Friday, October 7, 2011

ရန်ကုန်မှာ မိုးရွာတယ်

ဒီနေ့ ရန်ကုန်မှာ မိုးရွာတယ် …  ဒီနေ့မှ မဟုတ်ပါဘူး ရန်ကုန်မှာ နေ့တိုင်းလိုလို ရွာနေတာပဲ ….
ဒါပေမယ့် ဒီနေ့မှ ရန်ကုန်မှာ မိုးရွာတယ် …


မိုးကာ မပါဘဲ … ထီးမပါဘဲ …. ဒီနေ့ ရန်ကုန်မှာ မိုးရွာတယ် …
ဖုန်းလည်း ကြိုမဆက်ပဲ .. မေးလ်လည်း ကြိုမပို့ပဲ … မိုးရွာတယ် …
မိုးရွာတော့ ဘာဖြစ်လဲ .. ဘာမှမဖြစ်ဘူး .. မိုးရွာတယ်။
ဘာမှမဖြစ်ရင် ဘာလုပ်မလဲ ငါမသိဘူး။ ဘာလို့လဲဆိုတော့ ခု မိုးရွာနေတယ်။
မိုးဘာလို့ ရွာလဲ ။ တိမ်တွေပြိုကျလာတာလား။ ငွေ့ရည်ဖွဲ့ခဲ့ကြတာလား။ အဲဒါတွေငါမသိဘူး မိုးရွာတယ်။


ဒီနေ့ သူငယ်ချင်းတစ်ယောက်မွေးနေ့ …။ happy birthday ငါလုပ်လိုက်တယ်။ ပြီးတော့ မိုးရွာတယ်။
ဒီနေ့ မန်းလေးဆိုတဲ့ မြို့ကို ငါလွမ်းတယ်။ ရန်ကုန်မှာ နေစရိတ်တွေ ကြီးပေမယ့် မိုးရွာတယ်။


ဒီနေ့ ERP system ဆိုတဲ့ software တွေ အကြောင်း အစည်းအဝေးလုပ်တယ်။ ဟောင်ကောင်၊ စင်္ကာပူက နိုင်ငံခြားသားတွေနဲ့ discussion လုပ်ကြတယ်။ သူတို့ပြောတာ သေချာနားမလည်။ ကိုယ်မေးတာ သူတို့ နားမလည်။ လည်တာ က မျက်စိ။ banking တဲ့လား။ CRM တဲ့လား။ Ecommerce တဲ့လား။ Ethernet line တဲ့လား။ Total Quality Management တဲ့လား။ ဟုတ်ပြီ။ ဟုတ်တော့ ဟုတ်နေပြီ။ ငါသိပေမယ့် ငါမသိဘူး။ မတတ်ပေမယ့် ငါတတ်တယ်။ ဘာပဲဖြစ်ဖြစ် ဒီနေ့ မိုးရွာတယ်။




အိုင်ပတ်တဲ့လား၊ အိုင်ပေါ့တဲ့လား ၊ အိုင်းစီးရီးတွေကြား ။ နည်းပညာလောကကြီးထဲက လူတစ်ယောက်။ အချို့ က G အချို့ က C။ အချို့ S ၊ အချို့က F၊ ဘာတွေလဲကွယ် ။ ငါလိုတာက မေတ္တာတရား။ ငါလိုတာက ဖြူစင်မှုတွေ ရှာကြပါဦးဟ။ မရှိတော့ဘူးလား။


ငါကိုင်နေတဲ့ core i7 .. ငါသုံးနေတဲ့ DTH တွေ။ ငါလုပ်နေတဲ့ လုပ်ငန်းထဲက အရှုပ်ထုပ်တွေ..။ ငါပြောချင်တာ ဒါမဟုတ်ဘူး။ ဒီနေ့ ရန်ကုန်မှာ မိုးရွာတယ်လေ။ 


ထမင်းသုံးနပ်စားနေကျကောင်။ ခုတစ်နပ်ကို တော်တော်စားရပါတယ်။ စားမကောင်းဘူးဗျ။ မေမေ့လက်ရာကိုလွမ်းလိုက်တာ။ ငါငိုလိုက်ပါတယ်။ မဝေးပါဘူး။ ဘ၀ဆိုတာကြီးကို ဘယ် architect က render လုပ်ခဲ့ပါလိမ့်။ CAD လား။ CG လား။ BIM လား။ VRay လား။ သေချာစဉ်းစားကြည့်ပြန်တော့ ငါကိုယ်တိုင်ပဲ။ ဘာပဲဖြစ်ဖြစ်လွယ်လွယ်နဲ့တော့ အရှုံးမပေးဘူး။ မေမေရဲ့သားနိုင်တယ် …. အရာရာကို ရင်ဆိုင်နွဲတိုင်း ….။ အင်း....။ ခု အပြင်မှာ မိုးရွာနေတယ်။


တူတူနေချင်ပေမယ့် ခွဲနေရတယ်။ ခွဲနေရဖို့ အကြောင်းတရားတွေလည်း လောကကြီးမှာ ခိုင်ခိုင်လုံလုံ ရှိနေပြန်တယ်။ ဘ၀ဆိုတာဘာလဲကွယ် ။ လေထဲက ရနံ့တစ်ခုခုပါလာသလိုမျိုး ကျောက်မြောင်းလမ်းပေါ် လမ်းလျှာက်ရင်း သီချင်းတစ်ပုဒ် ငါညည်းကြည့်တော့ ….




အချိန်မှန် ရထား ကြီး ပြေးထွက်ခဲ့ .. အဆုံးမဲ့မီးလျံထဲ
ပြန်လမ်းမရှိတော့တဲ့ ဘ၀သစ်ထဲ .. ပျော်ဝင်ဖြတ်သန်း စီးဆင်းတုန်း
ခိုလုံရာ အရိပ်နဲ့ လမ်းခွဲထွက် .. ဒါဘ၀ရဲ့ ခရီးတွေပဲ
ရင်မှာ မောပန်းခြင်းနဲ့ ၀ဲလည်ရင်း .. ငါဟာ အိမ်ကို လွမ်းနေသူ ……..
…………….
ကြေကွဲရင်းနဲ့ ငိုရှိုက်ခဲ့ ညတွေ ဘယ်သူသိနိုင်မလဲ …
ကြည်လင်ဖြူစင်နေသော ကောင်းကင်မှာ ကြယ်ရောင်လင်းလက်တောက်ပဆဲ ..
အရောင်ပြောင်းလဲတဲ့ တိမ်တိုက်တွေ သယ်ဆောင်ရာ ခရီးဆက်ဆဲ .
အိပ်မပျော်တဲ့ ညတိုင်း အတွေးများလည်း ..
ငါအိမ်ပြန်ချင်တဲ့ အလွမ်းတွေပဲ ….




ရင်နင့်အောင် …
၃-သြဂုတ်-၂၀၁၁

0 အကြံပြု ထင်မြင်ချက်များ:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes