက်မပြေးဘူး
သူ့မြေမှာ ရှင်သန်နေတုန်း
အလင်းရောင်တွေ မှောင်ပိတ်ခဲ့ရတဲ့ သူ့ကမ္ဘာ
သူဟာ အမိုက်ကိုလည်း သယ်ခဲ့သူ .... ရွှေထည်ထုကိုလည်း သယ်ခဲ့သူ
သူခန္ဓာကိုယ်ထဲ အလောင်းကောင်အပုပ်တွေလည်း အချို့ လွှင့်ချခဲ့ကြ ... အမိုက်နဲ့ မစင်တွေလည်း ပစ်ချခဲ့ကြ
လမ်းပိတ်နေလည်း သူကရအောင်ကွေ့ဝိုက်စီးဆင်းခဲ့
ဟီရိုရှီးမားမှာ အနုမြူဗုံးကျဲလိုက်လည်း သူက စီးဆင်းတုန်း
ပြင်သစ်က ဂျာမဏီကို လက်နက်ချ အညံ့ခံလိုက်ပြီလား
ဂျာမဏီက ရုရှားကို စစ်ကြေညာလိုက်ပြီလား
အာရပ်နဲ့ အစ္စရေး စစ်ဖြစ်ကြပြီလား
အမေရိကန်တို့ အီရတ်ကို စစ်တိုက်ကြပြီလား
သူကတော့ စီးဆင်းနေတုန်း
ကိုလိုနီ ဖက်ဆစ်ဝါဒီ ကွန်မြူနစ် ဆိုရှယ်လစ်ကနေ ဒီမိုကရေစီထိ
ခြေလျင် နွားလည်း လှေကနေ ကား သင်္ဘော ဒုန်ပျံတွေထိ
နယ်ချဲ့တွေ သူ့ကို သိမ်းတယ် .... ဖက်ဆစ်တွေ သူ့ကို အနိုင်ကျင့်တယ်
ကကြီးကနေ အ အထိ .. သုညကနေ အနန္တထိ
သူက စီးဆင်းနေတုန်း။
အမုန်းနှစ်များ .. စစ်သက္ကရာဇ်များစွာ
သူရှင်သန်နေတုန်း... စီးဆင်းနေတုန်း။
သူဟာ
ဓါးချင်းတူရင်တောင်
မုဆိုးရဲ့ ဓါးက ပစ်မှတ်ကို ထိဖို့
မျက်လှည့်ဆရာရဲ့ ဓါးက ပစ်မှတ်ကို မထိဖို့
တစ်ဖက်က အလင်းကို သိချင်ရင် တစ်ဖက်က အမှောင်ချဖို့ လိုခဲ့ပြီ လို့
သူက စီးဆင်းခဲ့ပြီ ….။
ငါတို့ဟာ
အမှောင်ခန်းမှာ .. စာအုပ်ကို ဖတ်ဖို့
အခြားစာအုပ်တစ်အုပ်ကို မီးရှို့လို့ အလင်းရှာခဲ့ကြ
သူဟာ လူတွေအတွက် လိုအပ်လာတဲ့အခါ
စာအုပ်တစ်အုပ်လို မီးရှို့ခံရမယ်ဆိုလည်း
အင်း …
သူက စီးဆင်းနေတုန်းပါ။
ရင်နင့်အောင်
Posted in: ကဗျာWednesday, October 5, 2011
အမှားများ
အမှားတွေက
မိုးလိုရွာနေတော့
ကမ္ဘာကြီးတောင် စာမေးပွဲကျသွားတယ် ….
အရာရာကို ထင်ထင်ရှားရှားမြင်ရဖို့
သင်ခန်းစာတွေကို လှေခါးလုပ်တက်ခဲ့ပေမယ့်
ခုချိန်ထိလမ်းမလျှောက်တတ်သေးဘူး ….
ကြားခဲ့ရတဲ့ ပုံပြင်ထဲမှာတော့ ….
နောင်တနဲ့ …အမှန်တရားဟာ ရေပန်းအစားဆုံးဖြစ်ခဲ့တယ် ….
အတ္တနဲ့ ငွေကြေးဟာ … အသိမ်မွေ့ဆုံးဖြစ်ခဲ့တယ် …
အချစ်ဆိုတာ .. တစ်စုံတစ်ယောက်အတွက် … ငိုကြွေးခြင်းဖြစ်ခဲ့တယ် …
မေးခွန်းတွေမှားနေတဲ့ စာမေးပွဲဟာ …
ကျောင်းသားကို ကျောင်းသားလို့ .. သဘောမထားခဲ့ဘူး ..
လူဆိုတာ …
ယုံကြည်ချက်နဲ့ … စိတ်ကစားမှုနဲ့ …
မာနနဲ့ .. အရှုံးပေးခြင်းနဲ့ ….
ဘယ်လိုစာမေးပွဲမဆို .. ငါတို့ .. ၀င်ဖြေကြတာပေါ့ ……..။
ကျရှုံးခဲ့သော ဘ၀စာမေးပွဲများ အမှတ်တရ ..
-
စာဖတ်သူရော အမှားတွေအများကြီးလုပ်နေတုန်းပဲလား - တကယ်တမ်းကျတော့ - အဖြေကမှားတာလား .. မေးခွန်းကမှားတာလားဆိုတာ ကျွန်တော်တို့ ပြန်စစ်ဆေးသင့်ပြီထင်တယ် -
အခန်း - ၂
ရင်ခုန်သံသက်သက်နဲ့ ခင်းကျင်းခဲ့ပေမယ့်
အပေါက်အပြဲနဲ့ ခါးဝတ်ပုဆိုးလို
ဇာတ်ခုံပေါ်မှာ
ငါ … ဟန်ချက်တွေပျက်ခဲ့ပေါ့ ..။
အေးလိုက်ပူလိုက်နဲ့ကွာငါ့ရင်ဘက်က ညည်းငြူတယ် …
တကယ်ဆိုအဆိပ်တွေ သောက်ခဲ့ပြီးမှ
နောင်တရခဲ့သလိုမျိုးပရိတ်သတ်ရှေ့မှာ
ငါ.. ကိုယိုကားယားရယ်ပါ …။ငိုမျက်ရည်စိုရွဲနစ်နေတဲ့ ညက အပြန်
ငါ့လက်ထဲကနေတစ်စင်း ….
လွတ်ကျကွဲ .... လို့ …ငါ…
ငိုလိုက် ရယ်လိုက်ထခုန်လိုက် …နဲ့
နောက်ဆုံးတော့ ..ငါကန့်လန့်ကာ တစ်ခုရဲ့ နောက်ကွယ်မှာ
တိတ်တိတ်လေး …အိပ်စက်ချင်သူပါ ..။------------------
ကိုယ့်အမှားကိုယ် ဖုန်းဖိထားရင်းပဲ ... ပုဆိုးအပေါက်ကို ဖုန်းဖို့ လှည့်ဝတ်နေရသလို ကိုးယို့ကားယားနဲ့လေ -
မြင်ကြည့်စမ်းပါ - ဘယ်လိုပုံကြီးလဲဆိုတာ -
ကဲခင်များရော -
Posted in: ကဗျာ




11:06 AM
ရင်နင်အောင်

