၁။
ခုလို အညိုရောင်မိုးများ တမျောတသော ရွာချတဲ့ နေ့မှာပဲ လင်းလက်ညှို့ပြာနေတဲ့ အလင်းစက်တစ်စက်က ငါ့နှလုံးသားကို စွန်းထင်းသွာခဲ့တယ်။
တိမ်တွေကလည်း အညိုရောင်၊ လမ်းမကြီးကလည်း အညိုရောင်၊ မင်းအကြည့်တွေကလည်း အညိုရောင်၊ တိမ်းညွှန့်ကွေးအိနေတဲ့ သစ်ပုတ်ပင်ကြီးသည်ပင် အညိုရောင်ဖြစ်ကုန်ခဲ့တယ်။
ကျွန်တော်ဘ၀ရဲ့ မနောညိုရယ် .. ခင်များလေးပေးမယ့် ဘာမှ မဟုတ်တဲ့ အကြည့်လေးတစ်ခုကိုပဲ ဘ၀ကြီးခြုံပြီး စောင့်နေခဲ့တာ၊ ဟောဒီ ဆောင်းတွင်းတစ်ခုလုံး ဆိုပါတော့ ။
၂။
ကြည့်။ ဟောဒီ ကွေးကောက်နေတဲ့ လမ်းကို တဖြောင့်ကြီးလျှောက်တတ်အောင် သူက မွေးရာပါတတ်လာခဲ့တာ။ သူဆိုတာ မနောညိုလေ။
လူဆိုတာ တစ်ရက်မှာ တစ်ခါတော့ ရယ်တတ်ရတယ် မနောညိုရဲ့။ ကျွန်တော်က ပြောချင်ပေမယ့် အချို့သော စကားလုံးတို့ဟာ မှောင်မိုက်နေတဲ့ ညရဲ့ တိမ်ခိုးတွေလို ဘာမှ ဖြစ်မလာခဲ့ဘူး။
ဝေးဝေးက ကောင်းကင်ကြီးကို ကြည့်ပြီး နီးနီးက လူတွေအကြောင်းကို ကဗျာရေးတတ်တာ ကျွန်တော်မှားသလား မနော်ညို။ ဟောဒီ ကောင်းကင်မျဉ်းကွေးကြီးအောက်မှာ ချစ်ခြင်းမေတ္တာကို ဘာသာရပ်မျိုးစုံနဲ့ ခင်များလေး တတ်ကျွမ်းနေလေတော့ အညတရမောင်မင်းကြီးသား ကျွန်တော်က ဘာမှကို မပြောလိုတော့ပါဘူး။
တစ်ခုပဲ။ ခင်များကို ကျွန်တော် ချစ်တယ်။
၃။
လူငယ်တစ်ယောက်ရဲ့ အရဲစွန့်ခြင်းဆိုတဲ့ ပုံဆောင်ခဲအချို့မှာ ကျွန်တော်က ခင်များကို ပုံတူဆွဲချင်သေးတယ်။ နှလုံးသားမှတ်တိုင်ကနေ ခင်များရဲ့ အကြင်နာဘက်စ်ကား စီးဖို့ စောင့်နေခဲ့တာလည်း ကြာပေါ့ဗျာ။ လူးလွန့်ကွေးကောက်နေတဲ့ မြစ်တစ်စင်းရဲ့ နံဘေးမှာ ခင်များလေးက တစ်ယောက်တည်း ထိုင်ချင်နေတယ်နော်။ အသိုင်းအ၀ိုင်း နဲ့ ပတ်ဝန်းကျင် ဆိုတဲ့ စကားကို ခင်များရဲ့ မူလတန်းပြ ဆရာမက သင်မပေးခဲ့လေတော့လည်း ဘာကို တတ်နိုင်ဦးမလဲ။
ဝေးဝေးက သစ်ပင်တွေရဲ့ ယိမ်းညွှန့်လှုပ်ရှားမှုတွေမှာ ဟောဒီကောင်ရဲ့ အတေအလေ ဆန္ဒတစ်ခြမ်းကို ရမ်းခါလွှင့်ပစ်လိုက်ပါ့မယ် မနောညို။
၎။
ကားတစ်စင်းမှာ ဘက်ဂီယာပါသလို ဒီကောင်ချစ်တဲ့ နှလုံးသားမှာ ဘက်ဂီယာလည်းမပါဘူး။ ရှေ့ကိုတိုးဖို့ အနည်းဆုံးတော့ ခင်များလက်တစ်စုံ လိုနေတယ် မနော်ညို။
ခင်များလေးရဲ့ အရှေ့က ကျွန်တော်ကို ကျော်ပြီး ပြာနှမ်းနေတဲ့ ပင်လယ်ရဲ့ အဆုံးကို ကြည့်သလို ဘာလို့များ ခင်များရဲ့ ဖို့ကပ်စ် မပြတ်သားခဲ့လဲ။ ဒါသည်ပင် အနုပညာတဲ့လား။ မနောညို၊ ခင်များကို နိုင်အောင် စကားလည်း မပြောနိုင်ဘူး။ ဖြစ်နိုင်ရင် ကျွန်တော်ပဲ ပင်လယ်ရဲ့ အဆုံးကို သွားနေလိုက်ပါ့မယ်။
၅။
အခုတော့ တစ်ခါက မခင်နှင်းဆီ မဟုတ်ဘဲ၊ တစ်ခါက မနောညိုလုပ်ရတော့မလို။ ခင်များက ကျွန်တော့်ကို ထားသွားပြီ။ ခင်များလည်း ထားသွားရော သစ်ပင်တွေ ငြိမ်သက်သွားတယ်။ တိမ်တွေ ရပ်တန့်သွားတယ်။ ငှက်တွေ မပျံသန်းတော့ဘူး။ ဒါဟာ အန္ဓတစ်ကောင်ရဲ့ ရှုံးနှိမ့်မှုကို အသိအမှတ်ပြုတာဖြစ်ချင်ဖြစ်မှာပေါ့။
ခုတော့ စိမ်းစိုနူးအိနေတဲ့ ကြည်မြမြ ခင်များရဲ့ မျက်ဝန်းတစ်စုံကို လွမ်းတယ်။ ရဲရင့်နီသွေးနေတဲ့ အမုန်းရောင် နှုတ်ခမ်းလွှာကို လွမ်းတယ်။
အရည်ပျော်ခြင်းဆိုတဲ့ စကားလုံးမှာတင် စိတ်ကူးတိမ်ခိုးတို့ အသက်မဲ့စေသတည်း။ စိန်ပန်းပြာ အကြွေအလွှင့်တွေကောက်ရင်း အဆင်အသင့် မဖြစ်နိုင်တဲ့ အခြေအနေတစ်ခုမှာပဲ မနော်ညိုကို လွမ်းရဦးမယ်။
လွမ်းမယ်။
အလုပ်တစ်ခုလိုပဲဖြစ်ဖြစ် နောက်ဆုံးလွမ်းသွားမယ်။
၆။
အတ္တကို ခပ်တည်တည်နဲ့ ရှူသွင်းနေပြီးမှ လေထုညစ်ညမ်းမှာကိုလည်း မစိုးရိမ်တော့ဘူး။ မနောညိုရေ၊ ကြယ်တွေကို ခူးဆွတ်ဖို့အတွက် မင်း ရနံ့တွေက ဘာမှ မဆိုင်ဘဲ လိုအပ်တယ်။ ပင်လယ်ပေါ် အိပ်စက်ဖို့အတွက် အညိုရောင် မင်းအသံတွေက ဘာမှ မဆိုင်ဘဲ လိုအပ်တယ်။
တဆိတ်လောက်၊ ငါ့ဆီ ပြန်လာပြီး၊ တစ်ချက်လောက် ကြည့်၊ တစ်ခွန်းလောက်ပြော၊ ဆန္ဒရှိရင် တစ်ခါလောက်နမ်းသွား၊ ပြီးမှ .. ခင်များလေး သွားချင်ရာ သွားပေါ့။
ဘာလို့လဲဆိုတော့ ………..
ခင်များကို .. ကျွန်တော်ချစ်တယ်။
ရင်နင့်အောင်

0 အကြံပြု ထင်မြင်ချက်များ:
Post a Comment