Saturday, October 8, 2011

စစ်ယဉ်ကျေးမှု စာတမျက်နှာ


ငယ်ငယ်က
ထမင်းစားဝိုင်းတွေမှာ
နောက်ကျကျပြီးတတ်တဲ့ ငါ့ကို
အမေက
ဂျပန်ခေတ်မှာဆို ထမင်းငတ်ပြီတဲ့ 


လေယာဉ်သံ၊ ဗုံးသံ၊ ယမ်းငွေ့တွေကြား
ပြေးလွှာကြီးပြင်းခဲ့ သူမရဲ့အဆုံးအမ
ထမင်းစားရာမှာလည်း စစ်ဆိုတာပါခဲ့။

ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်
အင်္ဂလိပ်မြန်မာ ပထမစစ်
ဒုတိယစစ်
တတိယစစ်အပြီး ကျွန်ဖြစ်
တော်လှန်စစ်၊ ပြည်တွင်းစစ်
ကျောင်းသားဘ၀မှာလည်း စစ်တွေနဲ့ညစ်ခဲ့။

ရုပ်ရှင်ထဲက တိုက်လေယာဉ်တွေ
အိပ်မက်ထဲအထိ ဗုံးလိုက်ကြဲလို့
လန့်နိုးရ အိပ်မက်ညတွေကို
မုန်းတတ်ခဲ့။

ခေါင်းပြတ်ကြီးကို ဘယ်လက်
ဒါးရှည်ကြီးကို ညာလက်ကကိုင်
စစ်တလင်းသွေးအိုင်ထဲက ပုဂ္ဂိုလ်များ
ရွံရှာဖူးခဲ့။

တိုင်းပြည်ကံကြမ္မာ
အဖြူအစိမ်း ရတနာများကို
ရန်သူတော်ထင်
စစ်ပွဲဆင်အနိုင်ယူတတ်သူ အာဏာရှင်များကို
နာကြည်းမှုကြီးခဲ့။

တကျော့ပြန်အာဏာသိမ်းတဲ့ ၁၉၈၈
အောက်တိုဘာ ၂၂
ပြည်တွင်းစစ်ထဲ ခုန်ဝင်
စစ်ဝတ်စုံနဲ့ကိုယ့်ပုံ ကိုယ်ပြန်မြင်မှ
မျက်ရည်ဆိုတာကျခဲ့။

၁၆ နှစ်တာ စာမျက်နှာမှာ
အဆုံးရှုံးကြီးခဲ့တာဆိုလို့
ဇာတိမြေက အမိနဲ့အဖ
ဆုံးပါးခဲ့တာတောင်မှ သိခွင့်ရယ်မရ့ 
စစ်မြေပြင်က ရဲဘော်များ
ကျဆုံးခဲ့တာတောင် ကြည့်ခွင့်ရယ်မရခဲ့။

တကိုယ်စာ အမြတ်ဆိုလို့
ခေါင်းဖြူကြီးအခေါ်ခံ ငါ့မှာ
ငှက်ဖျားရောဂါ
အစာအိမ်ရောဂါ
အဆုပ်အအေးပတ်ရောဂါ
ခါးနာရောဂါ့ 
ရောဂါများများကို ပိုင်ဆိုင်ထားခြင်းအပြင်
ဇနီး
သားကြီး အဂ္ဂနဲ့
သမီးငယ်သာ အဖတ်တင်။      ။

လူဗိုလ်
၁၂ ၊ ၃ ၊ ၀၆

0 အကြံပြု ထင်မြင်ချက်များ:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes