Friday, October 21, 2011

တစ်နေ့တာ


သူငယ်တန်း ဦးနှောက်နဲ့ ဘ၀ ခေါက်ရိုးရာဖြေဖို့
အမူးလွန်နေတဲ့ မျက်မှန်ကို တပ်ဆင်ကာရှာဖွေဦး….။
ဘေးကြပ်နံကြပ် ဒုက္ခတွေကြား
အပြောင်းအလဲများနဲ့ တည်မြဲလိုက်စဉ်
တစ်ခါသုံး စိတ်ဓါတ်နဲ့ စေတနာထားကြပုံများ
လောကကြီးကိုက မတရားဘူး
လူကူးမျဉ်းကြားဆွဲနေတဲ့ ငါ့ကိုမှ
ကားနဲ့ ၀င်တိုက်ရတယ်လို့
နေအ၀င်မှာ ကမ္ဘာက မှောင်ပေးလိုက်ပြီ။

ရင်နင့်အောင်

Monday, October 17, 2011

မြန်မာ

မြန်မာ။ ကျွန်တော် ခုတလောတွေးနေတာလေးပါ။ မြန်မာ။

မြောက်ဘက်အစွန်းမှာ ကချင်ပြည်နယ်တဲ့။ ကချင်တောင်တန်းကြီးတွေမှာ ရေခဲတောင်တွေရှိတယ်။ ရေခဲတောင်ဆိုတာ နိုင်ငံတိုင်းမှာ ရှိတာမဟုတ်။ တောကြီးတွေ။ တောင်ကြီးတွေ။ စိမ်းလန်းတဲ့ ရေ၊မြေသဘာဝတွေနဲ့။ အော်… ဒါဟာ ငါတို့ မြန်မာ။
အနောက်ဘက်မှာ ချင်းပြည်နယ်။ တောတောင်ရေမြေ အေးချမ်းတဲ့ ပြည်နယ်တစ်ခု။ သဘာဝတရားကို စားသုံးနေကြတဲ့ လူမျိုးတွေရယ်လို့ တင်စားလိုက်ချင်။ အော် .. ဒါလည်း ငါတို့ မြန်မာ။
အရှေ့ကို ကြည့်ပြန်လေတော့ ရှမ်းရိုးမရဲ့ ချစ်စရာကောင်းတဲ့ အိုးစည်သံတွေကြား အင်းလေးကိုတောင် ကျွန်တော်လွမ်းရပြန်ရောလေ။ ရှမ်းထမင်းချဉ်နဲ့ ရှမ်းတို့ဟူးနွေးနွေးကိုစားလို့ ရှမ်းဈေးညရဲ့ မှိုင်းပြပြကောင်းကင်မှာ ငယ်ငယ်က အဖေနဲ့ ရှမ်းပြည်ကို လိုက်သွားဖူးတဲ့ အတိတ်တွေက ခုတော့ ခပ်ဝါးဝါး။ အော် .. ဒါလည်း ငါတို့မြန်မာ။
တောင်ဘက်အစွန်းက တို့နိုင်ငံရဲ့ အမြီးဖျားလေးမှာကော။ မြိတ်၊ ထားဝယ်၊ ကော့သောင်း။ ပင်လယ်ရေတွေ ၀ိုင်းထားတဲ့ ကျွန်းလေးတွေ။ ပွင့်လင်းဖြူစင်တဲ့ စရိုက်တွေနဲ့ မလုပ်ဘူးကို မလုပ်ပြီလို့ ပြောကြတဲ့ မြိတ်သူ မြိတ်သားများ။ အော် .. ဘယ်လိုပဲပြောပြော ဒါလည်းငါတို့ မြန်မာ။
သယံဇာတ ပေါတဲ့မြေ။ ရွှေ၊ ငွေ၊ ကျောက်သံ၊ ပတ္တမြား အစုံထွက်တဲ့ မြေ။ ဒါတင်လား။ ရေနံ၊ သဘာဝဓါတ်ငွေ့၊ ခဲမဖြူ တွင်းထွက်ပစ္စည်းအစုံအလင်နဲ့။ တူးချင်သလိုတူး ရေမရှားလေဘူး။ စိုက်ပျိုးရေးလုပ်ဦးမလား။ စပါး၊ ပြောင်း၊ သီးနှံ၊ ၀ါး၊ ပဲ၊ နှမ်း၊ ရာဘာပင်က အစ ကျွန်းပင်ကြီးတွေထိ ကြိုက်တာစိုက်၊ အကုန်ရတယ်။ အဲဒါ မြန်မာ။
မေခ၊ မလိခက ပေါင်းစည်းလိုက်တဲ့ မြစ်တစ်စင်း။ ဧရာဝတီတဲ့။ နိုင်ငံရဲ့ သုံးပုံ နှစ်ပုံခွဲလောက် ရှည်လျားလေတဲ့ မြစ်။ နိုင်ငံရဲ့ မြောက်ဘက်အစွန်းကစ၊ ဧရာဝတီတိုင်းအထိ သူက စီးဆင်းခဲ့တယ်။ အဲလို ရှည်လျားတဲ့ မြစ်မျိုး၊ ကိုယ့်နိုင်ငံကစ ကိုယ့်နိုင်ငံမှာ ဆုံးတဲ့ မြစ်မျိုး၊ နိုင်ငံတိုင်းမှာ မရှိနိုင်ဘူး။ ဧရာဝတီ။ ဒါလည်း ငါတို့ မြန်မာ။
လှည်းဝင်ရိုးသံ တညံညံ၊ ဖုန်ထူ နေပူကြီးထဲမှာပဲ ရင်ကို အေးခြမ်းစေတဲ့ မြင်ကွင်းက ဆန်းကြယ်နေပေါ့။ အရှေ့၊ အနောက်၊ တောင်၊ မြောက် တောတောင် တွေဝိုင်းရံကားပေးထားတဲ့ အလယ်ပိုင်းမှာတော့ မြန်မာရဲ့ အထင်ကရနေရာတစ်ခု။ ဗုဒ္ဓဘာသာဝင်တွေရဲ့ အမြတ်တနိုး တန်ဖိုးထားရာ နေရာ။ ပုဂံတဲ့။ အင်း..ဒါလည်း ငါတို့မြန်မာပေါ့။
မြန်မာ။ သမိုင်းခေတ်အဆက်ဆက် သူဖြတ်ကျော်လာခဲ့တယ်။ သက်ဦးစံပိုင်ကနေ ဒီနေ့ ဒီမိုကရေစီအထိ။ သူက စိမ်းလန်းပေးထားတယ်။ အေးခြမ်းပေးထားတယ်။ နွေးထွေးပေးထားတယ်။ မြင့်တဲ့ နေရာ မြင့်၊ နှိမ့်တဲ့ နေရာ နှိမ့်၊ ရေမြေသဘာဝနဲ့၊ သယံဇာတနဲ့။ ငါတို့ နေလာတယ် မြန်မာမှာ။ အော်။ မြန်မာ။
အင်္ဂလိပ်က သိမ်းဖူးတယ်။ ဂျပန်က သိမ်းဖူးတယ်။ လွတ်လပ်ရေးကို တိုက်ပွဲတိုက် ပြန်လည်ရယူခဲ့ကြတယ်။ ဗုံးကျဲခံ၊ သေနတ်မှန်၊ ငလျင်လုပ်၊ မုန်တိုင်းတိုက်၊ ဘာတွေပဲဖြစ်ခဲ့ ဖြစ်ခဲ့ သူဟာ ပြန်လည် ရုန်းကန်နိုးထ ရှင်သန်ခဲ့တယ်။ ခုထိ။ လောဘကြောင့် ဖြစ်တဲ့ တိုက်ပွဲများ၊ အမုန်းကြောင့် ဖြစ်တဲ့ တိုက်ပွဲများ၊ သဘောထားချင်း ကွဲပြားခဲ့ကြတဲ့ တိုက်ပွဲများ၊ ဘယ်လောက်တောင်များခဲ့ ပြီလဲ။ မြန်မာမှာ။
ငွေနဲ့ ၀ယ်ယူလို့ မရတဲ့ ငြိမ်းချမ်းရေး။ အတုအယောင်လုပ်ယူလို့ မရတဲ့ လွတ်လပ်ရေး။ အုပ်ချုပ်သူ အုပ်ချုပ်၊ စီမံသူ စီမံကြ။ နောက်လိုက်သူ လိုက်။ ငြင်းဆန်သူ ငြင်းဆန်ကြဦး။ မြန်မာ။ ခုထိ လွတ်လပ်ဖို့ ကြိုးစားသူ ကြိုးစားကြတုန်း။ အရှေ့တောင် အာရှမှာတောင် အရာရာ သူနောက်ဆုံးက ဖြစ်ခဲ့ပြီ။ တီထွင်သူလည်း မရှိ။ ဖန်တီးသူလည်း မရှိ။ ဘ၀ကို ဖြစ်သလိုနေမယ့်လူတွေသာ ပေါ။ တစ်နေ့တာ စားသောက်ဖို့တောင် မလွယ်ကြတဲ့ ဘ၀တွေ။ လမ်းဘေးက ကိုယ်လက်အင်္ဂါမဲ့ တောင်းစားနေသူများ။ အမိမဲ့ အဘမဲ့ သားသမီးတွေ။ မွေးပြီး စွန့်ပစ်ခဲ့ကြတဲ့ မိဘတွေ။ အစွန့်ပစ်ခံ သားသမီးများ။ လမ်းဘေးမှာ သေသူသေ၊ အိပ်သူအိပ်။ ပိုင်ရှင်မဲ့ စိတ္တဇဝေဒနာရှင်တွေ။ ဟာ။ အဲလို ဘ၀တွေ မြန်မာမှာ အများကြီးရှိနေတယ်လေ။
ပြင်ဦးလွင်မြို့လို အေးချမ်းတဲ့ မြို့လေးရှိသလို ရန်ကုန်လို မြို့ကြီးပြကြီးလည်း ရှိလေတဲ့ မြန်မာ။ တူးပို့ တူးပို့ သင်္ကြန်ပွဲကနေ တန်ဆောင်တိုင်ပွဲ၊ သီတင်းကျွတ်ပွဲ၊ ၀ါဆိုပွဲ၊ ဘုရားပွဲထိ ပွဲလန်းသဘင်ပေါလေတဲ့ မြန်မာ။ ဗမာ၊ တရုတ်၊ ကုလား၊ တိုင်းရင်းသားပေါင်းစုံ နေကြလေတဲ့ မြန်မာ။ နုံအခြင်းနဲ့ ရိုးသားခြင်းကို သိပ်မကွဲပြားကြတဲ့ မြန်မာ။ ပွင့်လင်းဖြူစင်တဲ့ တိုင်းရင်းသားတွေတော့ ရှိပါရဲ့။ ဟန်ဆောင်ခြင်းတွေနဲ့ မြို့ပြတွေက ဘာတွေကို ဝေမျှကြမလို့လဲ။ မြန်မာ။
ဘုန်းတော်ကြီးသင် ပညာရေးက အစပြုခဲ့တဲ့ မြန်မာ။ ကိုလိုနီ ပညာရေး၊ ပြည်တော်သာ ပညာရေး၊ တော်လှန်ရေးကောင်စီခေတ် ပညာရေး၊ ဆိုရှယ်လစ်ခေတ် ပညာရေး၊ ကမ္ဘာအဆင့်မှီ ပညာရေးရယ်လို့ တို့တွေ သင်ကြားခဲ့ကြ။ စာသင်ကျောင်းက ခေါင်းလောင်းသံနဲ့ ငါတို့မြန်မာ။ ခုချိန်ထိတော့ ပညာတတ်တွေ ပညာသိတွေ ရှားပါးနေကြသေး။ ပညာမဲ့တွေ၊ အတန်းပညာမတတ်နိုင်ကြတဲ့ ကလေးသူငယ်တွေ။ လူကြီးတွေနဲ့။ အော်.. မြန်မာ။
မြန်မာ။ ခံစားသူ ခံစား။ ဆုံးဖြတ်သူ ဆုံးဖြတ်။ ဆန့်ကျင်သူ ဆန့်ကျင်။ ဆန္ဒပြသူ ပြကြဦး။ စနစ်သစ်တွေ ဟောင်းသွားကာ နောက်ထပ် စနစ်သစ်တွေ ရေးကြဦး။ နည်းပညာတွေ၊ ငွေကြေးတွေ၊ လူနေထိုင်မှု အဆင့်အတန်းတွေ။ လိုက်ကြဦး။ အမှီလိုက်ကြဦး။ ခေါင်းပုံဖြတ်သူဖြတ်။ အားပေးသူ အားပေး။ ကူညီသူ ကူညီ။ အဂတိလိုက်စားသူ လိုက်စား။ ထိန်းသူ ထိန်း။ လွတ်သူ လွတ်။
မြန်မာ။ စတုရန်း မိုင်ပေါင်း နှစ်သိန်းခြောက်သောင်း တစ်ထောင့်ကိုးရာ ခုနှစ်ဆယ် အကျယ်အ၀န်းပေါ်မှာ လူဦးရေ သန်းပေါင်း ခြောက်ဆယ်လောက် နေကြတဲ့ နိုင်ငံ။ ပြည်နယ်နှင့် တိုင်း ဆယ့်ငါးခုမှာ လူမျိုးပေါင်း တစ်ရာကျော်နေကြတဲ့ နိုင်ငံ။
သမိုင်းတွေ ရေးကြဦး။ တစ်ခါ သမိုင်းတွေ ပြန်ဖတ်ကြဦး။ မြန်မာ။ အမျိုးသားပြန်လည် ရင်ကြားစေ့ကြဦး။ ရန်တွေဖြစ်ကြဦး။ ရိုးရာအမွေအနှစ်တွေ၊ သမိုင်းဝင် ကျောက်စာတွေ။ မင်းသမီးတစ်ယောက်ရဲ့ ကကွက်တွေ။ ဆောင်းတီးသံ၊ ဗုံသံ၊ တယောသံ၊ မယ်ဒလင်သံတွေနဲ့။ မြန်မာ။ ခေတ်ကို မမှီပေမယ့် ခေတ်ကို ကျော်သူ ကျော်ကြ။ ရောက်လာသူ၊ ကျောခိုင်းသွားသူ။ ပေါင်းစည်းသူ၊ လမ်းခွဲသူတွေနဲ့။ ရိုးသားသူ ရိုးသားကြဦး။ ကလိမ်ကကျစ်ကျသူ ကျဦး။ ပြောင်းလဲရေး၊ ပြောင်းလဲရေးလို့ အော်ဟစ်နေကြတုန်း။ ခေတ်စနစ်အသစ်တွေနဲ့ ရုန်းထလှုပ်ရှားကြဦး။ မြန်မာ။
မြန်မာ။ မပြီးသေးတဲ့ ပန်းချီးကားကို ဆက်ရေးကြဦး။ တစ်ယောက်တစ်မျိုး မရိုးအောင် ရေးကြဦး။ သဘောထားတွေ လွတ်လပ်စွာ ကွဲလွဲကြဦး။ ဖြူဖတ်ဖတ် အတိတ်၊ အညိုရောင် ပစ္စုပါန်ကနေ၊ အရောင်စုံ အနာဂတ်တွေဆီသို့ ဦးတည်လျက် …………… ။

 ရင်နင့်အောင်

မြန်မာတွေ မေးခွန်းများ မေးကြပါ

by ရင်နင့်အောင် on Monday, 17 October 2011 at 09:24
 
 
“မေးခွန်းတွေမေးပါ။ မေးခွန်းတွေ မေးကြပါ။ မေးပြီးရင် ဖြေကြပါ။ မေးမည့်သူ မရှိလျှင် ကိုယ့်ဘာသာ မေးပြီး ကိုယ့်ဘာသာ ပြန်ဖြေကြပါ”
ကျွန်တော်တို့တတွေ မေးခွန်းတွေမေးကြဖို့လိုပြီ။ ဒီတော့ ကျွန်တော်မေးပြီ။ ဖြေချင်သူများ ဖြေကြပါ။

အောက်ပါမေးခွန်းများအား ဖြေဆိုပါ။
၁။ ခင်ဗျားမကြိုက်ဆုံး အမူအကျင့် (၃)ခုကို ပြောပါ။
၂။ ခင်ဗျားရဲ့ ပတ်ဝန်းကျင်ဆိုတာ ဘယ်လောက်ကျယ်ဝန်းပါသလဲ။
၃။ နာဂစ်ဖြစ်တုန်းက သွပ်ပြားဈေးတွေတက်ခဲ့တာ တရားမျှတပါသလား။
၎။ လက်ရှိအစိုးရကို လက်ခံယုံကြည်ပါသလား။
၅။ မြန်မာနိုင်ငံသည် ကမ္ဘာအဆင်းရဲဆုံးနိုင်ငံ ဖြစ်နေသည်ကို ပြောင်းလဲပစ်ဖို့ သင်ကြိုးစားမည်လား။
၆။ ပြုပြင်ပြောင်းလဲရေးဆိုပြီး မြန်မာနိုင်ငံကြီး ကြိုးစားနေချိန်တွင် ခင်ဗျားက ဘာလုပ်ချင်သလဲ။
မေးခွန်း (၆)ခု မေးလိုက်ပါပြီ။

မေးခွန်းများသည် လူ့ဘ၀အတွက် ပညာရေးဖြစ်သည်။ ကလေးဘ၀ကတည်းက စတင်လာခဲ့သည့် ပညာရေးသည် မေးခွန်းမေးခြင်းဖြင့် ဖြစ်သည်။
“ဖေဖေ အဲဒါ ဘာလဲဟင်”
“မေမေ ဒါကို ဘယ်လိုလုပ်တာလဲဟင်”
“ဦးဦး လေယာဉ်ပျံက ဘယ်လိုပျံတာလဲ”
ကျွန်တော်တို့ မေးခွန်းများဖြင့် ရှင်သန်ကြီးထွားခဲ့ကြပါသည်။ မေးခွန်းများသည် လူဘ၀တစ်လျှောက်လုံး၏ ပညာရေးဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်မှု (improvement) ဖြစ်သည်။
ဟုတ်ပါသည်။ ကျွန်တော်တို့တတွေသည် မေးခွန်းများဖြင့် ကလေးဘ၀ကို ဖြတ်သန်းရင်း ကျောင်းပညာရေးသို့ ရောက်ကြသောအခါ မေးခွန်းများသည် တစ်စတစ်စ လျော့နည်းလာသည်ဟု ကျွန်တော်မြင်မိလာသည်။ ကျွန်တော်တို့သည် ကျောင်းပညာရေးကို စတက်လိုက်တာနှင့် မေးခွန်းမေးလို့ သိပ်မရတော့။ ကျွန်တော်တို့သည် သူများမေးတာကိုသာ ဖြေရသူများဖြစ်လာကြသည်။ သူများမေးသော မေးခွန်းများသည်လည်း အနှစ်သာရ သိပ်မရှိလှ။ တစ်နှင့် တစ်ပေါင်း နှစ်ရကြောင်း ကျွန်တော် သူငယ်တန်းဘ၀က ဖြေဆိုနိုင်ခဲ့သော်လည်း လေးတန်းကျောင်းသားဘ၀မှ တစ်နှင့် တစ်ပေါင်း ဘာကြောင့် နှစ်ရကြောင်း အကျယ်တ၀င့် သိလာခဲ့ပါသည်။ ဟုတ်ပါသည်။ ကျွန်တော်တို့ မေးခွန်းမမေးဖြစ်တော့ပါ။ သူများမေးတာကို လိုက်လံဖြေဆိုနေကြရသည်။
ထိုသို့ဖြင့် ကျွန်တော်သည် မူလတန်း၊ အလယ်တန်း၊ အထက်တန်းထိ ဖြေဆိုအောင်မြင်ခဲ့ပါသည်။ ထို့နောက် ဘာမှန်းမသိသော ကွန်ပျူတာတက္ကသိုလ်သို့ တက်ရောက်ခဲ့ပါသည်။ တက္ကသိုလ်တွင်လည်း ထိုနည်းတူ ကျွန်တော်မေးခွန်းမေးခွင့်မရပါ။ ကျွန်တော်သည် ဖြေဆိုရမည့်သူ သက်သက်သာ ဖြစ်ခဲ့ပါသည်။ ကွန်ပျူတာ တက္ကသိုလ်က Software Engineering ကို သင်ပေးပါသည်။ Data Structure ကို သင်ပါသည်။ Programming Logic များသင်ပါသည်။ ကျွန်တော်ဖြေဆိုအောင်မြင်ပါသည်။ သို့သော် ကျွန်တော် ထိုအရာများကို ဘယ်နေရာတွင် အသုံးချရမှန်းမသိခဲ့ပါ။ မေးလည်း မမေးဖြစ်ခဲ့ပါ။ ကျွန်တော်သည် မေးခွန်းနှင့် မဆိုင်သူဖြစ်လာခဲ့ပါသည်။
အတန်းပညာများဆုံးသောအခါ ကျွန်တော် လုပ်ငန်းခွင်သို့ရောက်ခဲ့ပါသည်။ လုပ်ငန်းခွင်တွင်လည်း ကျွန်တော့်နည်းတူ လူတို့သည် မေးခွန်းမမေးကြတော့။ ဖြေဆိုသူများသာ ဖြစ်နေခဲ့ပါသည်။ အခု ပြန်စဉ်းစားကြည့်လိုက်သောအခါ အလွန်နှမျောဖို့ကောင်းပါသည်။ ကျွန်တော်တို့ မေးခွန်းများ မေးသင့်ပါလျက် မမေးခဲ့ကြပါ။

သူများမေးသမျှကို ဖြေဆိုရင်းဖြင့် ကျွန်တော် ကြီးပြင်းလာသောအခါ ကျွန်တော်သည် မေးခွန်းမေးရမှာကိုပင် ကြောက်ရွံ့လာခဲ့ပါသည်။ တနည်း မေးခွန်းများနှင့် ကျွန်တော်သည် စိမ်းကားလာပါသည်။ ကျွန်တော်တို့သည် မေးခွန်းများဖြင့် ကလေးဘ၀ကို ဖြတ်ကျော်ခဲ့သော်လည်း အရွယ်ရောက်လာသည်နှင့် အမျှ မေးခွန်းများနှင့် ဝေးကွာလာကြပါသည်။ (ဝေးကွာလာကြသည်ဟု ထင်မိပါသည်)။
တကယ်တော့ ကျွန်တော်တို့မှားယွင်းခဲ့ကြပါသည်။ ကျွန်တော်တို့၏ ပညာရေးနည်းစနစ်များလည်း မှားယွင်းခဲ့၊ မှားယွင်းနေဆဲဟု ထင်မိပါသည်။ အရာရာတွင် အချိန်တိုင်းတွင် မေးခွန်းများ ရှိသင့်ပါသည်။ ကျွန်တော်တို့ မေးကြရပါမည်။ မေးပြီးလျှင် အားလုံးဝိုင်းဝန်း စဉ်းစား အဖြေရှာကြရပါမည်။
Critical Thinking ဆိုသော ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်းသည် မေးခွန်းများမေးမှသာ ရပါမည်။ မေးခွန်းများကို မကြောက်ကြပါနှင့်။ ကျွန်တော်တို့ ကြောက်ခဲ့ကြသော အကြောင်းမှာ ကျွန်တော်တို့သည် အမြဲလိုလို သူများမေးခွန်းကို ချည်း ဖြေဆိုခဲ့ကြ၍ ထင်ပါသည်။ ဒီနေ့မှ စ၍ ကျွန်တော်တို့တွေသည် ကိုယ်တိုင်မေးခွန်းထုတ်ကြရမည်။ တစ်ယောက်တစ်လှည့် မေးခွန်းထုတ်ကြရမည်။ ထုတ်လိုက်သော မေးခွန်းအတွက် အဖြေမှန်ကို ၀ိုင်းဝန်းစဉ်းစားကြရမည်။
အမှန်တရားတစ်ခုအတွက်၊ တနည်း Critical Thinking လုပ်ကြဖို့အတွက် လိုအပ်ချက်များရှိပါသည်။ မေးခွန်းမေးခြင်း (Questioning)၊ နှိုင်းယှဉ်ခြင်း (Comparing)၊ ခွဲခြင်း စိတ်ဖြာ ရှင်းလင်းခြင်း (Analysis)၊ ရှာဖွေခြင်း (Searching)၊ လိုအပ်သော အချက်လက်များ (Facts)၊ ဖြေရှင်းခြင်း (Solving)၊ ဗဟုသုတများ (Knowledge)၊ အဓိပ္ပါယ်များ (Meanings)၊ အကြောင်းပြချက်များ (Reasons)၊ ပျော့ပြောင်းနူးညံသော သဘောထား (Flexibility)၊ ယုံကြည်ချက် (Confidence) နှင့် နောက်ဆုံးဆုံးဖြတ်ချက် (Decision) တို့ ပါရှိရပါလိမ့်မည်။
လူတစ်ဦးတွင် Thinking ဟူသည် Logical Thinking, Critical Thinking ဟူ၍ ရှိပါသည်။ ကျိုးကြောင်းဆက်စပ်တွေးခေါ်ခြင်း (Logical Thinking) သည် အရေးကြီးသည်မှန်သော်လည်း ကျွန်တော်တို့ ရှေ့ဆက်တက်လှမ်းဖို့အတွက် Critical Thinking ရှိမှ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် မေးခွန်းများများ မေးကြပါ။ မေးလိုက်သော မေးခွန်းများကို ၀ိုင်းဝန်း အဖြေရှာရမည်သာ။ ဒီနေရာတွင် ပြောစရာတစ်ခုရှိလာပါသည်။ မေးခွန်းများကို ပြဿနာ (Problem) ဟု မယူဆပါဘဲ Issue တစ်ခုအဖြစ်သာ မြင်ကြရန်လိုအပ်ပါသည်။

ထို့ကြောင့် မေးခွန်းများများမေးကြပါ။ မေးခွန်းများမေး၍ ၀ိုင်းဝန်းအဖြေရှာကြသော အခါ အဖြေများစွာ ထွက်လာပါလိမ့်မည်။ ဘယ်သူအဖြေသည် အမှန်ဆုံးလဲဟု ထပ်မှန် မေးခွန်းများမေးကြပါ။ နောက်ဆုံး အမှန်တရားထွက်လာပါလိမ့်မည်။ အမှန်တရားသည် ပုဂ္ဂိုလ်စွဲမရှိပါ။ ဘက်မလိုက်ပါ။ လာဘ်ပေးလာဘ်ယူ မပါပါ။ အဖြေမှန်ထွက်လာရန် Logical Thinking, Critical Thinking နှင့်မရပြန်တော့။ နောက်ဆုံးတစ်ခုမှာ Positive Thinking ဖြစ်ပါသည်။
မေးခွန်းများ မေးကြပါ။
ကျွန်တော်တို့ မေးခွန်းများ မေးကြရပါမည်။
လက်ရှိ မြန်မာနိုင်ငံ၏ ပညာရေးနည်းစနစ်များကို ပိုမိုကောင်းမွန်လာဖို့ မေးခွန်းများမေးကြရမည်။
မြန်မာနိုင်ငံ တိုးတက်ပြောင်းလဲရေးမှာ အစိုးရနှင့် မပြီး။ စစ်တပ်နှင့် မပြီး။ သမ္မတနှင့် မပြီး။ လွတ်တော်နှင့် မပြီး။ စာနယ်ဇင်းနှင့် မပြီး။ မြန်မာနိုင်ငံသားတိုင်း မေးခွန်းများ မေးမှသာ ဖြစ်လိမ့်မည်ဟု ထင်မြင်မိပါသည်။

ရင်နင့်အောင်

Saturday, October 15, 2011

လူငယ်တော်တော်များများရှိတဲံ့Facebook (သို့) ပုံရိပ်ယောင် နိုင်ငံတော်

Face Book:Virtual State facebook ဆိုတာကို ကို ကြားနေခဲ့တာ ကြာပြီ ဖြစ်သော်လည်း သူ သိပ်မသိခဲ့ပါ။ သုံးဖို့လည်း မကြိုးစားခဲ့ပါ။ ဟိုယခင် ၃-၄ နှစ်လောက်ကတည်းက..စင်ကာပူက..ညီမ၀မ်းကွဲတွေ..Hi-5 , friendster တို့ နဲ့ အသစ်အဆန်းဖြစ်ကာ..ပျော်နေကြစဉ်ကတည်းက..ဘေးက သွားငေးပြီး.. သြော်..လူငယ်တွေ သူတို့ ခြင်း ..ပုံလေးတွေ တင်လိုက်.. နောက်လိုက်နဲ့ ပျော်စရာတော့..ကောင်းသား…လို့ သာ တွေးမိရင်း.. နဲနဲမှ စိတ်မ၀င်စားခဲ့ပါ။  ဖိုရမ်ဆိုတာတွေလည်း.. မသိခဲ့..မထိုင်ဖူးခဲ့ပါ။ ဖြတ်သွားဖြတ်လာ ၀င်တောင် မငေးမိခဲ့တာ..ဘယ်ချောင်မှာ သွားခေတ်နောက်ကျ နေခဲ့လည်း မသိ။ စလုံးမှာ တုန်းက.. တပတ် ၅ ရက်ခွဲ အလုပ်မှာ.. ပြန်လာရင်..ဟင်းချက်.. ထမင်းစားရင်း .. သတင်းလေး နားထောင်.. ပြီး..တီဗီ ခဏ ကြည့်.. စာအုပ်လေး တအုပ် ဟိုလှန် ဒီလှန်လုပ်ရင်း.. ညခင်း တခု..လျင်လျင်မြန်မြန် ကုန်သွားတတ်တာပဲ..မှတ်မိသည်။ အင်တာနက်ကို အလုပ်ထဲမှာ..နေ့လည် ထမင်းစားချိန်သာ ဗမာသတင်း ၀က်ဆိုဒ်တွေ လျှောက်ကြည့် ဖြစ်သည်။ တော့်တော့်ကို ဝေးခဲ့တာပါ.. Virtual world နဲ့ပေါ့။
ဒီ မြေနီိနီမြို့လေးကို အရောက် ငေါင်စင်းစင်း နေ့ရက်တွေကို လည်း..မိုးမခလေး ဖတ်လိုက်.. .ဒီဗီဘီက သတင်းလေးတွေနဲ့ မောလိုက်.. ဦးဦးဖျားဖျားဖတ်ရတဲ့..weekly eleven လေး မှာ ဗမာပြည်ကို လှမ်းငေးလိုက် နဲ့.. ဒီလိုပဲ ဖြတ်သန်းနေတုန်း.. မိုးမခက မိတ်ဆက်ပေးတဲ့.. ဘလော့ဆိုတာ နဲ့ ပထမဆုံး ရင်ခုန်ခဲ့ရတာပါ။ အင်တာနက် ရဲ့ အသုံးချမူတွေ ထဲမှာ blogging က..ပထမဆုံး အချစ်ဦးပါ။ ကိုယ်ကလည်း စာရေးချင်သူ ဆိုတော့.. အသဲစွဲလိုက်သမှ..ခုထက်ထိ ချစ်နေရဆဲပါပဲ။
Social networking တွေ ပုံသဏ္ဌန်မျိုးစုံ နဲ့ အနီးအပါးမှာ ပိုလို့ များပြားလာနေပေမဲ့.. လူမူပေါင်းသင်းဆက်ဆံရေး မှာ သိပ် မကျွမ်းကျင်လှ..အရမ်းကြီး စိတ်မ၀င်စားလှ တဲ့အတွက်.. တယောက်ထဲ..ပြောချင်တာပြော..ရေးချင်တာရေးလို့ရနေတဲ့..ဘလော့ ကနေ.. တဖ၀ါးတောင် ခွာပြီး မျက်မွေးထော် မကြည့်ခဲ့မိဘူး။ အီးမေးလ်ထဲ ရောက်လာတဲ့.. Invite တွေ ဆို ယောင်လို့တောင် ကလစ် မကြည့်ဘူး။ သိတယ်လေ..အဲဒါတွေက.. သူ့အလိုလို အီးမေးလ် စာရင်းတွေထဲက..လူတွေကို လျှောက် ဖိတ်တာဆိုတာ။ ကိုယ်သွား ကလစ် ကြည့်ရင်.. ကိုယ်မသိပဲ..သူငယ်ချင်း မိတ်ဆွေ တွေကို တဂျီဂျီ အနှောင့်အယှက် ပေးတော့မယ်လေ။
တနေ့သားတော့..သူငယ်ချင်း ကဗျာဆရာမကြီးက.. Facebook ကို လာခဲ့ပါတဲ့။ အဲဒါနဲ့..ဒီတခါတော့..ကိုယ့်ချစ်သူငယ်ချင်း လဲဖြစ်.. ဒီလောက် ခဏခဏ ကြားနေတဲ့.. Facebook လာစမ်း ဆိုပြီး ၀င်ကြည့်လိုက်တာ..မှတ်ပုံတင်ထားသူ ကမ္ဘာ့လူဦးရေ သန်း ၁၅၀ ကျော်ထဲမှာ..ခုတော့…ကိုယ်လည်း တယောက် အပါအ၀င် ဖြစ်နေပါတော့တယ်။
ရောက်ကာစ ဆိုတော့..ဟိုလျှောက်ကလိ..ဒီလျှောက်ကလိ ကြည့်- ကြည့် တယ်။ အင်တာနက် သုံးသူ ဗမာ အသိုင်းအ၀ိုင်းကလဲ ကျဉ်းကျဉ်းလေး ဆိုတော့..မိတ်ဆွေတွေ ရဲ့ မိတ်ဆွေတွေထဲက..မိတ်ဆွေဟောင်းတွေ ပြန်တွေ့.. နဲ့ ခဏတော့ ပျော်သွားသလိုပါပဲ။ ဘာအဖွဲ့ညာအဖွဲ့တွေလည်း စုံလို့။ အမယ်..အပင်လက်ဆောင်ပေးရင်.. အပင်က..တဖြည်းဖြည်းကြီးတောင်လာ ဆိုပဲ။ အခု နောက်ဆုံး Market Place ဈေးတောင် ဖွင့်တော့မည် တဲ့။ ဒါပေမဲ့.. သူ့ ရဲ့ feature တွေ platform တွေက.. ကိုယ့်အတွက် နဲနဲ မျက်စိ နောက်စရာ ကောင်းနေတယ်။ ဘာလို့လဲ မသိဘူး..ကိုယ့်အတွက်တော့..သိပ်ပျော်စရာ မကောင်းဘူး။ ဘလော့မှာတင်..ကိုယ်လုပ်ချင်တာတွေ ပြည့်စုံ နေပြီ ဆိုတော့..သိပ် မသွားချင်တော့ဘူး။ အချိန်ကလည်း ရှိသေးတယ်လေ။ ဒါပေမဲ့.. အခု နှစ်ပိုင်း အချိန်ပိုင်းလို facebook ဆိုတာ သိပ်ခေတ်စားလာတဲ့ အချိန်မှာ.. တခြား..ဘလော့ နဲ့ မယဉ်ပါးတဲ့..စာဖတ် စာရေး သိပ်စိတ်မ၀င်စားတဲ့ သူငယ်ချင်းဟောင်းတွေက.. သူတို့ဖာသာ လျှောက်ရှာရင်း..သွားရင်းလာရင်း..ကိုယ့် ဆီကို တယောက်ပြီး တယောက်..တံခါး လာခေါက် ကြ တယ်။ အဲတော့လည်း တံခါး သွားဖွင့်လိုက်… နှုတ်ဆက်လိုက်ပေါ့.. ပြီးတော့လည်း..ကိုယ့်ဘလော့ပဲ ကိုယ်ပြန်လာ ထိုင်နေမိတာပဲ။ မိတ်ဆွေ တယောက်ဆို အခါတိုင်းလို အီးမေးလ် ကတောင် စာမရေးတော့ဘူး.. facebook ထဲမှာပဲ ရေးတော့တယ်။


ကိုယ်ကတော့..ဘာရယ်မှ မဟုတ်ဘူး..ပြောခဲ့သလို..ဘလော့တလုံး နဲ့ အလုပ်ရှုပ်နေတာနဲ့.. စိတ်မ၀င်စားဖြစ်တာ။ တလောက..အမေရိကန်သမ္မတ မဲဆွယ်ပွဲတွေမှာတော့.. facebook က..အရေးပါတဲ့ အခန်းကဏ္ဌက ပါခဲ့ပြီး.. သမ္မတ အိုဘားမား ကိုယ်တိုင် facebook ကို ကောင်းကောင်း အသုံးပြုခဲ့ တယ်လို့ ဆိုထားတယ် ။ နောက်- အီဂျစ်နိုင်ငံက.. အစိုးရ ဆန္ဒပြပွဲတွေကိုလည်း.. facebook ကပဲ ဆောင်ကျဉ်းပေး ခဲ့သလိုလို.. သတင်းတွေ ဖတ်လိုက်ရသည်။ တပြိုင်တည်းမှာပဲ..အသစ်အသစ် တို့ရဲ့ ထုံးစံ အတိုင်း အကျိုးအပြစ် မကွဲပြားပဲ.. အငြင်းပွားဖွယ်ရာ များလည်း.. ပြောဆိုနေကြတာ..ခဏခဏ ဖတ်နေ မြင်နေရ ပါတယ်။ သတင်းစာ ဆောင်းပါး တခုမှာ ဖတ်လိုက်ရတာက.. လူသတ်မူပေါင်းများစွာ နဲ့ တသက်တကျွန်း ထောင်ဒဏ် ကျခံနေရတဲ့ မာဖီးယား ခေါင်းဆောင်တယောက် ရဲ့ facebook profile မှာ.. ပရိသတ် မိတ်ဆွေ များစွာနဲ့.. သူရဲကောင်းကြီး လုပ်နေတာ သင့်တော်ပါရဲ့လား တဲ့။ အခုဆိုရင်.. ဆေးလိပ်ကြော်ငြာတွေမှာ – ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်နိုင်ပါသည် -လို့ ထဲ့ပေးရသလိုပဲ.. တလောက..အော်စီ က..Internet Service Provider က..ဒီလို ကြော်ငြာ ထားတာကြည့်ပြီး..ပြုံးလိုက်မိပါသေးတယ်။
If you’ve got time to facebook, you’ve got time to call your mum
These days, it seems we have less and less time to chat. Yet in the middle of this time crunch we still find hours and hours for things like social networking sites. There’s nothing wrong with that, just don’t forget to spare a little time to phone home.
facebook သုံးတာ မှားတဲ့ကိစ္စ မဟုတ်ပါဘူး.. မိသားစုကို ဖုံးခေါ်ဖို့သာ မမေ့ပါနဲ့…တဲ့
လူလည်ပဲ..။ သူက.. Telecon ကုမ္ပဏီ ဆိုတော့..ဖုံးလိုင်းရော..အင်တာနက်ပါ ရောကြော်ငြာ လိုက်တာကိုး။
ပြီးခဲ့တဲ့ ၃ လလောက်ကတော့.. မမျှော်လင့်ပဲ work shop လေးတခုမှာ Guardian သတင်းစာပါ..face book နဲ့ပတ်သတ်တဲ့.. ဆောင်းပါးလေး တပုဒ်ကို သေချာ ဖတ်လိုက်ရတယ်။ စိတ်ဝင်စားစရာလေး မို့..ဘလော့မှာ ရေးမယ် ရေးမယ်နဲ့ မစဖြစ်ဘူး။ ဆောင်းပါးရှင်ကတော့.. facebook အကြောင်းကို နှိုက်နှိုက်ချွတ်ချွတ် လိုက်ရှာဖွေ ပြီး.. အဆိုးမြင် ရှုထောင့်ကနေ ရေးထားတာပါ။ ဘာရယ်တော့မဟုတ်ပါဘူး.. အခု နေ့စဉ် ဘ၀ တွေမှာ သိပ်ခေတ်စားလာနေတဲ့.. Social networking ဆိုတာ ကိုလည်း အားလုံးက..စိတ်ဝင်တစား စောင့်ကြည့်လာနေတော့.. ဝေမျှ ကြည့်တာပါ။
ဆောင်းပါး မူရင်းကို ဖတ်ကြည့်မယ် ဆိုရင်..သူ့အသုံးတွေက..သိပ် ထိမိပါတယ်။ ပြုံးချင်စရာ လည်း ကောင်းပါတယ်။ သူက..ဆောင်းပါး အစကို ဒီလို ဖွင့်ထားတယ်။
Why on God’s earth would I need a computer to connect with the people around me?
++++++
face book ကို ဖန်တီး ခဲ့တဲ့ ၂၄ နှစ်အရွယ် ကမ္ဘာ့အသက်အငယ်ဆုံး သူဌေးလေး Zuckerberg ကို..လူတိုင်းလိုလို သိကြမှာပါ။ သူက.. ကမ္ဘာ့ကွန်ပြူတာ ပုဂ္ဂိုလ်ကျော်ကြီး Bill Gates ကို အားကျ လို့လား.. မတူတူအောင်လိုက်တု သလားတော့မသိ။ သူလည်း Harvard ကျောင်းကို တန်းလန်းထားခဲ့တဲ့ ညဏ်ကြီးရှင်လေး တယောက်ပါ။ သူတို့ ကျောင်းသားအချင်းချင်း..ပညာစမ်းဖို့..စဖို့ နောက်ဖို့ ပျော်ဖို့ ဆိုပြီး..စု လုပ်ကြရင်း..ဒီ facebook ဆိုတာလေး ဖြစ်လာခဲ့တယ်။ facebook ဆိုတဲ့ နံမယ်ကလည်း.. တက္ကသိုလ်တွေမှာ မျက်နှာသစ် တွေ ကို ကြော်ငြာတဲ့..နံရံကပ် ဘုဒ်ကလေး တွေကို ပြောတာပါ။
ဒီဆောင်းပါး မှာ အဓိက ရေးထားတာက.. အဲဒီ သူဌေးပေါက်စလေး Zuckerberg အကြောင်း မဟုတ်ပဲ.. ဒီလို venture capital .. တီထွင်စွန့်စားဖန်တီးမူလေးကို ၀ယ်ယူခဲ့တဲ့..နောက်ကွယ်ကနေ.. ထောက်ပံ့နေတဲ့ .. သူကိုယ်တိုင်လည်း venture capitalist ကြီး တယောက်ဖြစ်တဲ့..အသက် ၄၀ ကျော်အရွယ် Peter Thiel ဆိုသူရဲ့ စိတ်ဝင်စားစရာ အကြောင်းပါ။
သူကိုယ်တိုင်က..နံမယ်ကျော် Pay Pal ငွေကြေးစနစ် ကို ပူးတွဲ ဖန်တီးခဲ့တဲ့.. ညဏ်ကြီးရှင် တယောက်ပါ။ သူ့ကို Fortune magazine ကနေ PayPal Mafia လို့ တောင် နံမယ်တပ်ခဲ့တယ်။ Stanford ကျောင်းထွက်ဖြစ်တဲ့ Thiel က ကျောင်းမှာတည်းက.. Liberal သမားတွေ.. Multicultural သမားတွေကို ဆန့်ကျင်ဝေဖန်ခဲ့တဲ့.. အနာဂါတ်စိတ်ကူးယဉ် ရှေးရိုးစွဲ လက်သစ် တယောက်ဖြစ်တယ် ဆိုတာ လူတိုင်း သိကြတယ်တဲ့။
လူ့ဘ၀ သက်တမ်းဆိုတာ..စိတ်ပျက်စရာကောင်းတယ်..ကြမ်းကြုတ်ခက်ထန်တယ် တိုတောင်းလှတယ်..ဒါ့ကြောင့် နောက်ထပ် ဆင့်ပွားပုံရိပ် ဘ၀ တခုကို သွားကြမယ်..အဲဒီမှာ သဘာဝ တရားကြီးကို အနိုင်ပိုင်းပြစ် နိုင်တယ်လို့.. Thiel က..တနေရာမှာ ဆိုခဲ့ဖူးသတဲ့။ သူက..အခွန်- ဆိုတာကြီးကို မယုံကြည်သလို ..ဘဏ်ငွေကြေးစနစ် ကို သဘောမကျတဲ့ အတွက်..တန်ဖိုးနဲ့ပိုသက်ဆိုင်တဲ့.. နိုင်ငံ နယ်နမိတ် စည်းမရှိတဲ့ PayPal ကို စပြီး လုပ်ဖြစ်ခဲ့တယ်။ အဲဒီနောက်တော့.. Zuckerberg ရဲ့ facebook ဆိုတာလေးကို.. ဟိုး..အစပိုင်းအချိန်ထဲက..ငွေကြေးအလုံးအရင်း နဲ့ ထောက်ပံ့လာခဲ့တယ်။
လူဆိုတာမျိုးဟာ..သိုးတွေလို အုပ်စု သဘာဝ ရှိတယ်ဆိုတာကို Thiel နဲ့သူ့အုပ်စု ဂုရုကြီးများက.. ကောင်းကောင်း အသုံးချ နိုင်ခဲ့တယ်လို့လည်း ထောက်ပြထားတယ်။ အခုကိုပဲ ကြည့်လေ.. သူငယ်ချင်း တယောက်က.. facebook ဆို..နောက်တယောက်.. နောက်တယောက်နဲ့..တရက် ၂ရက် အတွင်းကို..သိုးအုပ်တအုပ်တော့..ရသွားတာပဲ။
ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာက.. သဘာဝ ကပေးတဲ့ တိုတောင်း ရှုပ်ထွေးတဲ့ လူ့ဘ၀ကို မနှစ်သက်တဲ့ Thiel က..အခုဆိုရင်..Cambridge တက္ကသိုလ်က..မျိုးရိုးဗီဇ ဆိုင်ရာပညာရှင်..Aubrey Dde Grey ရဲ့ မသေခြင်း ကို ရှာဖွေနေတဲ့..သုသေသန လုပ်ငန်းအတွက် ဒေါ်လာငွေ ၃.၅ သန်း ထဲ့ဝင်ဖို့ ကတိပြုထားပြီး.. အသက်ဆက်နည်း နည်းပညာ တခုကို စတင် ရင်းနှီးမြုပ်နှံ နေပြီလို့ ဆိုပါတယ်။ Artificial Intelligence (AI) လို့ခေါ်တဲ့ အသိညဏ်အတု နဲ့ပတ်သတ်တဲ့ အဖွဲ့အစည်း တခုမှာလည်း..ဘုတ် အဖွဲ့ဝင် အကြံပေး တယောက် ဖြစ်နေပါ သတဲ့။
အံ့သြ ထွေပြားဖွယ်ရာ များပါပေ။ ဆောင်းပါးရှင်ကတော့.. Thiel ဟာ သဘာဝ လောကအစစ် ကြီးကို ဖျက်စီးနေသူ.. လို့ စွပ်စွဲထားပြီး.. facebook ကိုလည်း ကမ္ဘာလုံးဆိုင်ရာ ကြိုးကိုင် ခြယ်လှယ် ဖျက်စီးမူ ( global manipulation ) လို့ ပြင်းပြင်းထန်ထန်ကို နံမယ်တပ်ထားပါတယ်။
သေချာတာတော့..တကမ္ဘာလုံးက..လူတွေက..သူတို့ ဓါတ်ပုံတွေ.. အကြိုက်တွေ.. ကိုယ်ရေးရာဇ၀င် တွေကို.. ဒီ မျက်နှာဘုတ်အုပ် ကြီးပေါ်မှာ.. ဘယ်သူကမှ အတင်း အကြပ် မခိုင်းရပါပဲ.. ကြည်ဖြူပျော်ရွှင်စွာ.. ဖော်ပြနေကြတာမှာ..အကျိုးအမြတ်ရှိနေမှာကတော့.. ဒီဘုတ်အုပ်ကြီးကို ငွေကြေးအမြောက်အမြားဝင်ပြီး ချိတ်ဆက် ကြော်ငြာနေတဲ့.. Coca Cola, Blockbuster, Verison, Sony Pitcures and Conde Nast တို့လို နံမယ်ကြီး ဈေးသည်ကြီးတွေ နဲ့ အမျိုးသားလုံခြုံရေး လုပ်ငန်းကြီးတွေပဲ ဖြစ်နေတယ် – တဲ့။
ဒီနေရာမှာ ဆောင်းပါးရှင်က.. နှိုက်နှိုက်ချွတ်ချွတ် စွပ်စွဲထားပြန်တာက.. facebook ရဲ့ ဘုတ် အဖွဲ့ဝင် နောက်တယောက်ဖြစ်တဲ့.. Jim Breyer ဟာလည်း CIA ရဲ့ လက်ခွဲတခုဖြစ်တဲ့ Q-Tel ဆိုတဲ့..လုပ်ငန်းကြီးနဲ့ ဆက်စပ် ပတ်သတ်နေ ပြီး.. CIA ရဲ့ ထောက်ပံ့မူတွေ အများကြီး ရှိနိုင်တယ် လို့ ဆိုထားပါတယ်။
နောက်ထပ် အပြစ်ဆိုထားတာကတော့..ပင်မရေစီး သတင်းစာ ဂျာနယ် လုပ်ငန်းကြီးတွေ မှာ စာတွေ သတင်းတွေအတွက် ငွေကြေးနဲ့ ၀ယ်ယူ အသုံးပြုရင်း..လည်ပတ်နေရပေမဲ့.. facebook ကြီးကတော့..သူ့ရဲ့ Input တွေ Content အတွက်..အသာလေး ထိုင်စောင့်ရင်း..အလကားပဲတင်း ရနေတာ…အဲဒီကမှ အကျိုးအမြတ်ယူနေတာ.. မသင့်တော် မမျှတပါတဲ့။ ဒါကတော့..စိတ်မကောင်းစရာ ခေတ်ရဲ့ ရေစီး ကြောင်း ပြောင်းမူ တခု ပေကိုး နော်..။
ဆောင်းပါးရှင်ကတော့.. ရေးရင်း ရေးရင်း..စိတ်တိုလာပုံရသည်။ သူ့ရဲ့ တစ်တစ်ခွခွ အသုံးတွေကို..ဖတ်ရင်း သဘောလည်းကျ..ရင်လဲ မောနေမိသည်။
ဘာတဲ့.. commodification of human relationships and extraction of capitalistic value from friendships တဲ့။ ဟုတ်လည်း ဟုတ်နေသားပင်။
ပြီးတော့.. အသုံးပြုသူတွေကို..ဒေါမနသ အပြည့် နှင့် ပြောလိုက်ပုံက..
မကြာခင်မှာ United Kingdom ထက်ပင် လူဦးရေ များပြားလာတော့မဲ့.. Thiel နဲ့သူ့အုပ်စုရဲ့ ပုံရိပ်ယောင်နိုင်ငံတော် အာဏာရှင် စနစ် အောက်မှာ.. နေမယ် မနေဘူးဆိုတာ..ကိုယ့်ဖာသာကိုယ် ရွေးကြပါတဲ့။
ကိုယ်ကတော့..အသာလေး စောင့်ကြည့် ဦးမယ်..။

လောကကြီးတွင် ဆောင်းရာသီဟုခေါ်သော ရာသီဥတုတစ်ခုရှိပါသည်



          နှေးကွေးသော လှုပ်ရှားမှုဖြင့် တိမ်တစ်အုပ် အနောက်ဘက်ကောင်းကင်ဆီသို့  ရွေ့ လျားနေကြသည်..။ တိမ်တိုက်များကို တိမ်တိုက် များဟုသာ မြင်ပေးကြပါ..။ သင်္ကေတများ .. ကိုယ်စားပြုမှုများ အလျဉ်းမရှိသော တိမ်တိုက်များ အနောက်ဘက်ကောင်းကင်ဆီသို့  ရွေ့ လျားနေကြသည်..။ အချိန်ကာလသည် ညနေ နေ၀င်ရီတရော အချိန်ဖြစ်သည်ဟု သတ်မှတ်လိုက်လျှင် ထိုတိမ်တိုက်များတွင် လှပသော ရောင်စဉ်များဖြင့် ထွန်းလင်းတောက်ပသွားမည်ဖြစ်ကြောင်း အားလုံး သိပါလိမ့်မည်..။ သို့ သော် အထက်ပါ တိမ်တိုက်များသည် အဖြူရောင် များ လှပစွာ စွန်းပေနေသော တိမ်တိုက်များသာ ဖြစ်ပါသည်..။ သင်၏ မျှောင်လင့်ချက်များ ခေါင်းငိုက်စိုက်ကျသွားပါသလား..။ စိတ်အနှောက်အယှက်မဖြစ်ပါနှင့် ..။ သင့်စိတ်ကူးထဲက တိမ်တိုက်များဟုသာ သင် ထင်မှတ်ပါက လွတ်လပ်စွာ ထင်မှတ်နိုင်ပါသည်..။ သင်သည် လွတ်လပ်သော လူသားတစ်ဦးဖြစ်ခဲ့လျှင်ပေါ့..။
         ရာသီဥတု၏အမည်အား မေးစမ်းကြည့်လိုက်သောအခါ ဆောင်းဥတု ဖြစ်ကြောင်း သိလိုက်ရသည်..။ သင်၏ စိတ်ကူးထဲတွင် မြူနှင်းများ ဝေစေချင်လျှင် စိတ်ကြိုက် ဝေနိုင်ပါသည်..။ ယခုအချိန်မှစပြီး သင်၏စိတ်ကူးများကို ဆက်လက် လုပ်ဆောင်စေပါ..။
ဆောင်းဥတု၏ နေ၀င်ရီတရောအချိန်တွင် တိမ်တိုက်တစ်အုပ် အနောက်ဘက်ကောင်းကင်သို့  ရွေ့ လျားလျက်ရှိသည်..။ ဖမ်းဆုပ်မရသော အရာများ ဖမ်းဆုပ်မယ့်သူ ကင်းမဲ့စွာ ရှင်သန် ခရီးနှင်နေကြသည်..။
         စိုးရိမ်သောကများဖြင့် နေ့ စဉ် ရှင်သန်မှုများ ချောင်ဆိုးချွဲကျပ် နှာစေး ဖြစ်နေခဲ့သည်မှာ နှစ်ရှည်ကြာခဲ့ပြီ..။ ရှင်သန်မှု သမိုင်းကြောင်း များဖြင့် ကောင်းခြင်း ဆိုးခြင်းတရားများ ၀င်ချည်ထွက်ချည် ယက်ဖောက်လှုပ်ရှားနေကြသည်..။ လူသားတစ်ယောက်၏ သက်တမ်းသည်  မည်မျှအထိ လျော့ကျနေပြီလဲ..။ မေးခွန်းများကို ဖြေဆိုပါဟု မတိုက်တွန်းလိုပါ..။ ဤအရာသည် စာမေးပွဲ မေးခွန်းတစ်ခု မဟုတ်..။ လွတ်လပ်မှုများ အားသွန်းခွန်စိုက်မွေးဖွားနေသော ရပ်ဝန်းတစ်ခု ဖြစ်သည်.။
         သူ ကော်ဖီကြိုက်သည်..။ ငါ ကော်ဖီမကြိုက်.။ ယောကျာင်္း အရက်ကြိုက်သည်..။ မိန်းမ အရက်မကြိုက်..။ မတူညီမှု အလိုဆန္ဒများ အား ကျေးဇူးပြုပြီး အတင်းဆွဲညှိ အဖြေမရှာကြပါနှင့်..။ စစ်ပွဲများ၏ အစသည် မတူညီမှုများကို တူညီအောင် ကြိုးပမ်းရာမှ အစတည်ကြောင်း ... လေ့လာသူများ သိနိုင်ပါသည်..။ ငတ်မွတ်ခြင်းများ အလျှံတညီးညီး တောက်လောင်နေကြောင်း အရပ်ဒေသ တစ်ခုမှ သတင်းတစ်ရပ်အဖြစ် လွင့်ပျံလာသည်..။ ကရုဏာပွားသူ ပွားကြသည်..။ မကြားချင်ယောင်ဆောင်သူ ဆောင်ကြသည်..။ အာမေဋိတ်ပြုပြီး သိရှိကြောင်းသက်သေပြသူ ပြကြသည်..။ ကူညီတတ်သူများ ကူညီဖို့ ကြိုးစားကြသည်..။ နွေရက်များ စောလျင်စွာေ၇ာက်ရှိလာလိမ့်မည်..။ ပြင်ဆင်သင့်သည်များ ပြင်ဆင်ကြပါစို့ ။
        မည်သူ တစ်ဦးတစ်ယောက်၏ တိုက်တွန်းမှုမှ မပါဘဲ အနုပညာတစ်ရပ် သက်တန့်  ပေါ်သလို ပေါ်လာခဲ့သည်။ အနုပညာ သည် မည်သို့ သော အရာဖြစ်ကြောင်း မေးသူများ မေးကြသည်။ မသိသလို နေသူများနေကြသည်..။ အပြစ်တင်ခြင်းသည် အလုပ်မရှိ အလုပ်ရှာသူများ အတွက် ဘုရားသခင် ဖန်ဆင်းထားသော ဖျော်ဖြေရေးတစ်ခု ဖြစ်ပါသည်..။ မိမိ၏လမ်းကို မိမိ၏ခြေထောက်ဖြင့်သာ လျှောက်လှမ်းရမည်ဖြစ်ကြောင်း ကလေးကအစ ခွေးအဆုံးသိကြပါသည်..။ သို့သော် ထို့ သို့ မသိသော လူကြီးများရှိကြောင်း ပြောလျှင် ယုံကြည်ပါ..။ အမှန်တရားသည် အိပ်မက်ထဲမှ ကိုယ်ရောင်ကိုယ်ဝါ ထွန်းလင်းတောင်ပသော နတ်သားလေး မဟုတ်..။
        ပြောသင့်သည်များကို ပြောပြီးသောအခါ ... ပြီးဆုံးသင့်သည်များကို အဆုံးသတ်ပြီးစီးပြီးသောအခါ ... အစ ကိုပြန်ကောက်ကြသည်မှာ လူသားတို့ ၏ မနေနိုင်မထိုင်နိုင် ဘဲဥအစရှာလိုသော ရောဂါဆိုးဖြစ်ပါသည်။ သို့ ဖြစ်သောကြောင့် .. အနောက်ဘက်ကောင်းကင်ဆီသို့  နေ၀င်ရီတရော အချိန်တွင် အဖြူရောင် တိမ်တိုက်တစ်အုပ် နှေးကွေးစွာ ရွေ့ လျားနေသည်မှာ  အခုထိ မပြီးဆုံးသေးပါ..။ ထိုကောင်းကင်အောက်တွင် မြို့ လေးတစ်မြို့ ၏ နိုင်ငံတစ်ခု၏ ဒုတိယ အရှည်ဆုံးဟု သတ်မှတ်ထားသော တံတားတစ်စင်း ရှိပါသည်..။ တံတားတစ်စင်းရှိသောကြောင့်  မြစ်တစ်စင်းလည်းရှိပါသည်..။ ထိုသို့  မဟုတ်လျှင် မြစ်တစ်စင်းရှိသောကြောင့် တံတားတစ်စင်းရှိပါသည်..။ မြစ်လယ်တွင် သဲသောင်များ ပေါ်ထွန်းနေသည်..။ မြစ်ကမ်းတွင် အညစ်အကြေး ဆေးကြောနေသူများ တပျော်တပါး ခုန်ပေါက် ဆေးကြောနေကြသည်..။ ထိုမြစ်၏ ကမ်းကပ်လမ်းပေါ်တွင် ညနေခင်း နှင့်  ပတ်သက်သော ..ဥပမာ - အပန်းဖြေလမ်းလျှောက်သူများ၊ ထိုသူများ အစာပြေစားသောက်ဖို့  အစားအသောက်ဆိုင်လေးများ..၊ ဖိုမ စုံတွဲများ ထိုင်ခုံကိုယ်စီတွင် ထိုင်လျက်..အစ ရှိသဖြင်..အရာများ ငြိမ့်ညောင်းစွာ တည်ရှိနေသည်..။ ချစ်သောမျက်စိတွင် ထင်ဟပ်သော ပုံ၇ိပ်မှန်သမျှသည် ချစ်စရာကောင်းကြောင်း လောကဓံအချို့  ခံစားဖူးသူတိုင်းသိကြပါလိမ့်မည်..။
       ဤသို့ ဖြင့် ဆောင်းသည် ဆောင်းသက်သက် တစ်ကိုယ်တည်းရှိမနေဘဲ သက်ဆိုင်ရာ အခင်းအကျင်းများဖြင့်  သာယာဝပြောလျက်ရှိပါသည်..။

မိုးအိမ်လူ

Friday, October 14, 2011

ခေါက်ဆွဲစားတဲ့ လိပ်ပြာ

အနီရောင် လိပ်ပြာမလေး
ကဗျာဆရာထိုင်နေကျ
ချောင်ကျကျဆိုင်တစ်ဆိုင်ကို ရောက်လာပါကော။

အနီရောင် လိပ်ပြာမလေး
အတောင်ပံတွေ ဖျန့်ကား
ဈေးကွက်ကို မြှင့်တင်ဖို့လား
စကားတွေသွန်ချလာပေါ့။

အနီရောင် လိပ်ပြာမလေး
မျက်ခုံးနီ နှုတ်ခမ်းနီ
ပါးနီ ဆံပင်နီ
ညို့ဓါတ်အနီနဲ့ မျက်လုံးတွေအရောင်လဲ့
ခန္ဓာကိုယ် အချိုးစားပြေပြစ်စွာ
ကဗျာဆရာအနားရောက်လာ
အနီရောင် လိပ်ပြာမလေး
ကဗျာဆရာဟာ
အညံ့စား ပင်လယ်တစ်ခုမှာ လက်ပစ်ကူးမယ့်ကောင်
ဘာကြောင့်များ ငါကူးနေတဲ့ ရေပြင်တွေ ပြောင်းလဲပေးရမလဲ
အကြောင်းပြချက်လည်း မင်းကမပေးနိုင်
ကဗျာဆရာဟာ ခေါင်းမာပေမယ့်
အသည်းမမာလေတော့
အနီရောင် လိပ်ပြာမလေး
အင်း…………. မင်းကလှတော့ အလှသား။

အနီရောင် လိပ်ပြာမလေး
ငါတို့စကားလုံးတွေ မှောက်ကျခဲ့ပြန်
ငါတို့အကြည့်တွေ လောင်ကြွမ်းခဲ့ပြန်
ငါတို့ အပြုံးတွေ ဆူပွက်ခဲ့ပြန်
မင်းလိုတာ ငါပေးမယ်
ငါလိုတာ မင်းပေးရယ်လို့ အပေးယူလုပ်
အနီရောင် လိပ်ပြာမလေး
ကဲ
ငါတို့ မီးပိတ်ကြမလား။
(ဟာ .. မဖြစ်သေးဘူး)

အနီရောင် လိပ်ပြာမလေး
မင်းဟာ အတောင်ပံလေးတစ်ခုနဲ့
ခရီးတွေဆက်ဦးမယ်ဆိုပဲ
မင်းဟာ ငွေစလေးအသေးအဖွဲအတွက်
အလုပ်ကြမ်းလည်း လုပ်ခဲ့ဖူးရဲ့
၁၀ ပေပတ်လည် အိမ်ခန်းမှာ
မင်းလို လိပ်ပြာမလေး သုံးကောင်
ဘ၀ကို ဖြစ်သလိုနေ
ညသန်းခေါင်မှ အိပ်ပြန်ရောက်သတဲ့လား
အနီရောင် လိပ်ပြာမလေး
ငါ့အနားမှာ လာမ၀ဲနဲ့လေ
ကဗျာဆရာမှာ ပိုက်ဆံမရှိဘူး
ကဗျာဆရာမှာ ကားမရှိဘူး
ကဗျာဆရာမှာ ဖုန်းမရှိဘူး
ကဗျာဆရာမှာ နှလုံးသားတော့ရှိတယ်
ကဗျာဆရာဟာ ခံစားတတ်တယ်
ကဗျာဆရာဟာ လောင်ကြွမ်းတတ်တယ်
အနီရောင် လိပ်ပြာမလေး
မင်းလိုတယ်ဆို
ငါပန်းပင်မှာ လာနားလေကွယ်
ငါ့ဝတ်ရည်တွေ သောက်သုံးလေကွယ်
ဒီလောက်ပဲ ငါတတ်နိုင်တယ်ကွဲ့
အင်း.. ဘာပြောတယ်
အနီရောင် လိပ်ပြာမလေး
မင်းစားချင်တာ ခေါက်ဆွဲကြော်လား
အော်အေး စားလေကွယ်
ကဗျာဆရာရဲ့ နှစ်ရက်စာထမင်းဖိုးနဲ့
ခေါက်ဆွဲကြော်ဝယ်
လိပ်ပြာမလေး မင်းစားစေတော့
စားလေတော့ ………….
အပြန်မှာ
ကဗျာဆရာ အတော်မူးခဲ့ပေါ့။

ရင်နင့်အောင်

ဆန့်ကျင်ဘက်များ

ဘယ်တော့မှ မဖြူရဲတော့လို့
ငါ မည်းနေခဲ့တာပါ ။


အလင်းတွေကို ရှူသွင်း
မှောင်ဇာတ်ခင်းနေတဲ့ အိပ်မက်တွေ
သန်းခေါင်ယံမှ နိုးထ
အိပ်ပြရုံနဲ့တော့
အိပ်ယာတွေ မကုန်ကြဘူး ။


ဒါဟာ အမှောင်သက်သက်ပါ
အတောင်ပံနဲ့ အလင်းတွေက ရီးလေးခို ...

ပြုံးလို့တော့မှ မရရင်
ငါဟာ အစိမ်းလိုက် ငိုကြွေး
အိပ်မက်ပွင့်တွေ မနိုးမချင်း
မျှော်လင့်ခြင်း စမ်းချောင်းတွေ
အလိပ်လိုက် ထွေးထုတ်ပစ်စမ်း ...။

ရင်နင့်အောင်
၂၀၀၃

ညနေခင်း ကဗျာ

တစ်ခုသော ညနေမှာပေါ့
ကိုယ်စဉ်းစားမိတာ ရိုးလွန်းခဲ့တယ်ကွယ်
ဒီလိုလေ....
ငှက်က ခရီးကိုတွေ့တော့ ပျံတယ်
ကားက ခရီးကိုတွေ့တော့ မောင်းနှင်တယ်ပေါ့
ငါးက ခရီးကိုတွေ့တော့ ကူးခတ်တယ်
ကဗျာဆရာက ခရီးကိုတွေ့တော့ လွယ်အိတ်ဆွဲကိုင်တယ်
ဒုံးပျံက ခရီးကိုတွေ့တော့ ကမ္ဘာပတ်တယ်
လူက ခရီးကိုတွေ့တော့ သက်ပြင်းချတယ်လို့
စဉ်းစားရင်း ဆန်းသစ်ချင်လာတာနဲ့
ကိုယ်က အတွဲလုံးလေးတွေ ကစားကြည့်လိုက်တာ
ငှက်က ကားနဲ့ ခရီးတွေကို မှောင်းနှင်ချိန်မှာ
ငါးက ဒုံးပျံဖက်လိုက်ပြီး ကူးခတ်မလို့
ကမ္ဘာက အရင်အတိုင်း ပုံမှန်မလည်နိုင်တော့
လူက သက်ပြင်းကို ခရီးအရှည်ကြီးလို ချရပြီကွယ်
ကဗျာဆရာက ဘယ်သူမှ မသိအောင် လွယ်အိတ်ထဲမှာ ပုန်းနေလိုက်ရော တဲ့ ...။
သြော် .. မိုးတောင် ချုပ်ပါပကော
ကိုယ် ဆန်းသစ်လိုက်တာ ကောင်းပါရဲ့လား ပြန်မတွေးတော့ဘဲ
အိမ်ပြန်မယ် နောက်အလှည့်မှာ
ဟိုး ရှေ့မှာ ကိုယ်ကို စောင့်နေတာ ခရီးရှည်ကြီးပါလား ...
ခရီးအရှည်ကြီး (၀ါ) အိမ်အပြန်ခရီးကို ကိုယ်တွေ့လေပြီကော ...
ကားနဲ့ ပျံသန်းမလား
ဒုံးပျံနဲ့ ကူးခတ်လေမလား
သြော် .. တကယ်တော့
ကိုယ်ဟာ တူတူပုန်းတမ်းကစားနေတဲ့ လူရယ်
ဒါပေမယ့် ဘယ်သူကမှ လိုက်မရှာကြပါလား
ကိုယ် ပုန်းနေတယ်ကွဲ့
လွယ်အိတ်ထဲမှာ
တစ်နည်း
စာအုပ်ထဲမှာ
ကိုယ် ပုန်းနေပါတယ်
တစ်နည်း
လောက သီအိုရီအချို့ထဲမှာ
တစ်နည်း
ကမ္ဘာရဲ့ တစ်နေရာမှာပေါ့
ကိုယ်ပုန်းနေပါတယ် အိမ်အပြန်ခရီးတွေရဲ့
ကိုယ့်ကို လာရှာပါတော့လား
ကိုယ့်ကို တွေ့အောင်ရှာပါရော့လား ..
ကိုယ်က ကမ္ဘာကိုသိအောင် အတိအလင်း မကြေငြာချင်ဘူး
ကိုယ်က ပုန်းနေတဲ့ကောင်
ဟဲ့ ... သြော် .... ကဲ ... မှောင်တောင် မှောင်ပါသကော
မဆန်းသစ်တော့ပါဘူးလေ
ဒါဟာ တစ်ခုသော ညနေက ကိုယ်တွေးမိတာလေးပေါ့ကွယ် ..။

ရင်နင့်အောင်

ဘ၀ကဗျာ

ကွန်ယက်နဲ့ ထွန်ခြစ် မွေးမြူခဲ့သမျှ
သီးပွင့်လာတာ အိပ်မက်အပိုဒ် ၂၈ရဲ့
အရေခွံကြီးတစ်ခု ဆိုပါလား ….
ဒီတစ်ခါလည်း ခွဲကြရဦးမယ် သမီးရေ …
ပြောင်းလဲမှုတွေနဲ့ တည်ငြိမ်ခဲ့တဲ့လောက
မတော်တဆ ခြေခွင်လဲကျသွားတဲ့ ကိုယ့်ကျင့်တရားမှာ
ရေမွှေးနဲ့ သင်းနေတဲ့ အစွန်းအထင်းတချို့နဲ့
ကဲ .. ကြားရတဲ့ သတင်းက လုံးဝမမြင်ရဘူး။
ခုဆို မြေကြီးကို ခဏတိုင်း မော့ကြည့်နေရပေမယ့်
ဘ၀က ပင်လယ်နံ့သင်းတဲ့ နာဂစ်တစ်ခုလို
လူမုန်းများခဲ့ပြီလေ
ဖြစ်ချင်တာတွေလည်း မုန့်လုံး စက္ကူကပ်လို့
မဖြစ်ချင်တာတွေလည်း မုန့်လုံးစက္ကူကပ်လို့
ဖြစ်လာတွေကလည်း မုန့်လုံးစက္ကူကပ်လို့
အသေးအဖွဲမာနတစ်ခုကြောင့် အကြီးအကျယ် ဒုက္ခရောက်ခဲ့ရ
ဒါသည်ပဲ ဒီကောင်က မသိဘူးလို့ ခေါင်းမာခဲ့တဲ့ကောင်
တောင်ပေါ်မှာ လာပေါက်နေတဲ့ မြစ်တစ်စင်း
မြစ်အောက်မှာ လာပွင့်နေတဲ့ တောင်
တောင်ခြေမှာ ငါ အတုံးအရုံး ကျရှုံးခဲ့ပါရဲ့
ကဲ .. ဖြစ်ချင်ရာ ဖြစ်စမ်း
ကမ္ဘာတောင် အရင်လို နှစ်ဆယ့်သုံး နှစ်ပိုင်းတစ်ပိုင်း အတိအကျ မလည်တော့ဘူး
ကဲဖြစ်ချင်ရာဖြစ်စမ်း
နေကို ပတ်နေတာတောင် ဂြိုလ်ရာမသွင်းခံရတဲ့ ပလူတိုဂြိုလ်တဲ့
ဘ၀မှာ ညတွေချည်းဖြစ်ခဲ့ရင်တောင်
ငါက မအိပ်လိုက်ရတဲ့ကောင်
ဒါတင်လား မဟုတ်ဘူး
ငါက သူများတကာ အိပ်ပျော်ဖို့ ဆိုတေးချော့ရတဲ့ကောင်
ဘ၀ကို နာကျည်းချင်ပေမယ့်
နာကျည်းဖို့တောင် အချိန်ကမရှိခဲ့ အင်အားက မရှိခဲ့လေတော့
ဒီညမှာ
လမင်းကလည်း ဒီရေတက်အောင် မလုပ်တော့ဘူး
ပင်လယ်က ငြိမ်သက်လို့
လှိုင်းတွေက ငြိမ်သက်လို့
သစ်ပင်တွေက ငြိမ်သက်လို့
သစ်ရွက်ခြောက်တွေက ငြိမ်သက်လို့
ခုန်နေတဲ့ ဒီရင်ခွင်မှာတော့
လွမ်းနေတာလေး တစ်ခုကလွဲရင်
အင်း ……………. သူလည်း .. ငြိမ်သက်လို့။

ရင်နင့်အောင်

ကမ္ဘာဦး ညချမ်းများ၏ အလွန်........

              နေရောင် လရောင်တွေ ဝေးကွာတဲ့ အရပ်မှာ အိပ်မက်တို့ လူးလွန့်နေပြီ..။ နေ့ စွဲများ အဝေးသို့  ထွက်သွားပါ..။  ပုံရိပ်များနှင့် ခြောက်လှန့်တတ်သော  ကဝေ ပျိုတို့အားလည်း အလိုမရှိပါ..။ တိတ်ဆိတ်ခြင်းတွင် အခြား မည်သည့်အရာများ ပါဝင်ခဲ့သည်ဆိုတာကို မသိခြင်းသည် ရိုးသားမှုတစ်ခုသာဖြစ်ပါသည်..။ အချိန်တန်သည် ဆိုသော စကားကို သိပ်နားမလည်လှပါ..။ အချိန်သည် မည်သို့ တန်သွားသနည်း..။ ဘယ်လို တန်သွားသနည်း..။ တန်သည် ဆိုတာကကော ဘယ်လိုမျိုးပါလဲ..။
              ကျွန်တော့်အတွက် နေခြည်နွေးတစ်ခွက်သာ စွန့်ကြဲတော်မူပါ..။
              ပုံပြင်ထဲက သူရဲကောင်းလေးသည် ကျွန်တော်မဟုတ်ကြောင်း ရှင်းပြဖို့ လိုမည် မထင်ပါ...။ အားလုံးဇာတ်လိုက် ဟူသော ကဗျာစာအုပ်တစ်အုပ် ရှိပါသည်..။ အားလုံး ဇာတ်ပို့  ဟူသော နာကျင်စရာ ရုပ်ရှင် ဇာတ်ကားတစ်ကားရှိပါသည်..။ အားလုံး ဗီလိန် ဟူသော ထိတ်လန့်ဖွယ် အိပ်မက်များ ရှိပါသည်။  ယုံကြည်ခြင်း မြင်ပြင်တွင် အနာတရ ငှက်ငယ်တို့  နာကျည်းစွာပျံသန်းနေကြသည်..။ တစ်ချိန်ချိန်တွင် အရာအားလုံးသည် ပြီးဆုံးဖို့  ဆုံးဖြတ်ထားပြီး ဖြစ်ပါသည်..။
             ကျွန်တော့်အတွက် သစ္စာ ဟူသော စကားလုံးမပါသည့် အမှန်တရား တစ်ခု ကို ပြောကြားပေးပါ..။
             ဝေးခဲ့ပြီဟု ထင်မှတ်ခဲ့သော အရာများ လက်ဖ၀ါးထဲ ဆုပ်ကိုင်မိချိန်တွင် ကျွန်တော်တို့ ၏ စိတ်သည် အမှန်တကယ်ပျော်ရွှင်ခဲ့ပါသလား.။
မေးခွန်းမဟုတ်သော နှုတ်ဆက်စကားသက်သက်သာ ဖြစ်ပါသည်.။ စိုးရိမ်ပူပန်ခြင်း မဖြစ်ကြပါနှင့် .။ မေးခွန်းများ၏ ခြောက်လှန့် မှုကို အသားမကျနိုင်သော လူသားများသည် အစဉ်အမြဲ ကျောင်းသား လေးတွေသာ ဖြစ်နေပါမည် .။ မှားယွင်းရာ မှားယွင်းကြောင်း ရေးခြစ်ခဲ့သော ရေပေါ်မှ အရုပ်များ၏ အရိုင်းဆန်မှုကြောင့် တောင်စဉ်ခုနှစ်ထပ်တွင် မုန်တိုင်းတစ်ခု ကျရောက်သွားကြောင်း..။ အိပ်မက်များ၏ အမြင်ပျံ ဥာဉ်ဆိုးများကြောင့် ညများ နာမည်ပျက်ခဲ့ရကြောင်း..။ တစ်စုံတစ်ရာသည် တစ်စုံတစ်ရာ ဖြစ်ကြောင်း သက်သေပြ ဖို့  စကြာဝဠာသို့  အလည်အပတ်ခရီး ထွက်ခဲ့သည်..။
             ကျွန်တော့်အတွက် ပုံပြင်မဟုတ်သော ပုံပြင်တစ်ပုဒ် ဝေမျှတော်မူပါ..။ အိပ်စက်ခြင်းသည် နှိုးထခြင်းမှာ အဆုံးသတ်ကြောင်း ကျွန်တော် မယုံကြည်ပါ..။
              စိတ်စေတသိတ်တို့ ၏ သံမဏိဆန်မှုများကြောင့် ၀င်လေထွက်လေများ ဟစ်ဟော့တီလုံးများလို  ၀ုန်းဆန်နေခဲ့သည်မှာ လွန်ခဲ့သော ဆယ်စုနှစ်ကတည်းက ဖြစ်သည်..။ ပိုင်ဆိုင်လိုခြင်းသည် ချစ်စဖွယ်ကောင်းသော အတ္တတစ်ခုဖြစ်ကြောင်း ကျွန်တော်ပြောလျှင် လက်ခံပေးပါ..။ နောက်ဆုံးအချိန် ဟူသော အဆုံးသတ်တစ်ခုတွင် ကျွန်တော်တို့  ဘာကိုမှ မပိုင်ဆိုင်ရမှန်းသိသော်ငြားလည်း  ကျွန်တော်တို့  တစ်ခုခုကို  ရမ္မက်ကြီးစွာ ပိုင်ဆိုင်လိုခြင်းသည် မှားယွင်းမှု တစ်ခု    မဟုတ်ကြောင်း ကျွန်တော်အပါအ၀င် လူသား အားလုံး လက်ခံကြပြီး ဖြစ်သည်..။ လင်းလက်လိုစိတ်တစ်ခုတည်းနှင့်တော့  ညများကို အသက်တိုစေလိုခြင်းသည် ကလေးဆန်လွန်းသော စိတ်အမူအကျင့်တစ်ခုသာ ဖြစ်ပါသည်..။
            ကျွန်တော့်အတွက် စကားလုံးများ မ၀င်ရောက်နိုင်သော တေးချင်းတစ်ပုဒ် တီးခတ်တော်မူပါ..။
            ဘောင်များသည် မလိုအပ်ဘဲ ကမျဉ်းကြောထ ရေးဆွဲထားသော အရာများမဟုတ်..။
            တစ်ဦးတစ်ယောက်အတွက် လိုအပ်ခြင်းသည် တစ်ဦးတစ်ယောက်အတွက် အနှောက်အယှက်ဖြစ်နိုင်ကြောင်း  အားလုံးအသိ ဖြစ်ပါသည်။
            နီတိ ကျင့်ဝတ် နှင့် စည်းကမ်းများသည် နှစ်သက်သဘောကျစေရန် ပြုလုပ်ဖန်တီးထားသော ဖျော်ဖြေရေး အရာများမဟုတ်...။ လိုက်နာနိုင်သူများအတွက်သာ မွေးဖွားထားသော နွေဦးရာသီများသာ ဖြစ်ပါသည်...။
            ရင်ဘောင်တန်းရန်မလွယ်ကူပါက မျက်နှာချင်းဆိုင်လိုက်ကြပါ..။
            ကြယ်တာရာများ ကခုန်ကြပါလိမ့်မည်..။
            ကျွန်တော့်အတွက်.......။
            ကျွန်တော့်အတွက်...။
            ကျွန်တော့်အတွက်။

မိုးအိမ်လူ

Thursday, October 13, 2011

အဖေ့ကို ပြန်လွှတ်ပေးကြပါတော့

PostHeaderIcon အဖေ့ကို ပြန်လွှတ်ပေးကြပါတော့

by Burma Thwe on Wednesday, June 1, 2011 at 6:26pm

သမီးဘ၀မှာ အဖေဆိုတာ
ပြင်ပကမ္ဘာမှာ မမြင်တွေ့ရသေးပါဘူး ........။
မြင်ဘူးချင်လိုက်တာ အမေရယ်ဆိုတော့
ကြိတ်ပြီး ရှိုက်ကာ မျက်ရည်ကျတတ်တဲ့
အမေ့က အမြဲတမ်းလိုလို
ဝမ်းနည်းစွာ ငိုကြွေးပြတဲ့ အခါတိုင်း
အမေ့ကို တင်းကြပ်စွာဖက်ထားပြီး
ခေါင်းရင်းခန်းက သမီးကို ချီထားတဲ့
အဖေ့ဓါတ်ပုံလေးကို ငေးကာကြည်ရင်း
သမီးလည်း ရောလို့ မျက်ရည်တွေ
ကျခဲ့ရတာ များလှပါပြီ အဖေ……….။


သူငယ်ချင်းတွေမှာ အဖေရှိလို့
ကျောင်းကို လိုက်ပို့ခဲ့ကြတယ်
စားချင်တာတွေ ၀ယ်ကျွေးပြီး
နွေးထွေးစွာ ကြင်နာပြနေကြတယ်……..
သမီးမှာတော့ တစ်ယောက်ထဲပါလားလို့
တွေးမိလိုက်တိုင်း အဖေ့ကို တမ်းတနေရတုန်းပါဘဲ…….အဖေရယ်...။

သုံးယောက်ထဲ နဲ့ တည်ထောင်ထားတဲ့
မိသားစုမှာ အဖေမရှိတော့ မပြည့်စုံသလို
ခံစားရတယ်လို့ အမေပြောတိုင်း
အဖေ့ကို အရမ်းတမ်းတ မိတဲ့ အခါ
အဖေ့ဓါတ်ပုံအောက်က
အမှန်တရားကို လက်ကိုင်ထားလို့
ဒုက္ခခံစားရတာ ဒီမိုကရေစီ စနစ်
မထွန်းကားလို့ပါ ဆိုတဲ့ စာသားလေးကို
သေချာ နားမလည်ပေမယ့်
အကြိမ်ကြိမ် စာလုံးပေါင်း ဖတ်နေဆဲပါဘဲ အဖေ……..။

တခါမှ မကြုံဘူးအောင် ရွှင်လန်းနေတဲ့ အမေ
မှန်ရှေ့မှာ တသသနဲ့ ဖီးလိမ်းလို့ ခြယ်သနေတယ်…….
မသေချာတဲ့ အတွေးတစ ပေမယ့်
အမေ့ကိုကြည့်ပြီး ပျော်မြူးခဲ့ရတယ်…..
မနေနိုင်လို့ အမေ့လက်ကို ကိုင်စွဲပြီး
ဘာကြောင့်လည်း ဆိုတာ မေးလိုက်တဲ့ အချိန်
အမေ့ စကားကြောင့် တကိုယ်လုံး
မြှောက်တက်သွားတယ် အဖေပြန်လာတော့မယ်တဲ့……….။


သဘာဝ အတိုင်း နေထွက်လာတာ
မှန်ပေမယ့် အဲဒီနေ့ ပိုလှသလိုဘဲနော်
ဆိုတော့ အမေက ရီပြတယ်……..။
အဖေ့ အကြောင်းကို တွေးရင်း
ပျော်မြူးနေတဲ့ သမီးနဲ့အမေ
မနက်စာ အတွက် ၀မ်းဟာနေတာတောင်
သတိမထားဖြစ်ခဲ့ကြဘူး……..။

ဒီလိုနဲ့ အဖေကို သွားကြိုဖို့ အတွက်
ချီတက်ခဲ့ကြတယ်………..။
လူများစွာကို ငေးကြည့်ရင်းက
ဘ၀တူတွေ အများကြီးပါဘဲလားဆိုပြီး
အမေ့က အံ့သြစွာ စကားဆိုတာကို
သေချာ နားမလည်ပေမယ့် တခုခုတော့ ခံစားရသလိုပါဘဲ….။

ထောင်ဘူးဝက အဖေထွက်အလာကို
စိတ်လုပ်ရှားစွာ သမီးစောင့်ရင်း
အဖေ့ထွက်လာခဲ့ရင်
ပြေးဖက်မယ် ဆိုတဲ့ စိတ်ကူးလေးနဲ့
ကြည်နူးခဲ့တယ် အဖေ………..။

လူတစ်ယောက် ထွက်လာတိုင်း
အမေ့လက်ကို ဆွဲကာ
အဖေလား ဆိုပြီး သမီး ညွှန်ပြပေမယ့်
ထွက်ပေါက်ကို စူးစိုက်ကြည့်နေတဲ့ အမေ
စိတ်လုပ်ရှားနေတယ် ဆိုတာ
အေးစက်တဲ့ အမေ့လက်ဖျားတွေက
သက်သေခံထားနေတယ်…..အဖေရယ်..

သမီးတို့ နှစ်ယောက် ဗိုက်ဆာဖို့လည်း
သတိမရကြပါဘူး………..ထောင်ဘူးဝမှာ
မျှော်နေဆဲပါ……..
အဖေနဲ့တူတူ ထမင်းစားမယ်ဆိုပြီး
သမီးနဲ့ အမေ တိုင်ပင်ထားတယ်
မြန်မြန်လာပါတော့ အဖေရယ်…..။

ဒီလိုနဲ့ နေတောင် အတော်စောင်းလို့
လူအပေါင်းလည်း ပြန်သွားကြပြီ
သမီး အဖေလည်း မလာသေးပါလား ဆိုပြီး
တုန်ရီနေတဲ့ အသံနဲ့ အမေပြောကြားရင်း
အရုပ်ကြိုးပြတ် အမေလဲကျသွားပြီ
အဖေ……..ရေ..။
ငယ်သံပါအောင် အော်လိုက်တဲ့
သမီး အသံကြောင့်
လူတစ်ယောက် အမေ့ကို ပြေးထူမကာ
အသဲအသန် လှုပ်နိုးပေမယ့်
စိတ်ထိခိုက်လွန်းတဲ့ ဒဏ်ကြောင့်
အသက်ပါသွားတဲ့ အမေ
သမီးကို ထားခဲ့ပြန်ပြီ ….အဖေရယ်……..။

မိခင် အလောင်းကို ဖက်ငိုကာ
ထောင်ဘူးဝကို ငေးစိုက်ကြည့်ရင်း
ကလေးငယ်လေးက
နာကျင်စွာ ဟစ်အော်လိုက်တယ်
အဖေ့ ကို ပြန်လွှတ်ပေးကြပါတော့…………..။

ဒီမြင်ကွင်းနဲ့ အသံကြောင့်
စိတ်လုပ်ရှားသွားတဲ့ ကျနော်
တုန်ရီနေတဲ့ လက်များကို
ကြွေကွဲသွားတဲ့ နှလုံးသားက
မောင်းနှင်လို့ ကဗျာတပုဒ် အဖြစ်
မွေးထုတ်ကာ စဉ်းစားမိတာက
သူတို့သာ လူသားမှန်ရင်
ကိုယ်ချင်းစရာ တရားတော့
ရှိတန်ကောင်းပါရဲ့လို့ တိတ်တခိုး ရည်ရွတ်လျှက်………..။


ခင်မင်လေးစားလျှက်
ဗမာ့သွေး


တိုင်းပြည်ကို တိုးတက်ထွန်းကားစေဖို့ အတွက် သာတူညီမျှ လူ့အခွင့်ရေးတွေကို ပြည်သူတွေ ခံစားနိုင်ဖို့ ဒီမိုကရေစီ နိုင်ငံတော်ကို ထူထောင်ဖို့ ကြိုးစားကြကာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ ကျနော်တို့ရဲ့ သူရဲကောင်းများ အားလုံးလွတ်မြောက်အောင် မိတ်ဆွေတို့ တတ်နိုင်သလောက်လေး ၀ိုင်းဝန်း ကြိုးစားပေးကြပါလို့ လေးစားစွာ မေတ္တာရပ်ခံ တိုက်တွန်း နိုးဆော်လိုပါတယ် ခင်ဗျာ ။ ကဗျာလေးကို ဖတ်ပြီးသွားရင် မိတ်ဆွေတို့ ရင်ထဲက ခံစားများကို ရင်ဖွင့်ချခဲ့ကြပါလို့ လေးစားစွာ မေတ္တာရပ်ခံချင်ပါတယ်....။

Monday, October 10, 2011

အတွေးမှတ်စုများ (၂၀)



  1. သင်ဘာလုပ်နေသလဲဆိုတာ ကမ္ဘာကြီးကို ပြောပြပါ။
  2. အုတ်ခဲတစ်ခဲမှာ ရှိသင့်တဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံသောအုတ်ခဲကို အုတ်ခဲပီသတဲ့ အုတ်ခဲ၊ တနည်းအားဖြင့် ဂုဏ်သိက္ခာရှိသော အုတ်ခဲ ဟု ဆိုနိုင်သည်။ပျဉ်တစ်ချပ်မှာ ရှိသင့်သည့် အရည်အသွေးများနှင့် ပြည့်စုံသော ပျဉ်ချပ်သည် ဂုဏ်သိက္ခာရှိသော ပျဉ်ချပ်ပင်။
    လူမှာဆိုလျှင်??။
    ဂုဏ်သိက္ခာရှိသော လူဆိုသည်မှာ တည်ကြည်ခိုင်ခံ့သည့် ကိုယ်ပိုင်အရည်အသွေး တသမတ်တည်း ပေးနိုင်သူသာဖြစ်သည်။
  3. မိမိကိုယ်ကိုလေးစားသူမှန်သမျှ ထိပ်တန်းရောက်အောင်ကြိုးစားမည်ဟူသော စိတ်မျိုး ရှိကြသည်။
  4. လူငယ်ဘ၀မှာ အမှား၊ လူလတ်ဘဝမှာ စွန့်စားရုန်းကန်မှု၊ လူအိုဘဝမှာ နောင်တ။
  5. လူငယ်ဘဝတွင် ပြုပြင်စီမံခဲ့ရသမျှ အိုမင်းချိန်အတွက် ကောင်းကျိုး ဆိုးကျိုးသာ ဖြစ်ရချေသည်။
  6. အသက်(၄၀)အရွယ်သည် လူငယ်တစ်ဦး၏ အိုမင်းချိန်။ အသက်(၅၀)အရွယ်သည် လူအိုတစ်ဦး၏ နုပျိုချိန်ဖြစ်သည်။
  7. လူငယ်တို့၏အားသည် ပျိုရွယ်မှု၊ လူအိုတို့၏အားသည် ရင့်ကျက်မှု။
  8. အချို့သည် ဘဝတွင် ကြီးကျယ်ခမ်းနားစွာ မွေးဖွားလာကြသည်။ သို့သော် သူတို့၏ ကြီးကျယ်မှုကို မမက်မော မခုံမင်ကြချေ။ တကယ်ဆိုတော့ သူတို့သည် သူတို့ကိုယ်သူတို့ ရာဇဝင်တွင်အောင် လုပ်သွားသူများသာ ဖြစ်ကြသည်။
  9. သင့်မှာ မွေးသည်မှ သေသည်အထိ နေသွားရမည့် တိုတောင်းသော ဘဝလေးတစ်ခု ရှိသည်။ ထိုဘဝသည် အညံ့စား ပန်းချီဆရာ၏ ပန်းချီကားတစ်ချပ်လို မထင်မရှားလည်း ပျောက်ကွယ်သွားနိုင်၏။ ဒါဗင်ချီ၏ မိုနာလီဇာပန်းချီကား၊ ရိုဒင်၏ တွေးတောသူ ပန်းပုရုပ်များကဲ့သို့လည်း ကြီးကျယ်သွားနိုင်ပါ၏။
  10. နပိုလီယန်က မဖြစ်နိုင်ဆိုသားစကား ငါ့အဘိဓာန်တွင်မရှိ ဟု ဆိုခဲ့သည်။ လောက၌ မဖြစ်နိုင်သောအရာတွေလည်း ရှိမှာ မုချဖြစ်သည်။ သို့သော် ဖြစ်နိုင်ပါ့မလား ဟူသော အတွေးမျိုး ခေါင်းထဲ အဝင်မခံသော သူအတွက်မူ မဖြစ်နိုင်ဟူသောအရာတွေသည် အခြားသူများထက်တော့ နည်းပါးနေမည်မှာ သေချာသည်။
  11. လူဦးရေ ၅၄ သန်းရှိတဲ့ ကျွန်တော်တို့ တိုင်းပြည်မှာ D.Sc ဘွဲ့ရ ပညာတတ် တစ်ယောက်မှမရှိသေးဘူး။ လူတွေကျောင်းမနေရ၊ အလုပ်အကိုင်မရကြတော့ သူခိုး သူဝှက်ဖြစ်သူဖြစ်၊ လူဆိုးလူမိုက် ဖြစ်သူဖြစ်နဲ့ တိုင်းပြည်ကို နှောက်ယှက်ဖျက်ဆီးကြတယ်။ ကျွန်တော်တို့နိုင်ငံကြီးကို ဒီလိုနဲ့တော့ အပျက်မခံနိုင်ဘူး။ ကျွန်တော်တို့ ဘယ်သွားရမလဲ၊ ဘာလုပ်ရမလဲ၊၊ မဖြစ်မနေသွားမယ်၊ လုပ်ရမယ်၊ ကျနော်တို့ ကြိုးစားရမယ်။
  12. တိုက်ရမည်လား ဆုတ်ရမည်လား မကွဲပြားသည့်အခါတိုင်း ကျွန်ုပ် တိုက်ရန် ဆုံးဖြတ်မည်။
  13. ပစ်မည်ဆိုလျှင် အဆီကို နှမြောမနေနှင့်၊ စားမည်ဆိုလည်း သဲကြောက်မနေနှင့်။
  14. မပြတ်သားသောသူသည် ခေါင်းဆောင်မဖြစ်နိုင်။
  15. မနေ့ကငါထက် ဒီနေ့ငါက ပိုသာရမည်။
  16. လူအများစုတို့သည် မိမိတို့မှာရှိသည့် တီထွင်ကြံဆမှုစွမ်းရည်နှင့် အလုပ်လုပ်မှုစွမ်းရည်တို့၏ ဆယ်ပုံတစ်ပုံမျှကိုသာ အသုံးပြုနေကြသည်။ အကယ်၍ မိမိ စွမ်းအားရှိသမျှသာ ပြည့်ပြည့်ဝဝ အသုံးချမည်ဆိုက မိမိ၏ စွမ်းဆောင်မှုများအတွက် မိမိကိုယ်တိုင်ပင် အံ့အားသင့်ရလိမ့်မည်။
  17. အတော်ဆုံး လူများထံ အကြီးမားဆုံး ပြဿနာများ ရောက်ရှိလာစမြဲဖြစ်သည်။
  18. "အကယ်၍…..ခဲ့လျှင်” ဆိုတာမျိုးမတွေးနှင့်။"အဲ့ဒါသာ ငါမလုပ်ခဲ့မိလျှင်”၊ "ဒီကိစ္စကြီးသာ ငါ့မှာမဖြစ်ခဲ့လျှင်”၊ ”ငါသာ……လို ကံကောင်းခဲ့လျှင်” စသည့် အကျိုးမရှိ၊ အကြောင်းမထူးသည့် အတွေးများဖြင့် အချိန်ကုန်မခံနှင့်။
    "ဘယ်လို” လုပ်မလဲဆိုတာကိုပဲ စဉ်းစားပါ။
  19. အိပ်တယ်ဆိုတာ မူးရစ်ဆေးဝါး သုံးစွဲသလိုပဲ၊ များများအိပ်လေ ပိုပြီးအိပ်ချင်လေပဲ။ အိပ်တဲ့အတွက် အချိန်ကုန်တယ်၊ ခွန်အားယုတ်လျော့တယ်၊ အခွင့်အရေးတွေ ဆုံးရှုံးတယ်။
  20. စာမဖတ်သူ အကန်းနှင့်တူ၊ စာမဖတ်က လူ့ဗာလ။
  21. လူမျိုးတစ်မျိုး၏ အဆင့်အတန်းကို သိလိုလျှင် စာတတ်မတတ်ကိုကြည့်။
  22. စာအုပ်တွေနှင့် ပြည့်နေသောအိမ်သည် ပန်းပေါင်ဝေစာနေသော ဥယျာဉ်ကြီးနှင့် တူသည်။
  23. ပညာရေးဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေးကို မရမနေ တည်ဆောက်ရမည်။
  24. စာဖတ်ခြင်းသာလျှင် ဘဝတိုးတက်ရေးအတွက် နည်းလမ်းကောင်းဖြစ်သည်။
  25. မိန်းမဟာ ဆေးလိပ်ထက် ကျုပ်တို့အတွက် သစ္စာရှိတယ်။ ဘာကြောင့်လဲဆိုတော့ မိန်းမဟာ ဘယ်အခြေအနေရောက်ရောက် မိန်းမပါပဲ။ ဒါပေမယ့် ဆေးလိပ်ကတော့ နောက်ဆုံးမှာ အန္တရာယ်ဘဝသို့ ပြောင်းသွားတယ်။
  26. ပုခက်လွှဲသောလက်များသည် ကမ္ဘာကို စိုးပိုင်ထားနိုင်၏။
  27. မိန်းမများသည် ယောင်္ကျားတို့ထက် မှတ်ဥာဏ်ကောင်း၏။ အဘယ်ကြောင့်ဆိုသော် သူတို့်သည် နည်းနည်းသိ၍ များများနားလည်သောကြောင့် ဖြစ်၏။
  28. က္ကတ္ထိယ မိန်းမဓာတ်သည် ကျွန်ုပ်တို့အား ရှေ့သို့ တွန်းတင်ပေးနိုင်၏။
  29. ယောင်္ကျားမှာ အတွေး၊ မိန်းမမှာ အမြင်။
  30. လူတို့သည် တစ်ခါတစ်ရံ ကလေးများနှင့် တူကြသည်။ မည်မျှပညာတက်တက်၊ မည်မျှ အသက်ကြီးကြီး ကလေးအတွေးမျိုး တွေးကြသည်။ ကလေးသည် မိမိလက်က ကစားစရာကို ကောင်းသည်မထင်။ အခြားကလေးလက်က ကစားစရာကိုမှ အကောင်းထင်သည်။ လိုချင်သည်။ မိမိလက်ငင်းရယူနိုင်သော အရာကို အကောင်းမမြင်။ အဆိုးများ၊ အပျက်များ၊ ချွတ်ယွင်းချက်များကိုသာ မြင်ကြ၏။ သူတပါး၏ အနေအထားကို အကောင်းတွေချည်း၊ အနှစ်သာရတွေချည်းဟု မြင်ကြ၏။
  31. တစ်ဦးတစ်ယောက်အတွက် မရည်ရွယ်ဘဲ ပြုလုပ်သောအလုပ်သည် လူသားအားလုံးအတွက် မြင့်မြတ်သော အလှူဒါန မျိုးပင်ဖြစ်သည်။
  32. ကမ္ဘာကြီးတစ်ခုလုံး ရေတွေ ပြည့်နေသော်လည်း သောက်သုံးရန် ရေတစ်ပေါက်က ရှားလွန်းလှသည်။

ခြင်္သေ့



တောသုံးတောင်သို့အ၀င်မှာ
ခြင်္သေ့ဟာ
သမင်မမျက်လုံးကို
ပခုံးပေါ်ပစ်တင်လိုက်တယ်။
ဒီကောင်လွမ်းခဲ့ပါတယ်
ညီမလေးရယ်။
ငါ့နှလုံးသားမှာ
ပန်းများဝေဖူး
ဒီနွေဦးဟာ
မင်းခူးယူဖို့ပါ။
ကန္တာရမဆန်ပါဘူး
ငါ ဒဏ်ရာရခဲ့တာပါ။
ညညတွေမှာ
မျက်ရည်နဲ့ငါ့ကိုသိပ်လေ
မြေ၀သုန်ရေ…
လင်းယုန်ငှက်တွေ
ငါဂုဏ်ပြုပါရဲ့။
ကောင်းကင်အိပ်ယာမှာ
ငါမအိပ်ချင်ပါဘူး။
လရောင်တွေကို
ငါမမေ့ချင်ပါဘူး။
ကမ္ဘာပေါ်မှာ
မြစ်တွေရဲ့ခေါ်သံ
ငါကြားနေရဦးမယ်။
ကွဲကြေတဲ့အပြုံးများသာ
နောက်ဆုံးကဗျာတစ်ပုဒ်
ချစ်သူဖတ်ဖို့ဟုတ်ပေလိမ့်မယ်။
ရာဇ၀င်အုတ်ဂူမှာ
မြှုပ်ကူသူမရှိ
လွမ်းသူ့ပန်းခွေချမယ့်လူမရှိ
ညီမလေးရယ်…
မရှိခြင်းတွေပဲ
ဒီကောင့်ဘ၀လေ။
ဗျာပါဒနှင်းဆီရေ
နေရစ်ပေတော့။
ပြီးပါပြီ -
ဆည်းဆာရီမှောင်
အနောက်တောင်မှာ
ဒီကောင်
ခြင်္သေ့ယောင်ဆောင်တဲ့တိမ်တွေ
တညနေလုံးထိုင်ကြည့်ခဲ့တယ်။

အောင်ဝေး
ဟန်သစ်မဂ္ဂဇင်း ဇွန်လ ၁၉၉၄

ပညာရေး နှင့် မြန်မာနိုင်ငံ


ပညာရေးဆိုသည်မှာ

“ပညာ” ဆိုတာ အတည်ပညာ၊ ယဉ်ကျေးမှု၊ အကျင့်တရားရှိမှု၊ `ဣနြေ္ဒတို့ကို စောင့်ထိန်းနိုင်မှု စသည်တိုးပွား၍ အဝိဇ္ဇာစသော အပြစ်ဒေါသများ၊ ကင်စင်သွားခြင်ကိုပင်”ပညာ အဆုံးအမ” ဟုခေါ်သည်လို့ “သစ္စတ္ထပကာသကျမ်း” မှာ ဖွင့်ဆိုထားတာ တွေ့ရပါတယ်။

ပညာရေးဆိုတဲ့ ဝေါဟာရဟာ အလွန်ကျယ်ဝန်း လှပါတယ်။ လူအများ သိနားလည်တဲ့ ကျောင်းသင် ပညာရေး (formal education) သာမက ကျောင်းပြင်ပ ပညာရေး (non-formal education) စတာတွေအားလုံးဟာ ပညာရေး နယ်ပယ်မှာ အကျုံးဝင်ပါတယ်။

နိုင်ငံ တစ်နိုင်ငံရဲ့ပညာရေးဟာ အဲဒီနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံသမိုင်း အခြေအနေ၊ ရိုးရာ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ စတာတွေနဲ့ ရောထွေး ယှက်နွယ် နေတတ်ပါတယ်။ ဒါကြောင့် နိုင်ငံတစ်နိုင်ငံမှာ ပညာရေးရဲ့ ရည်ရွယ်ချက်တွေ ချမှတ်ရာမှာ ဖြစ်စေ၊ အကောင်းအထည် ဖော်ရာမှာ ဖြစ်စေ ပညာရေးကို အခြားကဏ္ဍတွေနဲ့ ခွဲခြားပြီး တသီးတခြား စဉ်းစားလို့ မရနိုင်ပါဘူး။ သီးခြား ကင်းလွတ်သော ပညာရေး ဆိုပြီးတော့လည်း အကောင်အထည် ဖော်လို့ မရနိုင်ပါဘူး။

နိုင်ငံတစ်နိုင်ငံရဲ့ ပညာရေး အခြေအနေတွေဟာ ကာလ၊ ဒေသ၊ ပရောဂ အခြေအနေတွေ အလိုက် ပြောင်းလဲ လေ့ရှိပါတယ်။ ပညာရေးဆိုတာ အတိတ်သင်ခန်းစာကို အခြေခံပြီး၊ ပစ္စပ္ပန် အခြေအနေ အရပ်ရပ်ကို သုံးသပ်ကာ အနာဂတ်ကာလ အတွက် မျှော်မှန်းရခြင်း ဖြစ်လို့ ပညာရေး အသီးအပွင့်ဆိုတာ ချက်ချင်းစိုက် ချင်ချင်းခူးဆွတ်စားဖို့ မဖြစ်နိုင်ပါဘူး။ အနည်းဆုံး ၁၄-၁၅ နှစ်လောက်ကြာမှ ခံစားရတတ်ပါတယ်။


ခေတ်များ စနစ်များနှင့် မြန်မာ့ပညာရေး



သမိုင်းလမ်းကြောင်း ပဒေသရာဇ်ခေတ် ပညာရေး

မြန်မာနိုင်ငံမှာ ဘုရင်တွေ ထွန်းကားခဲ့တဲ့ ပဒေသရာဇ်ခေတ် ကတည်းက ပညာရေး ထွန်းကား စည်ပင်ခဲ့ပါတယ်။ ပဒေသရာဇ်ခေတ် လူနေမှု စနစ်နဲ့ ယဉ်ကျေးမှုတွေဟာ ဗုဒ္ဓရဲ့ တရားဓမ္မနဲ့ အဆုံး အမတွေကို အခြေခံပြီး ကျယ်ပြန့်စည်ပင် ထွန်းကား လာခဲ့ရတယ်။

ပဒေသရာဇ်ခေတ် ပညာရေးစနစ်ဟာ “ဘုန်ကြီးကျောင်း ပညာရေး” စနစ်ပါ။ ဒီပညာရေးစနစ်ဟာ အသက်မွေး ဝမ်းကျောင်း တတ်ဖို့ထက် ကိုယ်ကျင့်တရား ကောင်းမွန်တဲ့ ပြည်သူပြည်သားကောင်း ဖြစ်လာရေးကို ဦးတည်ခဲ့တဲ့ ပညာရေး လို့လည်း ဆိုနိုင်ပါတယ်။

စာသင်ကျောင်းရယ်လို့ သတ်သတ်မှတ်မှတ် မရှိဘူး။ ဘုန်ကြီးကျောင်း (စာသင်တိုက်) တွေဟာ ပညာသင်ကြားရာ ဗဟိုဌာနတွေ ဖြစ်လာပါတယ်။ လူတန်းစား မရွေး အခမဲ့ပညာ သင်ကြား ခွင့်ရ တာလည်း ထူးခြားမှု တစ်ရပ်ပါ။ စာပေသင်ကြား ပို့ချသူတွေဟာ ဘုန်းတော်ကြီးတွေ ကိုယ်တိုင် ဖြစ်နေ ပါတယ်။ အတန်းစနစ်မရှိဘူး။ စာသင်သား တစ်ဦးချင်ရဲ့ တိုးတက်မှု၊ တတ်မြောက်မှု အပေါ်မူတည်ပြီး အဆင့်တိုးကာ တစ်ဦးချင်ဆီ သင်ပေးတဲ့ ပညာရေးစနစ်လည်း ဖြစ်တယ်။

စာကို အာဂုံဆောင် အလွတ်ကျက်ရတယ်။ သင်ရိုးဆိုပြီးတော့လည်း အတည်တကျ ပြဠာန်းထားတာ မရှိဘူး။ အဓိက သင်ယူကြရတဲ့ ဘာသာရပ်တွေ ကတော့ ပါဠိနဲ့ မြန်မာ ဘာသာရပ်တွေပဲ ဖြစ်ပါတယ်။ ဘုန်းတော်ကြီးတွေရဲ့ ကျေးဇူးကြောင့် အဲဒီခေတ်တုန်းက မြန်မာနိုင်ငံရဲ့ စာရေးစာဖတ် တတ်မြောက်မှုနှုန်းဟာ ၈၅ ရာခိုင်နှုန်း ကျော်ကျော်ရှိခဲ့တယ်လို့ ဆိုတယ်။ အခြားအာရှ နိုင်ငံတွေနဲ့ နှိုင်းယှဉ်လိုက်ရင် စာတတ်သူဦးရေ ပိုများတယ်လို့ ဆိုနိုင်တယ်။

ကိုလိုနီခေတ်ပညာရေး

မြန်မာနိုင်ငံဟာ ၁၈၈၅ ခုနှစ်မှာ ဗြိတိသျှနယ်ချဲ့ လက်အောက်ကို ကျရောက်ခဲ့ရပါတယ်။ ဗြိတိသျှတွေက မြန်မာနိုင်ငံကို ကာလရှည်ကြာစွာ အုပ်ချုပ်နိုင်မယ့် သွေးခွဲအုပ်ချုပ်ရေး စနစ်ကို ကျင့်သုံးအကောင် အထည်ဖော်ခဲ့ပါတယ်။

ကိုလိုနီခေတ်က ကျောင်းတွေကို သုံးမျိုးခွဲပြီး ဖွင့်လှစ်ခဲ့ပါတယ်။

၁။ အင်္ဂလိပ်ကျောင်း( English school)
၂။ အင်္ဂလိပ်- မြန်မာစာသင်ကျောင်း( Anglo-Vemacular School)
၃။ တိုင်းရင်းသား- မြန်မာစာသင်ကျောင်း(Vermacular School)

ဆိုပြီးတော့ ဖြစ်ပါတယ်။ ကျောင်းတွေ ကွဲပြားသလို သင်ရိုးညွန်းတမ်း တွေလည်း ကွဲပြားနေပါတယ်။ တိုင်းရင်းသား ဘာသာစကား အင်္ဂလိပ်စာကို ဦးစားပေး သင်ကြားခဲ့ပြီး အဆင့်အတန်းကို အဆင့်အတန်းကို တစ်ခါတည်း ခွဲခြား လိုက်ပါတယ်။

အင်္ဂလိပ်ကျောင်း တွေဆိုတာ မျက်နှာဖြူတွေနဲ့ အထက်တန်းလွှာတွေ အတွက် သီးသန့်ဖြစ်ပြီး၊ အထက်တန်း ရာထူးမှန်း သူတွေ အတွက် ရည်စူးဖွင့်လှစ် ထားတာဖြစ်တယ်။ အင်္ဂလိပ်-မြန်မာ ကျောင်းတွေ ကတော့ တိုင်းရင်းသား လူနည်း စုသာ တက်နိုင်ပြီး ကိုလိုနီအုပ်ချုပ်ရေး ယန္တရား အတွက် လိုအပ်တဲ့ အစိုးရလခစား၊ စာရေးစာချီ၊ အောက်တန်း အမှုထမ်း အရာထမ်းတွေ ခန့်ထားဖို့ ဖွင့်လှစ် ထားတာပါ။ တိုင်းရင်းသား- မြန်မာကျောင်း တွေကတော့ တိုင်းရင်းသား အများစု တက်ရောက် နိုင်ကြပြီး ပညာကို ဆုံးခန်တိုင် သင်ယူနိုင်သူတွေ အလွန်နည်းတယ်။ ဒီကျောင်းက ထွက်လာ သူတွေဟာ ကျောက်ထိုးဆရာ၊ မြေတိုင်းစာရေးနဲ့ ကျောင်းဆရာအလုပ်လောက်သာ ရကြတယ်။

ကိုလိုနီပညာရေး ဆိုတာ လမ်းခွဲ လမ်းသွယ် အလွန်နည်းပါးတဲ့ ပညာရေးလို့ ပြောနိုင်ပါတယ်။ ကျွန်စိတ်ပေါက်ပြီး အမျိုးသားရေး စိတ်ဓာတ်တွေ နည်းပါးအောင် စနစ်တကျ ဖျက်ဆီးခဲ့တဲ့ ပညာရေးလို့ ဆိုနိုင်တယ်။ ဘက်စုံ ဖွံ့ဖြိုးတိုးတက် ရေးဆိုတာ အလှမ်းဝေးပြီး မြန်မာနိုင်ငံ စာတတ် မြောက်မှုနှုန်းဟာ ၃၅ ရာခိုင်နှုန်းကို လျော့ကျ ထိုးဆင်းသွားတာကို ကြည့်ရင် နယ်ချဲ့တို့ရဲ့စေတနာကို သဘောပေါက်မယ် ထင်ပါတယ်။

ပြည်တော်သာ ပညာရေး

၁၉၄၈ ခုနှစ်မှာ မြန်မာနိုင်ငံဟာ ဗြိတိသျှ ကိုလိုနီ လက်အောက်ကနေ လွတ်လပ်ရေး ရခဲ့ပြီး အချုပ်အချာ အာဏာပိုင် နိုင်ငံ တစ်နိုင်ငံဖြစ်ခဲ့ပါတယ်။ ဒီအချိန်ကစပြီး ပညာရေးကို နိုင်ငံတော် အစိုးရ အနေနဲ့ ပြုပြင်ပြေင်းလဲမှုတွေ များစွာလုပ် ဆောင်ခဲ့ပါတယ်။ နိုင်ငံတော် အစိုးရကလည်း ပညာသင်ကြား ရေးဆိုင်ရာ မူဝါဒများ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့ အကောင်အထည် ဖော်ဆောင် ရွက်ခြင်းကိုတော့ ၁၉၅၀ ပြည့်နှစ်လောက်မှပဲ စတင်ပြုလုပ်နိုင်ခဲ့ပါတယ်။

ပညာရေး မူဝါဒသစ်အရ ကျောင်းသုံးမျိုး မခွဲခြားတော့ပါဘူး။ နိုင်ငံတော် အစိုးရကျောင်းဆိုပြီး ကျောင်းတစ်မျိုး တည်းထားပြီး သင်ရိုးကိုလည်း တစ်မျိုးတည်းထားခြင်း မြန်မာစာကို သင်ကြား မှုမဏ္ဍိုင်အဖြစ် သတ်မှတ်ခြင်းတွေဟာ ထူးခြားတဲ့ ပညာရေးဆိုင်ရာ မူဝါဒသစ်တွေ ဖြစ်ပါတယ်။ ကျောင်း တွေမှာ သုံးစွဲဖို့ ငွေကြေးဆိုင်ရာ ကိစ္စတွေကိုလည်း နိုင်ငံတော်ကပဲ တာဝန်ယူခဲ့ပြီး ပညာရေးဆိုင်ရာ အထွေထွေပြုပြင် ပြောင်းလဲမှုတွေကို စတင် လုပ်ဆောင်လာခဲ့ပါတယ်။

၁၉၅၂ ခုနှစ်မှာ”ဘဝသစ်ဖန်တီးမှု ပညာရေးစီမံကိန်း” ကိုရေးဆွဲပြီး ပြည်တော်သာ ညီလာခံမှာ အတည်ပြုခဲ့တယ်။ ဒီစီမံကိန်းကို ရည်မှန်းချက် ငါးရပ်ချမှတ်ပြီး အကောင်အထည် ဖော်ဆောင် ရွက်ခဲ့ပါတယ်။စီမံချက်အရ ကျောင်းတွေကို တိုးချဲ့ဖွင့်လှစ်ခြင်း၊ သင်ရိုးညွန်းတမ်းနဲ့ မာတိကာ အသစ်တွေ ပြဠာန်းခြင်း၊ ကျောင်းသုံး စာအုပ်ထုတ်ဝေခြင်း၊ ဆရာဖြစ် ကောလိပ်နဲ့ သိပ္ပံကျောင်းများ ဖွင့်လှစ်ခြင်း၊ စိုက်ပျိုးရေးနဲ့ စက်မှုလက်မှု ပညာသင်ကျောင်းများ ဖွင့်လှစ်ခြင်း စတဲ့ပညာရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲ မှုတွေကို မနားတမ်းလုပ်ဆောင်ခဲ့ပါတယ်။

ဘဝသစ် ဖန်တီးမှုပညာရေး စီမံကိန်းကို ပထမပညာရေး လေးနှစ်စီမံကိန်း(၁၉၅၂-၅၆)၊ ဒုတိယ လေးနှစ် ပညာရေးစီမံကိန်း (၁၉၅၆-၆၀)၊ တတိယပညာရေး လေးနှစ်စီမံကိန်း(၁၉၆၀-၆၄) ဆိုပြီးတော့ စီမံကိန်း ကာလကို သုံးပိုင်းပိုင်းပြီး သတ်မှတ် လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ပထမပညာရေး လေးနှစ် စီမံကိန်းကိုပဲ အပြည့်အဝ အကောင်အထည် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီလေးနှစ်တာ အကောင်အထည် ဖော်နိုင်ခဲ့တာလေးနဲ့ပဲ ကောင်းမွန်တဲ့ ရလာဒ်တွေရှိခဲ့တယ်လို့ ပြေရမယ်။ ဒါပေမဲ့ ပညာရေး စီမံချက်က ချမှတ်ထားတဲ့ ဗလငါးတန်ပညာရေး (ကာယဗလ၊ ညဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ) တိုးတက်ဖွံ့ဖြိုးအောင်တော့ မဆောင်ရွက်နိုင်ခဲ့ကြပါဘူး။ အထူးသဖြင့်ကတော့ စာပေ ပညာ သင်ကြားရေး သက်သက်ကနေ အသက်မွေးဝမ်း ကျောင်းပညာ သင်ကြားရေးကို ကူးပြောင်း နိုင်ရုံ လေးပဲရှိခဲ့ပြီး အောင်မြင်အောင် မဆောင်ရွက်နိုင်ခဲ့ကြပါဘူး။ စာပေပညာရေး လမ်းကြောင်း တစ်ခုတည်းပဲ အောင်မြင်ခဲ့တယ်လို့ ဆိုရပါမယ်။

တော်လှန်ရေးကောင်စီခေတ် ပညာရေး

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ ပြည်ထောင်စုမြန်မာ နိုင်ငံတော် တော်လှန်ရေး ကောင်စီက နိုင်ငံတော်တာဝန်ကို ယူလိုက်ပြီးချိန်မှာ အသက်မွေးဝမ်း ကျောင်းကို အထောက်အကူပြုတဲ့ စာရိတ္တမြင့်မားရေးကို အခြေခံပညာရေး စနစ်ကို ပြောင်းလဲ ကျင့်သုံးလာခဲ့ကြတယ်။

၁၉၆၄ ခုနှစ်မှာ တက္ကသိုလ် ပညာရေးဥပဒေကို ပြဠာန်းခဲ့တယ်။ ဝိဇ္ဇာနှင့် သိပ္ပံပညာရေးဆိုင်ရာ တက္ကသိုလ်တွေ၊ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ တက္ကသိုလ်တွေကို ပြင်ဆင်ဖွဲ့စည်းခဲ့တယ်။ ၁၉၆၆ ခုနှစ်မှာ အခြေခံ ပညာရေးဥပဒေကို ထုတ်ပြန်ကြေငြာခဲ့ပြီး အထွေထွေပညာရေးကို အခြေခံပညာရေးလို့ ခေါ်တွင်စေခဲ့တယ်။ ပညာရေး အဆောက်အအုံ ပုံစံနှင့်တကွ သင်ရိုးအပါအဝင် ပညာသင်ကြားရေး အစီအစဉ်တွေပါ ပြုပြင်ပြောင်းလဲခဲ့တယ်။

၁၉၆၇-၆၈ ပညာသင်နှစ်မှာ အဠမတန်းကို အခြေခံအလယ်တန်း အဆင့်မှာ ထည့်သွင်းပြီး အခြေခံပညာ အထက်တန်းအဆင့်ကို ဝိဇ္ဇာ၊ သိပ္ပံ လမ်းနှစ်သွယ်ခွဲပြီး သင်ကြားမှုကို ၁၉၆၈-၆၉ ပညာ သင်နှစ်ကစပြီး ကျင့်သုံးခဲ့တယ်။ ၁၉၇၇-၇၈ မှာဝိဇ္ဇာ၊ သိပ္ပံခွဲတာကို ပြန်လည်သုံးသပ်ပြီး မခွဲတော့ပဲ ပြန် ပေါင်းပြီး သင်ပြန်တယ်။

ဆိုရှယ်လစ်ခေတ်စနစ်သစ်ပညာရေး

၁၉၇၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့မှာ နိုင်ငံတော်ရဲ့အခြေအနေနဲ့ လိုက်လျော ညီထွေဖြစ်မယ့် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတည်ပြုပြီး ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတနိုင်ငံတော် ဘဝ ရောက်ခဲ့ပါတယ်။

ဆိုရှယ်လစ်ဆိုတော့ မြန်မာ့ဆိုရှယ်လစ် ဘောင်အတွက် လိုအပ်နေတဲ့ လုပ်သားကောင်းတွေ မွေးထုတ်ရေးကို အခြေခံတဲ့ ပညာရေးဆိုပြီး ဖြစ်လာပြန်တယ်။ အဲဒီအချိန်က ပညာရေးဌာနဝန်ကြီး ဒေါက်တာ ညီညီကလည်း “တိုင်းရင်းသားတိုင်းသည် ပညာသည်သာမက ကာယဗလ၊ စိတ်ဓာတ်၊ အတွေးအခေါ်၊ အလေ့အကျင့်၊ တိုင်းရင်းသား ယဉ်ကျေးမှု၊ ရသ ခံစားတတ်မှုပြည့်စုံရေး အတွက် ဘက်စုံပညာရေး မီးမောင်း ထိုးပေးရန်” ရည်ရွယ်တယ်လို့ ပြောသွားဖူးတယ်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်မှာက

၁။ သက်မွေးကျောင်းမှုကို အထောက်အကူပြူ၍ စာရိတ္တမြင့်မား ရေးကို အခြေခံသော ပညာရေးကို ဆောက်တည်မည်။

၂။ သိပ္ပံပညာကို ဦးစားပေးမည်။

၃။ အခြေခံပညာကို လူတိုင်သင်ယူနိုင်ခွင့် ရရေးကို ဆောက်တည်မည်။

၎။ အထက်တန်းပညာ(ဝါ) တက္ကသိုလ်ပညာကို ဥာဏ်ပညာထက်မြင်ခြင်း ရှိ၍ အထက်တန်း မှီအောင် လိုက်နိုင်သူ၊ ကြိုးစားမှု ရှိသူများကိုသာ သင်ကြားခွင့်ပြုစေရန် ရည်သန်သည်ဆိုပြီး ချမှတ် အကောင်အထည် ဖော်ခဲ့ကြတယ်။

ကမ္ဘာ့အဆင့်မှီ ပညာရေး ဆိုပြီးတော့ ၁၉၈၅-၈၆ ပညာသင်နှစ်ကစပြီး လမ်းသွယ်တွေခွဲတဲ့ ပညာရေးကို လုပ်ဆောင်ခဲ့ပြန်တယ်။ ဒီလိုနဲ့ ခွဲလိုက်တွဲလိုက် မတည်ငြိမ်တဲ့ ပညာရေးစနစ်မှာ လက်တွေ့ကျင့်သုံးမှု အရတော့ အသက်မွေးဝမ်းကျောင်း ပညာရေးဟာ ထင်သလောက်ခရီး ပေါက်ခဲ့ဘူး။ စာပေသင်ကြားမှု စနစ်သာ အဖြေတစ်ခု အနေနဲ့ ထွက်ပေါ်ခဲ့တယ်။

Sunday, October 9, 2011

နိုင်ငံရေးအကျဉ်းသား ရက်ပိုင်းအတွင်းလွတ်နိုင်ဟု ဦးရွှေမန်းပြော

by Jade Land on Sunday, October 9, 2011 at 9:54am
စနေ, 08 အောက်တိုဘာ 2011 VOA
by လူဗိုလ်
-

-
မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ကိစ္စ မကြာခင် ရက်ပိုင်းအတွင်း အကောင်အထည် ပေါ်ပါလိမ့်မယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ နော်ဝေ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Espen Barth Eide နဲ့ အောက်တိုဘာလ ၇ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဉ်မှာ သူရဦးရွှေမန်းက အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။
-
“မကြာခင်ရက်ပိုင်းအတွင်းမှာ အကောင်အထည်ဖော်ပါမယ်။ မကြာခင် ရက်ပိုင်းအတွင်းပေါ့။”

-
မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိဘူးလို့ အစိုးရကပြောဆိုပေမဲ့ နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော် အကျဉ်းထောင်တွေထဲမှာ ရှိနေပြီး သူတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်း       က တောင်းဆိုနေကြတာဖြစ်ပါတယ်။
-
နော်ဝေနိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Espen Barth Eide နဲ့အဖွဲ့ဟာ အောက်တိုဘာလ ၆ ရက်ကနေ ၉ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ရှိနေပြီး မနေ့က စနေနေ့ကတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂ နာရီခန့်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီမတိုင်ခင်ကတော့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
-
နော်ဝေ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Espen Barth Eide ဟာ ၂၀၁၀ ခုနှစ်က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ ရွေးကောက်ပွဲအပြီး နောက်ပိုင်း အခြေအနေတွေကို လေ့လာ သုံးသပ်ဖို့ မြန်မာနိုင်ငံကို လာရောက်ခဲ့တာဖြစ်ပြီး နော်ဝေနိုင်ငံဟာ မြန်မာ့ဒီမိုကရေစီရေးကို အစဉ်တစိုက် ထောက်ခံအားပေးလာခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။

တရုတ်ကို ပထမဆုံးအကြိမ် ငြင်းဆန်ကြောင်း

တရုတ်ကို ပထမဆုံးအကြိမ် ငြင်းဆန်ကြောင်း မြန်မာ မောင်းခတ်ကြေညာ

by Save Irrawaddy on Thursday, 06 October 2011 at 18:59
 


( Yale Global မှ 3 Oct 2011 ရက်စွဲပါ Bertil Lintner ၏ “ Burma delivers its first rebuff to China” သတင်းကို ဘာသာပြန်သည်)
( မြစ်ဆုံတမံ ရပ်ဆိုင်းမှုနှင့် ပတ်သက်၍ လူသိများ ဘာတစ်လ်လင်တနာ၏ မူကွဲ သုံးသပ်ချက်ဆောင်းပါး တစ်ပုဒ်ဖြစ်သည်)
တရုတ်နိုင်ငံ၏ ဗိုလ်ကျစိုးမိုးမှု ကြီးထွားလာခြင်းနှင့် ပတ်သက်၍ အာရှနိုင်ငံများက ပိုမိုစိတ်ပူစိုးရိမ်နေချိန်မျိုးတွင် တရုတ်တို့၏ ကြီးမားသော ရေအားလျှပ်စစ်တမံ စီမံကိန်းကို မြန်မာနိုင်ငံက ဖယ်ချလိုက်ခြင်းကြောင့် မေးခွန်းသစ်များ ပေါ်ထွက်လာသည်။ အဖိနှိပ်ခံနိုင်ငံမှ အရပ်ဖက်အသိုင်းအဝိုင်း၏ ရှားရှားပါးပါး အောင်ပွဲတစ်ခုအလား (သို့မဟုတ်) တရုတ်နိုင်ငံအပေါ်မှီခိုနေရခြင်းနှင့် ပတ်သက်၍ ပြည်တွင်းအငြင်းပွားမှုကို ရည်ညွှန်းသလား ဆိုသည့် မေးခွန်းများ၏ အဖြေများနှင့် သက်ဆိုင်ခြင်း မရှိပဲ အိမ်နီးချင်း မဟာမိတ်နိုင်ငံကြီး၏ စီမံကိန်းအပေါ် ပြည်သူတို့၏ အမြင်ကွဲလွဲမှုက မြန်မာ- တရုတ် ဆက်ဆံရေးတွင် ကဏ္ဍသစ်တစ်ခု ရေးထိုးလိုက်ပြီဖြစ်သည်။
စက်တင်ဘာ ၃၀ ရက်တွင် မြန်မာသမ္မတသစ် ဦးသိန်းစိန်က လွှတ်တော်သို့ စာတစ်စောင်ပေးပို့ကာ နိုင်ငံမြောက်ပိုင်း၌ အကြီးစားရေလှောင်တမံ တည်ဆောက်ရန် တရုတ်နိုင်ငံနှင့် ဖက်စပ်ဆောင်ရွက်နေသော စီမံကိန်းသည် ပြည်သူတို့၏ဆန္ဒနှင့် ဆန့်ကျင်နေသောကြောင့် ရပ်ဆိုင်းထားလိုက်ကြောင်း ကြေညာလိုက်သည့် အမေရိကန်ဒေါ်လာ ၃. ၆ ဘီလျံ ကုန်ကျမည့် မြစ်ဆုံရေလှောင်တမံကြီးသည် ကမ္ဘာ့ ၁၅ ခုမြောက် အမြင့်ဆုံးတမံကြီးဖြစ်၍ စင်ကာပူနိုင်ငံ ဧရိယာခန့်ရှိသော ၇၆၆ စတုရန်း ကီလိုမီတာ မြေပြင်ကို ရေမြှပ်သွားစေမည်ဖြစ်သည်။
ယင်းဆုံးဖြတ်ချက်ကို မကြေညာမီ တရုတ်အာဏာပိုင်များကို တိုင်ပင်ခဲ့သလားဆိုသည့် အချက်မှာ မသဲကွဲသေးပါ။ ၁၉၈၈ ဒီမိုကရေစီ ဆန္ဒပြပွဲများကို အကြမ်းဖက်နှိမ်နှင်းခဲ့ပြီးနောက်ပိုင်း မြန်မာအစိုးရကို အနောက်နိုင်ငံများက ဝိုင်းပယ်ထားခဲ့ချိန်မှစ၍ မြန်မာနိုင်ငံသည် ကုန်သွယ်ရေး၊ နိုင်ငံရေးအရ အားပေးထောက်ခံမှုနှင့် စစ်လက်နက်ပစ္စည်းများ ရရှိရေးအတွက် မြောက်ဖက်အိမ်နီးချင်း အင်အားကြီးနိုင်ငံကို မှီခိုနေခဲ့ရသည်။
ယခုကိစ္စတွင် ပြည်သူလူထု၏ သဘောထားကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပါလိမ့်မည်။ ၂၀၀၆ ခုနှစ်က သဘောတူစာချုပ်အရ မြစ်ဆုံမှ ထုတ်လုပ်သော ဓါတ်အား ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ ပို့လွှတ်မည်ဖြစ်သည့်အပြင် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုအပေါ် ဒေါသထွက်မှုဖြင့် တုန်လှုပ်နေသော ပြည်သူများက နှစ်ပေါင်းများစွာအတွင်း မမြင်ခဲ့ဘူးသောပုံစံဖြင့် အစိုးရကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။ ၎င်းရေလှောင်တမံသည် ကချင်လူမျိုးတို့၏ နှလုံးသားကို ဓားမြှောင်စိုက်လိုက်ခြင်းဖြစ်၍ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ရေလှောင်တမံဆန့်ကျင်ရေး လှုပ်ရှားမှုကို ထောက်ခံရပ်တည်ခဲ့သည်။ အစိုးရဆန့်ကျင်ရေးလှုပ်ရှားသူများ၏ ကိရိယာသစ်တစ်ခုဖြစ်သည့် Facebook ပေါ်တွင်လည်း ပြည်သူတို့၏ အသံများလျှံထွက်နေသည်။
မြန်မာနိုင်ငံအတွင်း၌ ပြည်သူတို့ ပွင့်လင်းစွာ ဆန္ဒပြနိုင်ခြင်းမရှိသော်လည်း ‘ ဧရာဝတီ ကယ်တင်ရေး’ အစည်းအဝေးများကိုမူ ရန်ကုန်မြို့ပေါ်တွင် ကျင်းပခဲ့သည်။ ပြည်ပရောက် မြန်မာများကလည်း နိုင်ငံရပ်ခြားရှိ မြန်မာသံရုံးများ၏ အပြင်ဖက်တွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်လျက်ရှိသည်။ မြန်မာနိုင်ငံအတွင်း တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်များ ကြီးထွားလျက်ရှိရာ၊ အထူးသဖြင့် တရုတ်လွှမ်းမိုးမှုကြီးမားသော မြောက်ပိုင်းဒေသတွင် ပိုမိုပြင်းထန်လာသည်။ ကချင်ပြည်နယ်မှ ရရှိသော သတင်းများအရ ကေအိုင်အေနှင့် အစိုးရတပ်များအကြား တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ပြည်နယ်အတွင်း အလုပ်လုပ်နေသော တရုတ်လူမျိုး အလုပ်သမားများနှင့် ကုန်သည်များ တရုတ်နိုင်ငံသို့ ပြန်ထွက်ပြေးသွားကြသည်ဟု သိရှိရသည်။
သို့သော် ပြည်သူတို့၏ သဘောထားသည် မြန်မာအစိုးရအပေါ် လွှမ်းမိုးနိုင်လောက်အောင် အားကောင်းခဲ့ခြင်း မရှိပါ။ အစိုးရကလည်း ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကဲ့သို့ ဆန္ဒပြပွဲများ ထပ်မံဖြစ်ပွားကာ အနောက်နိုင်ငံများ၏ ပြစ်တင်မှု၊ အရေးယူပိတ်ဆို့မှုများကို ထပ်မံဖိတ်ခေါ်ရာ ရောက်မည့်အဖြစ်ကို လိုလားမည် မဟုတ်ပါ။
မြန်မာနိုင်ငံတွင် တရုတ်သြဇာလွှမ်းလာခြင်းကို လက်နက်ကိုင်တပ်ဖွဲ့(တပ်မတော်) အတွင်း မကျေနပ်မှုက ရေလှောင်တမံစီမံကိန်း ရပ်ဆိုင်းသည့် ကိစ္စ၏ အကြောင်းရင်းဖြစ်ဖို့ အလားအလာပိုများနေသည်။
သမိုင်းကြောင်းအရ မြန်မာနိုင်ငံသည် ၎င်း၏ မြောက်ဖက် အိမ်နီးချင်းနိုင်ငံကို ခပ်စိမ်းစိမ်း ဆက်ဆံခဲ့သည်ကို တွေ့ရသည်။ ကွန်မြူနစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်သည့် ၁၉၄၉ မှ ၁၉၆၂ ခုနှစ်အထိ ဝန်ကြီးချုပ်ဦးနု၏ ဘက်မလိုက် ဒီမိုကရေစီအစိုးရနှင့် ဆက်ဆံရေးကောင်းအောင် ဘီဂျင်းက ကြိုးစားခဲ့သည်။ မြန်မာနိုင်ငံသည် ဘီဂျင်းကွန်မြူနစ်အစိုးရကို အသိအမှတ်ပြုသော ပထမဆုံး (ကွန်မြူနစ်အုပ်စုပြင်ပ) နိုင်ငံတစ်ခုဖြစ်ခဲ့သည်။ ၁၉၆၂ တွင် တပ်မတော်က အာဏာသိမ်းခဲ့ပြီးနောက်တွင်မူ ရည်မှန်းချက်ကြီး၍ မှန်းဆရန်ခက်သော ဗိုလ်ချုပ်ကြီးနေဝင်းကို တရုတ်တို့က စိုးရွံ့ပူပန်လာကာ ဗမာပြည်ကွန်မြူနစ်ပါတီ သူပုန်များကို အလုံးစုံထောက်ပံ့ကူညီရန် ပြင်ဆင်လာကြတော့သည်။
၁၉၆၇တွင် စီးပွားရေးယိုယွင်းလာမှုကြောင့် ဒေါသထွက်နေသော ပြည်သူလူထုကို အာရုံပြောင်းရန် တပ်မတော်  ခေါင်းဆောင်များက စနစ်တကျ လျှို့ဝှက်စီစဉ်သော တရုတ်-မြန်မာ အဓိကရုဏ်း ရန်ကုန်မြို့တွင် ဖြစ်ပွားသောအခါ မြန်မာပြည်တွင်းရေးကို ကြားဝင်စွက်ဖက်ရန် တရုတ်တို့အကြောင်းပြချက် ရသွားခဲ့လေသည်။ ၁၉၆၈ နှစ်သစ်ကူးနေ့တွင်မူ တရုတ်ပြည် ယူနန်ပြည်နယ်မှ ဗမာပြည်ကွန်မြူနစ်ပါတီ လက်နက်ကိုင်တပ်များ မြန်မာပြည်မြောက်ပိုင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ နောက်ထပ်ဆယ်စုနှစ် တစ်စုလုံးလုံး အင်ဒိုချိုင်းနား ကျွန်းဆွယ်အပြင်ဖက် ကွန်မြူနစ်လှုပ်ရှားမှုများထက် ဗမာပြည်ကွန်မြူနစ်ပါတီကိုသာ တရုတ်နိုင်ငံက အကူအညီများ ပိုမိုပုံအောလောင်းထည့်ခဲ့သည်။

ဗမာပြည်ကွန်မြူနစ်ပါတီ၏ "ပြည်သူ့အသံ" ဝါဒဖြန့် ရေဒီယိုအသံလွှင့်မှု အစီအစဉ်ကိုလည်း ၁၉၇၁ တွင် ယူနန်ပြည်နယ်ဖက်အခြမ်းမှနေ၍ စတင်ထုတ်လွှင့်ပေးခဲ့ပြန်သည်။ ထို့အပြင် ထောင်ပေါင်းများစွာသော တရုတ်လူမျိုးများ (ဝလူမျိုးများ အပါအဝင်) နယ်စပ်ကို ဖြတ်ကျော်စီးဝင်လာကာ ဗမာပြည်ကွန်မြူနစ်ပါတီကို အလုံးစုံ ကူညီဖြည့်ဆည်းပေးခဲ့သည်။
၁၉၇၆ခုနှစ် မော်စီတုန်း ကွယ်လွန်ပြီးနောက် မရှေးမနှောင်းတွင် လက်တွေ့ဝါဒီ တိန့်ရှောက်ဖိန် အာဏာရရှိသွားသည့် အချိန်တွင်မူ ဗမာပြည်ကွန်မြူနစ်ပါတီအပေါ် တရုတ်တို့ ပုံအော ကူညီမှုဇတ်သိမ်းခန်းအစ ဖြစ်လာခဲ့သည်။ ဒေသတွင်း ကွန်မြူနစ်တော်လှန်ရေး လှုပ်ရှားမှုများကို ဆက်လက်အားပေးရန် ဘီဂျင်းက စိတ်ဝင်စားခြင်းမရှိတော့ပါ။ ထိုအချိန်ကစ၍ မြန်မာတို့၏ ကြွယ်ဝသော သစ်တောများ၊ သတ္တုသယံဇာတများ၊ သဘာဝဓါတ်ငွေ့နှင့် ရေအားလျှပ်စစ် အလားအလာတို့ကို ဘီဂျင်းက အာသာငမ်းငမ်း မက်မောတောင့်တ လာခဲ့ခြင်းဖြစ်သည်။
ဗမာပြည် ကွန်မြူနစ်ပါတီအပေါ် တရုတ်တို့၏ ပံ့ပိုးမှု အဆုံးသတ်လိုက်ခြင်းသည် တရုတ် မြန်မာဆက်ဆံရေး ပိုမိုကောင်းမွန်လာသော ခေတ်သစ်တစ်ခုကို အစပျိုးလိုက်ခြင်းဖြစ်ပြီး ၁၉၈၈ သွေးစွန်းသော ဒီမိုကရေစီ အရေးတော်ပုံအပြီးတွင်မူ တစ်ဆင့်ပြီးတစ်ဆင့် ခုန်ပျံကျော်လွှား ကြီးထွားလာခဲ့တော့သည်။ ၁၉၉၁ မှစ၍ မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်း မြောက်များစွာကို ထောက်ပံ့ကူညီခဲ့သည့်အပြင် အခြေခံအဆောက်အဦး စီမံကိန်းများစွာတွင်လည်း တရုတ်ပညာရှင်များ လာရောက်ကူညီခဲ့ကြသည်။
၁၉၅၀ ခုနှစ်များနောက်ပိုင်း မြန်မာနိုင်ငံ၌ ပထမဆုံး နိုင်ငံခြားစစ်ဖက်အရာရှိများ အခြေချမှုအဖြစ် တရုတ် စစ်ဖက်အကြံပေးများလည်း တစ်သုတ်ပြီးတစ်သုတ် လာရောက်ခဲ့ကြသည်။ တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးသည်လည်း တစ်ဟုန်ထိုးဖွံ့ထွားလာတော့သည်။
မကြာသေးမီကပင် တရုတ်နိုင်ငံက အတိုးနည်းချေးငွေများ မြန်မာနိုင်ငံကို ထောက်ပံ့ကူညီခဲ့သည်။ အနောက်ပိတ်ဆို့မှုဒဏ်ခံ မြန်မာစီးပွားရေးတွင် တရုတ် ရင်းနှီးမြှုပ်နှံမှုများသည် အလွန်အရေးပါပြီး အထူးသဖြင့် စွမ်းအင်ကဏ္ဍတွင် ပုံအောစီးဝင်လာသည်။ ဘင်္ဂလားပင်လယ်အော်မှ သဘာဝဓါတ်ငွေ့ကို တရုတ်သို့ပို့မည်။ ပိုက်လိုင်းစီမံကိန်းတွင် အရှေ့အလယ်ပိုင်းရေနံများကို ယာဉ်ကြောပိတ် မလက္ကာ ရေလက်ကြားကို ရှောင်ရှား သယ်ယူမည့် ရေနံစိမ်း ပိုက်လိုင်းတစ်ခု ယှဉ်တွဲ တိုးချဲ့ခံခြင်းသည် ထင်ရှားသော သာဓက တစ်ခုပင် ဖြစ်သည်။
ထိုသို့ တရုတ်နိုင်ငံအပေါ် ကြီးမားစွာ မှီခိုနေရခြင်းသည် မြန်မာ စစ်ဖက် ခေါင်းဆောင်များစွာအကြား စိုးရိမ် ကြောင့်ကြမှုကို ဖြစ်ပေါ်စေခဲ့သည်။ အဆိုပါ ခေါင်းဆောင်များသည် သူတို့ တစ်ချိန်က တရုတ်နောက်ခံ ဗကပ တပ်များနှင့် တိုက်ခဲ့ရသော စစ်ပွဲကို မမေ့နိုင်သလို ဗကပ အသွင်ဆောင် တရုတ်နှင့် ဝတပ်ဖွဲ့များ၏ လက်ချက်ဖြင့် သူတို့၏ ရဲဘော် ရဲဘက်များ ကျဆုံးခဲ့ရခြင်းကိုလည်း မမေ့ကြပါ။ အဆိုပါ မမေ့နိုင်စရာ အတိတ်ကို ၂၀၀၅ ခုနှစ်က ဝါရှင်တန်တွင် နိုင်ငံရေးခိုလှုံခဲ့သော ထောက်လှမ်းရေး ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က ပြည်ပရောက် မြန်မာများ၏ သတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ပြန်လည် တူးဆွထားသည်။
သမ္မတ ဦးသိန်းစိန်၏ တမံရပ်ဆိုင်းမှု ကြေညာချက် အပြီးတွင် တရုတ်တို့က ညှိနှိုင်း ဆွေးနွေးပွဲများ ပြုလုပ်ရန် တောင်းဆိုထားကြသော်လည်း မြစ်ဆုံစီမံကိန်း အကောင်အထည် ဖော်သူ CNPC ကုမ္ပဏီက ၂၀၀၉ ခုနှစ်တွင် ထုတ်ပြန်သော ပြည်တွင်း အစီရင်ခံစာတွင် တမံ အရွယ်အစားသည် လိုသည်ထက် ပို၍ ကြီးမားလွန်းကြောင်း တင်ပြကာ စီမံကိန်းကို စွန့်လွှတ်ရန် တောင်းဆိုခဲ့ခြင်းကို အကဲခတ် စောင့်ကြည့်သူများက ထောက်ပြထားသည်။ တရုတ်နိုင်ငံသည် ဧရာဝတီ၏ အခြား မြစ်လက်တက်များ ပေါ်တွင်လည်း အကြီးစားတမံ ၆ ခု တည်ဆောက်ရန် ကန်ထရိုက်စာချုပ် လက်မှတ် ရေးထိုးထားသည်။
ယခုကဲ့သို့ သမ္မတ ဦးသိန်းစိန်က ရဲရဲဝင့်ဝင့် ကြေညာချက် ထုတ်ပြန်လိုက်ခြင်းသည် တရုတ် - မြန်မာ ဆက်ဆံရေး ယိုယွင်းလာခြင်းနှင့် မြန်မာနိုင်ငံက နိုင်ငံတကာ ဆက်ဆံရေး ဟန်ချက် ညီအောင် ကြိုးစားနေခြင်းကို ထုတ်ဖော် ပြသနေသည်။ ယခင်က ကျင့်သုံးခဲ့ဘူးသော ဘက်မလိုက် မူဝါဒကို ပြန်လည် ချဉ်းကပ်ခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

အချို့ အကဲခတ် စောင့်ကြည့်သူ ပညာရှင်များကမူ မြန်မာ အစိုးရအပေါ် ဘီဂျင်း၏ လွှမ်းမိုးမှုသည် ပုံကြီးချဲ့ထားခြင်းသာ ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုကြသည်။ အစီရင်ခံစာများတွင် မကြာခဏ ဖော်ပြ နေကြသည့် "မြန်မာနိုင်ငံ၏ ယုံကြည် စိတ်ချ အားကိုးမှု" ဆိုသည်ကို ဘီဂျင်းက အမှန်တကယ် ရခဲ့ခြင်း မဟုတ်ပါဟု မဟာဗျူဟာ လေ့လာရေး သုတေသန ပညာရှင် စာရေးဆရာ Andrew Selth က တင်ပြခဲ့သည်။ မြန်မာနိုင်ငံအပေါ် လက်နက် ရောင်းချပေးနေသူများက ပြသနေသော အထောက်အထား တစ်ခုမှာ တရုတ်နိုင်ငံသည် ၁၉၈၉ မှ စ၍ မြန်မာနိုင်ငံအား ဒေါ်လာ ၁.၆ ဘီလျံ တန်ဖိုးရှိ စစ်လက်နက် ပစ္စည်းများ ရောင်းချ ကူညီပေးခဲ့သော်လည်း လတ်တလောတွင် မြန်မာအစိုးရက ရုရှား၊ ယူကရိန်းနှင့် မြောက်ကိုးရီးယား နိုင်ငံများထံ ပြောင်းလဲ ဝယ်ယူကာ ယင်း၏ လက်နက် ဖူလုံရေး အစီအစဉ်ကို ခွဲဝေ ဖြန့်ကျက်ခဲ့သော အချက်ပင် ဖြစ်သည်။
မြန်မာအစိုးရသည် အနောက်နိုင်ငံများ၏ ထောက်ခံမှုကို ရရှိရန် ကြိုးစားရာတွင် ဒီမိုကရေစီကို ပြည့်ဝစွာ အကောင်အထည် ဖော်ခြင်း အစား 'တရုတ်ဝှက်ဖဲ' ကို ထုတ်သုံးရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ပုံရသည်။
မြန်မာအစိုးရ တာဝန်ရှိသူ တစ်ဦး ရေးသားကာ နေပြည်တော် ထိပ်ပိုင်း အဆင့်က ခွင့်ပြုခဲ့သည်ဟု ကြားသိရသော ဘန်ကောက်ပို့စ် သတင်းစာပါ 'ရေးသူအမည်မပါ' ဆောင်းပါးတစ်ပုဒ်တွင် "ကျွန်တော်တို့ နိုင်ငံကို တရုတ် သြဇာခံ ပြည်နယ်တစ်ခု မဖြစ်စေလိုပါ။ သို့သော် ကျွန်တော်တို့ နိုင်ငံကို ရွေးချယ်စရာ မရှိသော ထောင့်ကျဉ်း၌ ပိတ်မိအောင်၊ တရုတ်နိုင်ငံကို ပို၍ မှီခိုရအောင် အနောက်နိုင်ငံများက အတင်းအကြပ် မပြုလုပ်သင့်ပါ" ဟု ဖော်ပြထားသည်။


ဤစကားစုတွင် အတင်းအကြပ် ဆိုသည်မှာ စစ်မှန်သော ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန် တောင်းဆိုခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ အစိုးရဖက်က အမြင်ကို ကြည့်ပါက တရုတ် ခြိမ်းခြောက်မှု ဝှက်ဖဲကို ထုတ်ကစားခြင်းဖြင့် အနောက်နိုင်ငံများနှင့် ကောင်းမွန်သော ဆက်ဆံရေးကို အလွယ်တကူ ရရှိနိုင်မည် ဖြစ်ကာ အနောက်နိုင်ငံများ၏ ပြစ်တင် ဝေဖန်မှု လျော့ပါးသွားရန် မျှော်လင့်ခြင်း ဖြစ်ပေလိမ့်မည်။

သို့သော် နိုင်ငံကို ဘယ်လို အုပ်ချုပ်သလဲ ဆိုသည်မှာ ပြည်တွင်းရေး ကိစ္စသာ ဖြစ်ကြောင်း၊ မြန်မာ အစိုးရက မကြာခဏ ထုတ်ဖော် ပြောဆိုလျက် ရှိပေသည်။ မြန်မာ အစိုးရ၏ တီးလုံးအတိုင်း လိုက်၍ ကမလား ဆိုသည်ကို အနောက်နိုင်ငံများက ဆုံးဖြတ်ရလိမ့်မည်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes