Friday, October 7, 2011

လှိုင်းမရှိတဲ့ ပင်လယ်



အပိုင်း(က)
မှောင်ပြမှုန်မှိုင်းနေတဲ့ ညမှာ လမင်းက တိမ်တွေကြားထဲ ပုန်းလျှိုးပျောက်ကွယ်နေခဲ့တယ်။ ကြယ်တာရာအချို့ နှလုံးသားအဟာရချို့တဲ့နေတဲ့ သူအတွက်တော့ နည်းလွန်းနေခဲ့တယ်။ သူက လွယ်အိတ်ကို ညာဘက်မှာ လွယ်ပြီး ဘ၀ကို သတိမူ ဂူမမြင် လုပ်ပစ်လိုက်တယ်။ တာရာဖိနပ်တစ်စုံရဲ့ ခေါ်ဆောင်ရာကို သူလွှင့်မျှောနေခဲ့တာကြာပြီပဲ။ လက်ထဲက ဆေးပေါလိပ်ကို ရဲခနဲဖွာချလိုက်တော့ ပွင့်ခါနီးပန်းတွေတောင် မျှော်လင့်ချက်အချို့နဲ့အတူ ကြွေကျသွားခဲ့တယ်။
သူလမ်းလျှောက်တယ်။ လျှောက်တယ်။ သူ….။ သူတစ်နေရာရာကို ရောက်ဖို့ သူလမ်းလျှောက်ရဦးမှာ။


အပိုင်း(ခ)
ကဗျာဝေ ဆိုတဲ့ မိန်းကလေးက အရမ်းလှတယ်။ သူမရဲ့ အချိုးအစားပြေပြစ်တဲ့ ခန္ဓာကိုယ်။ စူးရှရှ ညှို့အားပြင်းတဲ့ မျက်လုံး။ ဖြူဝင်းညက်နေတဲ့ အသားအရေ။ နူးညံ့နေတဲ့ ပါးပြင်အိအိပေါ်မှာ အမြဲနေလေ့ရှိတဲ့ ရောင်စုံခြယ် မိတ်ကပ်။ သူ့အနားက အမြဲရနေလေ့ရှိတဲ့ ရေမွှေးရနံ့။ သွယ်တန်းနေတဲ့ လည်တိုင်။ အို ………. အများကြီး။
ကဗျာဝေက ကားနီနီလေးနဲ့ ကျောင်းကို လာတယ်။ သူ့ကားက နောက်ဆုံးပေါ် သိန်းထောင်ချီတန်တဲ့ ကားတစ်စင်းလေ။ သူတက်တာက ဆေးတက္ကသိုလ်။ ဟုတ်ပါတယ်။ ကဗျာဝေကို ကြိုက်တဲ့ လူတွေက အများကြီး။ ဆေးကျောင်းသားတွေလည်းပါတယ်။ စက်မှုတက္ကသိုလ်က ကျောင်းသားတွေလည်း ပါတယ်။ အီးမေဂျာ၊ စီးပွားရေးတက္ကလိုလ်၊ ပထ၀ီ၊ သမိုင်း၊ အစုံပေါ့။


အပိုင်း(ဂ)
ကပ်ကျော်ဈေးက ဈေးသည်တွေကြားမှာ ကိုယ်တ၀က်လောက်ကိုင်းနေပြီဖြစ်တဲ့ အဘိုးကြီးတစ်ယောက်ရှိတယ်။ အဘိုးကြီးက အသက်ခုနှစ်ဆယ်ကျော်ကျော်ရှိလောက်မယ်လို့ ယူဆရတယ်။ သူက စကားပြောလေ့မရှိဘူး။ လမ်းလျှောက်ရင်လည်း ခါးကိုင်းနေတော့ ရှေ့လေးငါးလမ်းလောက်ပဲ သူကြည့်တယ်။
သူ့ကို သနားတဲ့ လူတွေက စားစရာလေးတွေပေးကြတယ်။ အချို့လည်း ပိုက်ဆံအကြွေလေးတွေ ပေးကြတယ်။ ဒါပေမယ့် အဘိုးကြီးနာမည်ကိုတော့ ဘယ်သူကမှ မသိကြဘူး။ သူဘယ်ကလဲ၊ သူ့မှာ သားသမီးကော မရှိဘူးလား။ အဲလို သို့လော၊ သိုလောလေးတောင် လူတွေက သိပ်စိတ်မ၀င်စားကြဘူး။
အဘိုးကြီးကတော့ ညဘက်ဆို ဈေးတန်းလျားမှာပဲ အိပ်တယ်။


အပိုင်း(ဃ)
မိုးမလင်းခင်ထိ သူက လမ်းလျှောက်နေတုန်း။ လက်ထဲက ဆေးပေါလိပ်က မီးမရှိတော့ဘူး။ ခွေးတွေက သူ့ကို မြင်တော့ ၀ိုင်းဟောင်ကြတယ်။ အိမ်တစ်အိမ်ဆီက မီးလင်းလာပြီး ခဏကြာတော့ မီးပြန်ပိတ်သွားတယ်။ သူက လေချွန်ပြီး သီချင်းတစ်ပုဒ်ရဲ့ တေးတစ်ပိုဒ်ကို ညည်းတွားလိုက်တယ်။
          “ရင်ခုန်သံတွေ သိုးပုပ်သွားတဲ့ညမှာ
          ကဗျာကို ဆီစမ်းစားပြီး
          အို .. ငါ .. ကြီးပြင်းခဲ့တယ်”
ဒါပေမယ့် သူ့သီချင်းကို လူတွေက သီချင်းအဖြစ် အသိအမှတ်မပြုကြဘူး။ လူတွေက ၀ိုင်းလှောင်တယ်။ ရယ်ကြတယ်။ အချို့ ဟားတိုက်ကြတယ်။ ကဲ့ရဲ့ကြတယ်။ ရှုံ့ချကြတတယ်။ အဲဒီနေ့က စပြီး သူရဲ့ ခွေကြမ်းကို လွယ်အိတ်ထဲ ထည့်ပြီး သူက လမ်းလျှောက်တယ်။


အပိုင်း(င)
ကဗျာဝေက အိုင်ဖုန်းတစ်လုံးနဲ့ ကောင်လေးတစ်ယောက်ဆီ ဖုန်းဆက်ပြီး စကားပြောနေတယ်။ ပြောပြီးတော့ အဲလိုပဲ နောက်တစ်ယောက်ကို ဖုန်းခေါ်ပြီး တစ်စုံတစ်ခု ပြောပြန်တယ်။ ပြီးတော့ နောက်တစ်ယောက်။ ပြီးတော့ နောက်တစ်ယောက်နဲ့။
ဒီနေ့ ဆေးတက္ကသိုလ်ရှေ့က ပလက်ဖောင်းပေါ်မှာ ကဗျာဝေလမ်းလျှောက်နေတုန်း ဖိနပ်ပျက်သွားတယ်။ သူစိတ်တိုသွားတယ်။ အကောင်းစားဖိနပ်တစ်ရံအတွက် သူမနှမျောပေမယ့် သူကတော့ စိတ်တိုသွားတယ်။
ခဏကြာတော့ ကောင်လေးတစ်ယောက်ရောက်လာတယ်။ သူ့လက်ထဲမှာ မိန်းကလေးစီး ဖိနပ်တစ်ရံနဲ့။ ကဗျာဝေက ဖိနပ်ကို သေချာကြည့်တယ်။ နည်းနည်းကြာတော့ နောက်ကောင်လေး အချို့ ရောက်လာတယ်။ သူတို့မှာလည်း ဖိနပ်လှလှလေးတွေနဲ့။ ကဗျာဝေက ဖိနပ်လေးတွေကို လိုက်ကြည့်တယ်။ အဲလိုနဲ့ တော်တော်လေးကြာတော့ ကောင်လေး ဆယ်ယောက်လောက်ဟာ ဖိနပ်လေးတွေ ကိုယ်စီကိုင်လျက်၊ ကဗျာဝေအနားမှာပေါ့။
ကဗျာဝေက သူ့အကြိုက်ဆုံး၊ အကောင်းဆုံး ဖိနပ်တစ်ရံကို ရွေးစီးပြီး ကားနီလေးပေါ်တက်သွားတယ်။
ပလက်ဖောင်းပေါ်မှာ ကောင်လေးတွေက ဖိနပ်လေးတွေ ကိုင်လို့။


အပိုင်း(စ)
မနေ့ညက ကပ်ကျော်ဈေး မီးလောင်တယ်။ ဒါပေမယ့် အချိန်မီ ငြိမ်းလိုက်နိုင်တဲ့အတွက် ဈေးတစ်ခြမ်းလောက်ပဲ ပါသွားတယ်။ ညကြီး မီးလောင်တော့ ဘယ်ကစတဲ့ မီးလဲဆိုတာ ဘယ်သူကမှ သေချာမသိကြဘူး။
တရားခံလိုက်ရှာတော့ နောက်ဆုံး အဘိုးကြီးလို့ ၀ိုင်းသမုတ်ကြတယ်။
          “ဈေးမှာ ညဘက်ဆို သူတစ်ယောက်ရှိတာအေ
          ဒီအဘိုးကြီးမဟုတ် ဘယ်သူရှိမလဲ ညည်းနဲ့”
ဒီလိုနဲ့ အဲဒီစကားဟာ ဈေးတစ်ခုလုံး ပျံနံ့သွားပြီး နောက်ဆုံး သူတို့က ဆုံးဖြတ်ချက်တစ်ခုကို ၀ိုင်းဝန်း အတည်ပြုလိုက်ကြတယ်။ အဘိုးကြီးကို မောင်းထုတ်ဖို့။
          “ခင်ဗျားကြီး ဈေးထဲမှာ မနေနဲ့သွားတော့”
          “ဟုတ်တယ် .. ခင်ဗျားကြောင့် ကျုပ်တို့ ဆိုင်ခန်းလေး မီးထဲပါသွားပြီ”
          “ အမလေးတော် ကျွေးမွေးထားတဲ့ မျက်နှာမှ မထောက်”
အဘိုးကြီးက ဘာမှ ပြန်မပြောဘူး။ ဈေးထဲက ထွက်လာခဲ့တယ်။ ခါးကြီးက ကိုင်းတော့ သူ့မျက်ဝန်းက မျက်ရည်တစ်စက်က ပါးပေါ်ကို မစီးဘူး။


အပိုင်း(အ)
ဆေးတက္ကသိုလ်ရှေ့က ပလက်ဖောင်းပေါ်မှာ ဆယ်ကျော်သက်အရွယ် ကောင်လေးဆယ်ယောက်နဲ့ ဆေးကျောင်းသူ ချောချောလေးတစ်ယောက် ရှိနေခဲ့တယ်။ အဲဒီ ကောင်လေးတွေထဲက တစ်ယောက်က ကောင်မလေးရဲ့ရှေ့မှာ ဒူးထောက်လိုက်တယ်။ ပြီးတော့ သူမခြေထောက်ကို လက်ကိုင်ပုဝါနဲ့ သုတ်ပေးတယ်။ နောက်၊ သူ့မှာ ပါလာတဲ့ ဒေါက်ဖိနပ်လှလှလေးကို စီးပေးလိုက်တယ်။ ကောင်မလေးက ကားပေါ်တက်သွားတယ်။ ဖိနပ်လှလှလေးကို စီးပြီး။
ကျန်တဲ့ ကောင်လေးတွေက မရွှင်မပြရုပ်များနဲ့။ ဖိနပ်စီးပေးတဲ့ ကောင်လေးကတော့ ပြုံးပျော်လို့။ သူ့ဘ၀မှာ အကြီးအကျယ် အောင်မြင်သွားတဲ့ ရုပ်မျိုးနဲ့ပေါ့လေ။
အဲဒီမြင်ကွင်းကိုတော့ အသက် သုံးဆယ်ကျော်ကျော် လူလတ်တစ်ယောက်နဲ့ အသက်ခုနှစ်ဆယ်ကျော်ကျော် အဘိုးကြီးတစ်ယောက်က ကြည့်နေခဲ့တယ်။
သူတို့ စိတ်ထဲ ဘာတွေ တွေးနေလဲဆိုတာတော့ ဆေးတက္ကသိုလ်ကြီးလည်း မသိခဲ့ဘူး။ ဘယ်သူမှလည်း မသိခဲ့ဘူး။


ရင်နင့်အောင်
2/9/2011

0 အကြံပြု ထင်မြင်ချက်များ:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes