Friday, October 7, 2011

လွမ်းရုံသက်သက် ဖြစ်တည်လာတဲ့ ည

၁။
ဖြစ်နိုင်ရင် အလွမ်းဆိုတာကြီးကိုရမ်ခပ်ပြင်းပြင်းတစ်ပက်နဲ့ ရောသောက်ပစ်ချင်ပါတယ်။ နေလုံးကြီးက ကိုယ်ပြောချင်ရာတွေပြောပြီးမောသွားတဲ့ လူတစ်ယောက်လိုအိပ်ပျော်သွားတယ်။ ညက သန်းခေါင်ယံတေးသွားတစ်ပုဒ်ကို ကြားဖူးနားဝနဲ့ ထဆိုလိုက်တော့ ဆယ့်နှစ်နာရီထိုးသွားပြီ။ ကဲ၊ ဘ၀ဆိုတာ ဒါပဲမလား။ ဒါပဲဆိုရင်လည်းလရေးနှစ်ချောင်းပင်နဲ့ လူဖြစ်ရတာကိုကကဗျာမဆန်လိုက်တာ။


လေထဲကအချိန်တွေကလေထဲမှာလွှင့်ပါသွားသလို၊ နေရင်ထိုင်ရင်းထမင်းမစားဖြစ်တဲ့ နေ့တွေကိုလွယ်အိတ်ထဲက ထုတ်ကြည့်မိပါတယ်။ အစွဲအလန်းဆိုတာကိုကအလန်းတွေကိုစွဲနေတာမျိုးလည်း ဖြစ်ချင်ဖြစ်မှာပေါ့ဗျာ။ ဒီလိုနဲ့ ကြုံရာကြာပန်းခပ်ညံ့ညံ့ လက်ဖက်ရည်ဆိုင်ထဲကယင်ကောင်တွေကို ကျွန်တော်ကအားကျမိတာမှားများမှားသွားသလား။ ပြောပါ၊ ပြောပါ။ ပြောကြပါ။ ပြောပြီရင်တော့ ငါတို့ ထပြန်ရမှာပဲလေ။


ဟိုတစ်နေ့ကဆိုတဲ့ စကားလုံးတွေထဲမှာပဲ ကျွန်တော်နေပါတယ်။ ဟိုးတုန်းက ငယ်ဘ၀ဟာ ကျွန်တော့်ကို ရွှန်းဝေနေအောင် ပြုံးပြနေတော့ ဘယ်သူလဲ၊ ကျွန်တော်ကိုယ်တိုင်ပဲ။ ပျော်အောင်နေတယ်။ မပျော်လိုက်ရဘူး။ ကဗျာရေးတယ်။ ကဗျာမဖြစ်ဘူး။ အလုပ်လုပ်တယ်။ အလုပ်မဖြစ်ဘူး။ သီချင်းဆိုတယ်။ သံစဉ်တွေ ပါမလာဘူး။ အဲဒါနဲ့ပဲ ကျွန်တော်ရယ်နေလိုက်တယ်။ တစ်နေ့လုံး။


အတ္တတွေချည်းသောက်လိုက်တော့ ကျွန်တော် တော်တော်မူးသွားတယ်။ အဲဒီထဲမှာမေတ္တာတရားဆိုပြီးတစ်စက်ကလေးတောင် မပါလိုက်ဘူး။ ရှင်းပါတယ်။ အလေအလွှင့် ယစ်ထုပ်တစ်ကောင်ကို ဘယ်ကဝေကမှ အလုပ်ရှုပ်ခံလာပြုစားကြမှာမဟုတ်ဘူး။ ရင်းရဲရင်လည်းရင်းလိုက်ပေါ့ဗျာ။ အရှုံးအနိုင်ဆိုတာ နှလုံးသားနဲ့ ရင်းရမယ့် ပျော်တော်ဆက် အကမယ်တစ်ယောက်ထက်တော့ သာပါလိမ့်မယ်။


၂။


ဘ၀ဆိုတာ ကြိုးတန်းပေါ် လမ်းလျှောက်ရသလိုတစ်ချက်လေးမှ မှားလို့မရဘူးလား။ အမည်းရောင် ကတ္တရာလမ်းမကြီးကစပ်ဖြီးဖြီးရယ်ပြလိုက်တော့ ဝေါခနဲ မိုးတွေ ရွာချတယ်။ ထီးတစ်လက်ကိုဆောင်းဖို့အတွက် အနည်းဆုံးထီးတစ်လက်တော့ရှိရမယ်။ ကြိုတင်ပြင်ဆင်ခြင်းဆိုတဲ့ ဘာသာရပ်နဲ့ ကျွန်တော်စာမေးပွဲကျသွားတယ်။ လမ်းပေါ်မှာမိုးမိတာဘာဆန်းလဲဗျာ။ မပြောချင်ဘူး။ လူတွေကိုကကိုယ့်ထင်မြင်ရာထောင်ထဲမှာကိုယ့်ဘ၀ကိုယ် ပိတ်ထားကြတာ။


မြို့ရဲ့ အချက်အချာကျရာနေရာတစ်ခုမှာလမ်းတွေ ရှုပ်ပွနေတယ်။ လမ်းတွေပေါ်ကိုကားတွေက ဖြတ်လျှောက်ပြီး လူတွေကိုသွန်ချလိုက်တော့ အကုန် ပွထကုန်တယ်။ ပြောစမ်းပါဦး။ ငါ့ကိုဘယ်သူတွေ သယ်ဆောင်လာတာလဲ။ ငါ့ကိုဘယ်သူတွေ သွန်ချလိုက်တာလဲ။ ခု၊ ငါဘယ်ကိုရွေ့လျားရမှာလဲ။ လမ်းမကြီးပေါ် ငါရပ်ပြီးလူတွေကို ကြည့်လိုက်တယ်။ မြို့ကြီးကရုတ်တရက် လည်ချောင်းရှင်းသလိုဟန့်လိုက်တော့မှ ငါ သတိရသွားတယ်။ ငါ့ကောင်းကင်မှာ ကြယ်တွေမရှိတော့ဘူး။


အိမ်အပြန်ဆိုတဲ့ စကားလုံးကိုစာလုံးပေါင်းတာတော်တော်ကြာသွားတယ်။ မပြီးသေးဘူး။ ငါ့ကိုမျှော်နေတဲ့လူတွေလည်းရှိမှာပေါ့။ ငါ့ကိုတွေ့ချင်တဲ့ လူတွေလည်းရှိမှာပေါ့။ ပြီးတော့ ငါ့ကိုသတိရနေမယ့် လူတွေကောရှိနိုင်တာပဲလေ။ ပြောပြောဆိုဆိုသောက်လက်စစီးကရက်ကမီးစကြွေသွားတယ်။ နေအောင်ပျော်တာနဲ့ ပျော်အောင်နေရရောလား။ မြင်းတစ်ကောင်ကိုရိုက်လိုက်တဲ့ နှင်တံထဲမှာ ငါ့သတိရခြင်းတွေ ပါသွားတယ်။ လူတွေပြေးနေကြတယ်။ လမ်းတွေ ရပ်နေကြတယ်။ လူတွေ စောင့်နေကြတယ်။လမ်းတွေကဘာကိုမှ မစောင့်ကြဘူး။ဘာမှန်းမသိတဲ့ ပန်းတိုင်ကိုလမ်းလျှောက်ပြီးရောက်မယ်ဆိုတာတော့ အနည်းဆုံးသံသယရှိသင့်တယ် မဟုတ်လား။


ကဲ၊ ဖုတ်ဖတ်ခါ၊ ထသွားထလာခြေထောက်ရဲ့ ခေါ်ဆောင်ရာငါသွားရဦးတော့မယ်။ မင်းနေချင်လည်းနေခဲ့ဦးပေါ့။ ငါကတော့ မရွေ့မလျားပဲသွားရဦးမယ်။ ကြိုတင်ထင်ထားတဲ့ အတိုင်း ဘ၀ဆိုတာ ဘာမှ မဟုတ်ခဲ့ဘူးဆိုရင်တောင် အဲဒီဘာမှ မဟုတ်တာကိုပဲ ငါ သိမ်းထားမယ်။ ရင်ခုန်သံသက်သက်နဲ့ ခင်းကျင်းထားခဲ့ပေမယ့် ဘ၀ဆိုတာ အပေါက်အပြဲနဲ့ ခါးဝတ်ပုဆိုးလိုပေါ့။ တစ်မျိုးစီလှည့်ဝတ်ရင်း အဆင်မပြေဖြစ်တိုင်းနောက်တစ်ခါဆိုတဲ့ မျှော်လင့်ချက်ကကုန်ခမ်းလာတယ်။ ငွေနဲ့ ပေးဝယ်လို့မရတဲ့ သင်ခန်းစာအချို့ကိုအလကားရခဲ့ပြီးပြီ။ ကဲပါလေ။ ထားလိုက်ပါတော့။ ခဏလေးရယ်။ အရာရာဟာခဏလေးရယ်။ ထားလိုက်ပါ။ ထားခဲ့ပါ။ ခုတော့ သွားလေဦးတော့ကွယ်။


ရင်နင့်အောင်
August- 13- 2011

0 အကြံပြု ထင်မြင်ချက်များ:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes