Friday, October 7, 2011

ရင်နင့်အောင် ဘောလုံးကန်ခြင်း

(၁)

နောက်တန်းနှစ်ယောက်ကို ကျွန်တော်ဖြတ်ကျော်ပြီးသည့် အချိန်မှာတော့ ဂိုးသမားနှင့် ကျွန်တော် တစ်ယောက်ချင်း တွေ့ကြပါပြီ။ ကျွန်တော်က ဘယ်ခြေကို အယောင်ပြ၍ ညာဘက်သို့ ဆွဲလိမ်တော့မလိုဖြင့် ဘယ်ဘက်ကိုသာ ဘောလုံးကို ဆွဲထုတ်လိုက်ပါသည်။ သေချာသည်။ ဂိုးသမားခင်မျာ ကျွန်တော့်ညာဘက်တွင် ပုံလျက်သားလဲကျ၍ ကျန်ခဲ့ပါပြီ။ ဘာအတားအဆီးမှ မရှိတော့သော ဂိုးပေါက်ထဲသို့ ဘောလုံးကို ကန်သွင်းလိုက်ချိန်မှာတော့ ပရိတ်သတ်၏ အားပေးသံများနှင့်အတူ ခရာမှုတ်သံတစ်ခုကိုပါ ကြားလိုက်ရပါသည်။


“ပီး .. ပီ”


ဒိုင်လူကြီးသည် ခရာမှုတ်လျက် ကျွန်တော့်ဆီသို့ ပြေးလာပါသည်။ ထို့နောက် သူက အိတ်ကပ်ထဲမှ တစုံတရာကို ထုတ်၍ ကျွန်တော့်ကို ပြပါတော့သည်။


“ဟင် … ဒါဘာကြီးလဲ”


ကျွန်တော် အထိတ်တလန့် မေးတော့ ဒိုင်လူကြီးမှာ သူ့ပါးစပ်ထဲမှ ခရာကို မထုတ်ရသေးသဖြင့် ချက်ချင်းပြန်မဖြေ။ ပြန်စဉ်းစားကြည့်တော့ ကျွန်တော် ဘာပြစ်ဒါဏ်ဘောမှ လုပ်ခဲ့သည်မဟုတ်။ နေဦး။ လူကျွန်ဘောလည်း မဖြစ်နိုင်။ ပြီးတော့ ဒိုင်လူကြီးပြထားသော အရာမှာ အ၀ါကဒ်လည်းမဟုတ်၊ အနီကဒ်လည်း မဟုတ်၊ အစိမ်းရောင်ကဒ်ပြားတစ်ခုဖြစ်နေသည်။


“ဒါ … ဒါ ဘာကဒ်ကြီးလဲဗျ”
ဒုတိယ အကြိမ် သူ့ကို ကျွန်တော် မေးလိုက်ပြန်ပါသည်။
“မင်း မမြင်ဘူးလား၊ ဒါ အစိမ်းကဒ်လေကွ”
“ဟင် … အ၀ါကဒ်နဲ့ အနီကဒ်ပဲ ကြားဖူးပါတယ် ၊
ဒီအစိမ်းကဒ်က ဘာကြီးလဲ”
“မင်းတို့တွေ ခက်တော့တာပဲ ၊ တော်တော်ညံတဲ့လူတွေ”
“အဲ………..”
သူက အစိမ်းကဒ်အကြောင်းမပြောသေးခင် ပလိန်းကြီး ကျွန်တော့်ကို နှိပ်ကွပ်လိုက်သေးသည်။
“ဒီမယ် … မင်းပဲ စဉ်းစားကြည့်လေ
ဘောလုံးသမားတစ်ယောက် အမှားတစ်ခုခုလုပ်ရင် ဒိုင်က အပြစ်ပေးတဲ့ အနေနဲ့
အ၀ါကဒ်ပြတယ်”
“ …………”
“အေး ..အ၀ါကဒ်ပြထားရက်နဲ့ နောက်တစ်ခါ ထပ် လုပ်ရင် အနီကဒ်ပြ ထုတ်ပစ်တယ်”
“အင်းလေ… အဲတော့”
“အဲတော့လား …
လူတစ်ယောက်အမှားလုပ်ရင်တော့ အပြစ်ပေးပြီး ၊ အမှန်လုပ်တဲ့အခါ
မသိချင်ယောင်ဆောင်နေတဲ့လူတွေထဲမှာ ငါမပါဘူးကွ
ဒါကြောင့် ခုမင်းဂိုးသွင်းသွားတာ တော်လွန်းလို့ အစိမ်းကဒ်ပြားပြ ဂုဏ်ပြုတာ”
“အော .. ခင်များက အလာကြီးပါလား”
ဤသို့ဖြင့် ရင်နင့်အောင်သည် ပွဲစလို့ တစ်မိနစ်ကျော်ကျော်တွင် အစိမ်းကဒ်ပြခံလိုက်ရပါသည်။




(၂)


လူတစ်ချို့က မေးကြပါသည်။
“ရင်နင့်အောင် .. မင်းကဗျာတွေ မရေးတော့ဘူးလား
အွန်လိုင်းပေါ် မတွေ့တာကြာပြီနော်”
ဟုတ်ပါသည်။ ကျွန်တော် ကဗျာမရေးတော့ပါ။ အင်တာနက်မသုံးတော့ပါ။ ဘောလုံးဝင်ကန်နေပါသည်။ (အတိအကျပြောရလျှင် အစိမ်းကဒ်ပြခံချင်လို့ ဖြစ်ပါသည်။)
“ရင်နင့်အောင် ဘောလုံးကန်နေတယ်ဟေ့”
တစ်ချို့က ကျွန်တော့် အတင်းပြောကြပါသည်။ ဂရုမစိုက်ပါ။ ဘောလုံးကန်ရသည်မှာ ပျော်စရာကောင်းပါသည်။ အဘယ့်ကြောင့်ဆိုသော် ဘောလုံးသည် လုံးနေသောကြောင့်ဖြစ်ပါသည်။ ဘောလုံးပဲ၊ လုံးမှာပေါ့ဟု သင်က ဆိုပေလိမ့်မည်။ သို့သော် သင်တို့သိသော အလုံးနှင့် ကျွန်တော်သိသော အလုံးတို့ကား ကွဲပြားကောင်း ကွဲပြားပေလိမ့်မည်။


(က) ဘောလုံးတစ်လုံးတွင် မျက်နှာစာမရှိပါ။ တစ်နည်းဆိုရသော် ဘောလုံးတစ်လုံးတွင် မျက်နှာမရှိပါ။ ထို့ကြောင့် ဘောလုံးတစ်လုံးကို ကန်ဖို့အတွက် သင်သည် သူ့ကို မျက်နှာလုပ်နေရန်မလို။ သင့်စိတ်တိုင်းကျ ကန်ပစ်လိုက်ရုံပင်။
(ခ) ဘောလုံးတစ်လုံး၏ အတွင်းတွင် လေဟူသော ဒြပ်ထုတစ်ခုသာ ရှိပါသည်။ သူ့တွင် ၀မ်းသာခြင်း၊ ၀မ်းနည်းခြင်းမရှိ။ မနာလို၊ ၀န်တိုခြင်း မရှိ။ သူသည် သင်ကန်သည့် အားအပေါ်မူတည်၍ ရွေ့လျားတတ်သူ၊ ဆန့်ကျင်ဘက် အတားအဆီးများနှင့် တွေ့သောအခါ တန်ပြန် တုန့်ပြန်နိုင်သောသူ ဖြစ်သည်။


(၃)


ရင်နင့်အောင် ယခု ဘောလုံးကန်နေပါသည်။ ချွေးတလုံးလုံး။ အမောတကော။ စာတွေလည်း မရေးတော့။ အလုပ်လည်း မလုပ်တော့။ ဂျီတော့လည်း မပြောတော့။ ဖေ့စ်ဘွက်လည်း မတက်တော့ပါ။ (မိုဘာလည်း မတက်အားဘူးပေါ့)။  စင်္ကာပူ၊ အော်ဇီ အိပ်မက်တွေလည်း မမက်အား။ ရှက်ကီရာလား၊ စလင်းဒီယွန်လား၊ ဂျက်စတင်ဘီဘာလား။ လင်ကင်းပတ်လား။ ဘာဆိုဘာမှ မကြည့်အားပါ။

ရင်နင့်အောင် ဘောလုံးကို သာ ကန်နေပါသည်။ ချွေးတလုံးလုံး။ အမောတကော။


“ဟိုလူက အချောင်သမားကွ”

“ဟိုလူက ရှေ့မှီ ၊ နောက်မှီ လေ…”
“တွေ့လား၊ တွေ့လား၊ ကပ်ဖားယက်ဖားကောင်လေ၊ စနိုးတာဝါလေး ဖောက်တတ်တာ”
“အဟမ်း၊ ကျွန်တော့ အမြင်ပြောရမယ်ဆိုရင် ၊ ဒါက ကျွန်တော့ အမြင်ပေါ့နော် ”
“အလကား၊ ထိုင်ခုံ မက်တဲ့လူတွေ”
ရင်နင့်အောင် ထိုသို့ အတင်းမပြောတော့ပါ။ ပြောချိန်ရရင်တောင် မပြောတော့ပါ။ ဘောလုံးကိုသာ ကန်နေမည် ဖြစ်ပါသည်။ ချွေးတလုံးလုံးဖြင့်။ အမောတကော။
အကယ်၍ သင့်ဘ၀တွင် ဝေဖန်ပြစ်တင်ခြင်းများနှင့် မွန်းကြပ်နေပါက ကျွန်တော်က ဘောလုံးကန်ကြည့်စေချင်သည်။ တကယ်လို့များ သင်ဂိုးရှူးနိုင်ခဲ့လျှင် သင့်ကို ကျွန်တော်က အစိမ်းကဒ်ပြ ဂုဏ်ပြုမည် ဖြစ်ပါသည်။

(၄)


“ ဂိုး ”

“ ဂိုး ”
“ ဂိုး ”
ကန်ချက်ပြင်းပြင်း ကျွန်တော့်၏ ဂိုးသွင်းချက်တွေကြောင့် ဗိုလ်လုပွဲတွင် ကျွန်တော်တို့ အသင်း အနိုင်ယူလျက်ရှိပါသည်။ ပြိုင်ပွဲရလဒ်မှာ ဗိုလ်လုပွဲနှင့်မတူ၊ ဆယ်ဂိုး၊ ဂိုးမရှိဖြင့် အပြတ်အသတ်။
လာပြန်ပါပြီ နောက်တစ်လုံး။ အလယ်တန်းမှ ဖြတ်တင်လိုက်သည့်ဘောလုံးကို ကျွန်တော် အသာလေးထိန်း၊ လိမ်ခေါက်၊ အတို့။ ကျွန်တော်ကပဲ တော်လွန်းတာလား၊ တစ်ဖက်အသင်းကပဲ ညံလွန်းတာလား။ ခုဆို ဆယ့်တစ်ဂိုးမြောက်ဂိုးကို ကျွန်တော်ရှူးနိုင်ပါတော့မည်။
ဂိုးသမားခင်မျာ။ ဂိုးထပ်မပေးရေး အသည်းအသန် ဖန်ဖို့ ဟန်အပြင်။ သူ့မျက်နှာတွင်ကား ညိုမဲလျက်။ သူဖမ်းနေသည့် ကြားက ဆယ်ဂိုးတောင် ၀င်ထားသည်မဟုတ်လား။ ကျွန်တော်က ရှူးမည်အလုပ်၊ သူကလည်း ဖမ်းမည်အလုပ်၊ ကျွန်တော်သူ့အနားကပ် ပြောလိုက်သည်။
“ဟဟ … အဲလောက်လည်း ကြောက်မနေပါနဲ့ မရှူးတော့ပါဘူးကွ”
ကျွန်တော်ဘေးသို့ ဘောလုံးကို ကန်ထုတ်ပစ်လိုက်သည်။
“ပီး … ပီ …”
ရုတ်တရက် ခရာမှုတ်သံကြားရပြန်ပါပြီ။ ဒိုင်လူကြီးမှာ ခရာကို မှုတ်လျက် ကျွန်တော့်ဆီသို့ ပြေးလာနေပါသည်။ သူ့မျက်နှာမှာ ခက်ထန်တင်းမာနေသည့် ပုံ။ ကျွန်တော့ရှေ့သို့ရောက်သော် သူ့အိတ်ကပ်အတွင်းမှ တစုံတရာကို ထုတ်ပြလိုက်ပါသည်။


“ရင်နင့်အောင်

မင်းဟာ ဂိုးရှူးဖို့ အခွင့်သာပါလျက်
ပြိုင်ဖက်ကို လှောင်ပြောင်ပြီး မရှူးဘူး၊
မင်းစိတ်ဓါတ်ဟာ အနီကဒ်နဲ့တင် မလောက်ဘူး၊
ဘောလုံးလောက ကနေ .. မင်းကို ဘလက်လစ် ပြတယ်
အမည်းကဒ်ကွ” ။


ရင်နင့်အောင်

0 အကြံပြု ထင်မြင်ချက်များ:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes