ကျုပ်ကတော့ ကျုပ်ကလွဲရင် ရှိတ်စပီးယားတောင် မဖြစ်ချင်တဲ့အကောင်ပေါ့လေ။ ဘဝမှာ ဒီအခွင့်အရေးမျိုးဆိုတာ လက်မလွှတ်သင့်တဲ့ အခွင့်အရေးပဲ။ အမှန်တော့ ကျုပ်က ငယ်ငယ်ကတည်းက ဘယ်သူ့မှ အားကျခဲ့တဲ့ကောင် မဟုတ်ဘူး။ ဒါကြောင့် ကျုပ်ဆီမှာ စံပြပုဂ္ဂိုလ်မရှိဘူး၊ ဟီးရိုး မရှိဘူး။
ကျုပ်မိတ်ဆွေတချို့ကတော့ တစ်မျိုးပေါ့။ တချို့က ချီဂွေဗားရားပုံ။ တချို့က ကပ်ဖကာပုံ၊ တချို့က သခင် ကိုယ်တော်မှိုင်းပုံတွေ ဘာတွေကို သူတို့စာအုပ်စင်ဘေး၊ စာရေးစားပွဲဘေးမှာ တရိုတသေ ကျကျနန ချိတ်လို့။ အဲဒီအထဲမှာ အများစုကတော့ ဒီလူတွေ ယုံကြည်ထားသလို သူတို့လည်း ယုံကြည်ပါတယ်ဆိုတာ လူမြင်သူမြင် သိအောင် ကြော်ငြာချင်လို့ထင်ပါရဲ့။ (တကယ်တမ်း ဒီလူတွေရဲ့ ဘဝနေထိုင်မှုကတော့ ဓါတ်ပုံထဲက လူတွေနဲ့ ပြဒါး တစ်လမ်း သံတစ်လမ်းပဲ။ ထားပါတော့လေ)
အမှန်တော့ ကျုပ်က ဘာမှ ဖြစ်ချင်လှတဲ့ကောင် မဟုတ်ဘူး။ ကဗျာလေးဘာလေး နည်းနည်းပါးပါး ရေးတယ်။ ဒါပဲ။ ကျုပ်လက်ရာတွေကလည်း သိပ်မကောင်းလှပါဘူး။ (ထင်တာပဲ) ကျုပ်ကိုယ်တိုင်ကတော့ ကျုပ် လက်ရာတွေထက်တောင် ညံ့ပါသေးတယ်။ မလွှဲသာလို့ ကိုယ့်ကိုယ်ကိုယ် အနုပညာသမား တစ်ယောက်လို့ သုံးနှုန်း လိုက်ရရင်လည်း ကြီးကျယ်မြင့်မြတ်တယ်လို့ အဓိပ္ပါယ်ရောက်အောင် ရည်ရွယ်သုံးစွဲလိုက်တယ်လို့ မထင်မှတ်စေချင်ဘူး။ ကျုပ်အမြင်တော့ အနုပညာဆိုတာကလည်း ဘာမှ သိပ်ဟုတ်လှတဲ့ကိစ္စ မဟုတ်လှပါဘူး။ လူတစ်ယောက်ရဲ့ ဘဝမှာ တံဆိပ်ကပ်စရာ နာမည်တစ်ခုခုလောက်ပါပဲ။ ဥပမာ ဆိုက်ကားသမား၊ ဗေဒင်ဆရာ၊ မုန့်ဟင်းခါးသည် စသဖြင့် ပေါ့လေ။
ကိုယ့်အလုပ်ကို ဇန်းတင်ချင်ကြတာကတော့ လူ့သဘာဝပေါ့လေ။ ဒါကြောင့် တချို့လူတွေက မသိ နားမလည်တဲ့လူတွေ အထင်ကြီးအောင် ပြောနေကြတဲ့ကိစ္စကိုတော့ ကျုပ်အနေနဲ့ကန့်ကွက်စရာ မရှိပါဘူး။ ကိုယ်နဲ့လည်း ဆိုင်မှ မဆိုင်ဘဲ။ ကျုပ်ကတော့ ကဗျာရေးချင် ရေးလိုက်တာပါပဲ။ လောကကြီး အနုပညာနဲ့ ပြုပြင်ဖာထေးမယ်လို့ တစ်ခါမှ စိတ်မကူးဖူးဘူး။ စက်ဘီးအပေါက် ဖာတဲ့လူ၊ ဒန်အိုးဒန်ခွက်ပေါက် ဖာတဲ့လူတွေရဲ့ အတွေးအခေါ်မျိုး မရှိတာလည်း ပါမှာပေါ့။
ကျုပ်က အလုပ်လုပ်တယ်။ ဒီအလုပ်တွေက ထွက်ပေါ်လာမယ့် အကျိုးသက်ရောက်မှုတွေကိုတော့ ဂရုစိုက်လေ့မရှိဘူး။ ဒါကြောင့် အောင်မြင်တာတို့ ကျော်ကြားတာတို့၊ လူကြိုက်နည်းတာ၊ များတာတို့က ကျုပ်အဖို့ အရေးမဟုတ်။ အဲဒီအလုပ်တွေက တန်ပြန်ရိုက်ခတ်တာကိုတော့ ကျုပ်လည်း ခံရတာပေါ့။ ဒါပေမယ့် ကျုပ်အဖို့ ကတော့ ကဲ့ရဲ့တာနဲ့ချီးမွမ်းတာ နှစ်မျိုးလုံးဟာ အတူတူပါပဲ။ ကျုပ်ကို စိတ်လှုပ်ရှားအောင် မတတ်နိုင်ပါဘူး။ ကျုပ် လုပ်ချင်တာကို ကျုပ်လုပ်ခဲ့တယ်။ ကျုပ်ရဲ့ဘဝအဓိပ္ပါယ်ဆိုတာလည်း ဒီလောက်ဆိုရင် လုံလောက်ပါပြီ။ ကျုပ်က တောင့်တမှုတို့ မျှော်လင့်ချက်တို့ဆိုတဲ့ မရေမရာ စကားလုံးတွေနဲ့ အသက်ရှင်နေတဲ့သူ မဟုတ်ဘူး။ ဘဝကို လက်တွေ့ဆန်ဆန်ပဲ တည်ဆောက်ချင်တဲ့လူ။ ကျုပ်တို့ဟာ ကျုပ်တို့ဘဝတွေကို ကိုယ့်ဘာသာရွေးချယ်ကြတာပဲ မဟုတ်လား။ တကယ်တော့ ကျုပ်တို့မှာ ရန်တွေ့စရာ ဖန်ဆင်းရှင်လည်း မလိုဘူး။ မျက်ရည်ခံထိုးစရာ ကယ်တင်ရှင် လည်း မလိုဘူး။
ထားပါတော့လေ၊ ကျုပ်မိတ်ဆွေ တချို့ပြောခဲ့သလို ကျုပ်တို့ရင်းနှီးခဲ့ရတာတွေ များတယ်လို့ပဲဆိုပါ တော့။ ဒါပေမယ့် အဲဒါအတွက် ဘယ်သူ့ဆီက လျော်ကြေးတောင်းရမှာလဲ။ အလျော်ကော တောင်းကောင်းရဲ့လား။ ခက်တာက အသွေးအသားတွေ လောင်ကျွမ်းပြာကျသွားတဲ့ လူတွေထက် ခြေဖမိုးပေါ်ကို မီးပွားကျလို့ထအော်နေတဲ့ လူတွေရဲ့အသံက ပိုကျယ်လောင်နေတာပဲ။ ထားပါတော့လေ။
ကျုပ်က ကဗျာရေးချင်တဲ့အခါ ရေးတယ်။ ကျုပ်ကို ကဗျာဆရာလို့ မသတ်မှတ်ရင်လည်း အရေးမကြီးလှပါဘူး။ တချို့ကတော့ နေ့တိုင်းမှ ကဗျာမရေးရရင် အရေပြားယားယံလာတယ် ဆိုလားပဲ။ တစ်နေ့ ဝတ္ထုတို သုံးပုဒ် ရေးတယ်ဆိုတဲ့စာရေးဆရာလည်း ကြားဖူးရဲ့။ စာရေးဆရာဆိုတာ စာ မပြတ်ရေးရမယ်ဆိုတဲ့ သြဝါဒမျိုးလည်း ကြားဖူးရဲ့။ ကျုပ် သဘော သိပ်မပေါက်လှဘူး။ ဥစားကြက်မ တစ်ကောင် နေ့စဉ် တစ်နေ့တစ်လုံး မှန်မှန် ဥရမယ်ဆိုတာ ကမှ နည်းနည်း သဘာဝကျဦးမယ်။ အနုပညာတစ်ခု ဖန်တီးမှုဆိုတာ ဒီလို ကန့်သတ်ထားလို့မရဘူး ထင်တာပဲ။ ထားပါတော့လေ။ တခြားလူတွေနဲ့ ကျုပ်နဲ့ သဘောထားချင်း မတိုက်ဆိုင်တာတွေက အများသားပဲဟာ။
ကျုပ်က ဗြိစ္ဆာရာသီဖွား၊ ကင်းမြီးကောက် နက္ခတ်ပိုင်ရှင်။ ကင်းမြီးကောက်တွေ သဘာဝအတိုင်းပဲ တစ်ကိုယ်တည်းပဲ နေလေ့ရှိတယ်။
ကျုပ်မှာ ဆရာလည်း မရှိဘူး။ တပည့်လည်း မမွေးဘူး။ ဘယ်သူ့အရိပ်မှလည်း မခိုဘူး။ ကိုယ့်အရိပ် ကိုယ်ရှာပြီး ကိုယ့်လမ်း ကိုယ်ဖောက်ခဲ့တာပဲ။ အဲသလို နေထိုင်တဲ့အတွက် ရန်သူများတယ်ဆိုတာကတော့ အံ့သြစရာပဲ။ လောကမှာ တို့နဲ့မတူရင် ရန်သူဆိုတဲ့ အယူအဆ ခိုင်ခိုင်မြဲမြဲ အမြစ်တွယ်နေတာ မကောင်းလှဘူးထင်တာပဲ။
ကျုပ်က လွတ်လွတ်လပ်လပ် ရှင်သန်ချင်တဲ့လူ။ ဘယ်အရာရဲ့အချုပ်အနှောင်ကိုမှ မခံချင်တဲ့လူ။ ဒါကြောင့် သိပ်စွဲလမ်းတဲ့ ဆေးလိပ်သောက်တဲ့ အလေ့အထကို လွန်ခဲ့တဲ့ ၂၅ နှစ်လောက်ကပဲ ဖြတ်ပစ်ခဲ့တယ်။ ကျုပ်တို့ဟာ ခွက်တစ်ခွက်ထဲက ရွှံ့တွေမှ မဟုတ်တာ။ စာရေးဆရာဆိုတာ ဒီလိုဝတ်ရမယ်၊ ဒီလိုနေရမယ်၊ ဒီစကား ပြောရမယ်၊ ဒီအရည် သောက်ရမယ် ဆိုတာတွေက ဘာသဘောလဲ။ ကျုပ်က သူတို့နေပုံထိုင်ပုံသာမဟုတ် အယူအဆပါ မတူလှတော့ မကြာခဏ ပြဿနာ ဖြစ်တတ်တာပဲ။ ကိုယ်ယုံကြည်တာ ကိုယ်ပြောတာကပဲ အပြစ်ဖြစ်နေတယ်။ ကျုပ်က ဒဂုန်တာရာကို သဘောမကျဘူး။ (သဘောမကျခွင့် မရှိဘူးလား) တော်စတွိုင်း၊ ဂေါ်ဂီ၊ ယက်တူရှင်ကို၊ နေရူဒါ တို့ကိုလည်း သဘောမကျဘူး။ မောင့်လပြည့်ဝန်း သီချင်းလည်း သဘောမကျဘူး။ ပေါ်ဦးသက်နဲ့ စိန်အောင်မင်းလည်း သဘောမကျဘူး။ အဲဒါ ဘာဖြစ်သလဲ။
ကျုပ်က အသီးအနှံကို မကြိုက်ဘူး။ အိမ်မွေးတိရစ္ဆာန်ကို မကြိုက်ဘူး။ အမြင်ကျဉ်းပြီး အသိဥာဏ်နည်းတဲ့ လူတွေကိုလည်း မကြိုက်ဘူး။ ကျုပ်ကို တခြားလူတွေက မကြိုက်သလိုပေါ့။ ကျုပ်က လူကြိုက်များတဲ့ကောင် ဖြစ်ချင်တာ မဟုတ်ဘူး။ ကဗျာတစ်ပုဒ်ထဲမှာ ရေးခဲ့သလို (ခင်ဗျားတို့ပါးစပ်တွေက ထွေးထုတ်ချင်လောက်အောင် ခပ်ချဉ်ချဉ် စပျစ်သီး တစ်လုံးသာ ဖြစ်ချင်သူ)
ဒါကြောင့် ကျုပ်ကို ဗြောင်မုန်းတဲ့လူရော၊ အတွင်းကျိတ်မုန်းတဲ့လူရောများတယ်။ ကျုပ်ရဲ့ ပင်ကိုသဘာဝ အရလည်း ကျုပ်က လူတွေကို မချစ်တတ်တဲ့လူပါပဲ။ အဲဒီအဓိပ္ပါယ်က လူတွေရဲ့အပြုအမူ၊ အယူအဆ၊ အလေ့အထ၊ အတွေးအခေါ်တွေကို မနှစ်သက်ဘူးလို့အဓိပ္ပါယ်ရမယ် ထင်ပါရဲ့။ ထုံးတမ်းစဉ်လာ လူမှုရေးကျင့်ဝတ်တွေကိုလည်း ကျုပ်က သိပ်တော့ နားမလည်လှဘူး။ ကျုပ်နဲ့လူချင်း အင်မတန်ခင်တဲ့ ငသိုင်းချောင်း ဝံသာတို့၊ အညာတမာတို့၊ မြေချစ်သူတို့ ဆုံးတုန်းကတောင် တစ်ခေါက်မှ မရောက်ခဲ့ဘူး။ မသေခင်ကတော့ ကျုပ်တို့အကြားမှာ မှန်ကန်တဲ့ နားလည်မှုနဲ့ လေးစားမှုတွေ ရှိခဲ့တယ်လို့ ထင်ပါတယ်။ လူနှစ်ဦးရဲ့ကြားမှာ ပေါင်းသင်းနိုင်ဖို့အတွက် လိုအပ်နေတဲ့ တစ်ခုတည်းသော အရာက “ရိုးသားမှု” ပါပဲ။ ကျုပ်ကတော့ ချစ်အောင်လည်း မနေဘူး။ မုန်းအောင်လည်း မနေဘူး။ သဘာဝအတိုင်း နေတာပါပဲ။ တစ်ခုတော့ ရှိတာပေါ့လေ။ ကျုပ်က ကြက်ဟင်းခါးသီးနဲ့မတည့်ဘူး။ ကိုယ့်ကိုယ်ကိုယ် သူတော်ကောင်းလို့ထင်နေတဲ့ လူတွေနဲ့လည်း မတည့်ဘူး။ ငါသာ မှန်တယ်လို့ယူဆနေတဲ့ လူတွေနဲ့လည်း မတည့်ဘူး။ ပြီးတော့ နှင်းဆီပန်းအနံ့နဲ့လည်း မတည့်ဘူးဗျ။
သစ္စာနီ (စတိုင်သစ် မဂ္ဂဇင်း၊ အမှတ် - ၁ဝဝ၊ ဇန်နဝါရီ လ၊ ၂ဝဝ၃)
0 အကြံပြု ထင်မြင်ချက်များ:
Post a Comment