Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Monday, October 17, 2011

မြန်မာ

မြန်မာ။ ကျွန်တော် ခုတလောတွေးနေတာလေးပါ။ မြန်မာ။

မြောက်ဘက်အစွန်းမှာ ကချင်ပြည်နယ်တဲ့။ ကချင်တောင်တန်းကြီးတွေမှာ ရေခဲတောင်တွေရှိတယ်။ ရေခဲတောင်ဆိုတာ နိုင်ငံတိုင်းမှာ ရှိတာမဟုတ်။ တောကြီးတွေ။ တောင်ကြီးတွေ။ စိမ်းလန်းတဲ့ ရေ၊မြေသဘာဝတွေနဲ့။ အော်… ဒါဟာ ငါတို့ မြန်မာ။
အနောက်ဘက်မှာ ချင်းပြည်နယ်။ တောတောင်ရေမြေ အေးချမ်းတဲ့ ပြည်နယ်တစ်ခု။ သဘာဝတရားကို စားသုံးနေကြတဲ့ လူမျိုးတွေရယ်လို့ တင်စားလိုက်ချင်။ အော် .. ဒါလည်း ငါတို့ မြန်မာ။
အရှေ့ကို ကြည့်ပြန်လေတော့ ရှမ်းရိုးမရဲ့ ချစ်စရာကောင်းတဲ့ အိုးစည်သံတွေကြား အင်းလေးကိုတောင် ကျွန်တော်လွမ်းရပြန်ရောလေ။ ရှမ်းထမင်းချဉ်နဲ့ ရှမ်းတို့ဟူးနွေးနွေးကိုစားလို့ ရှမ်းဈေးညရဲ့ မှိုင်းပြပြကောင်းကင်မှာ ငယ်ငယ်က အဖေနဲ့ ရှမ်းပြည်ကို လိုက်သွားဖူးတဲ့ အတိတ်တွေက ခုတော့ ခပ်ဝါးဝါး။ အော် .. ဒါလည်း ငါတို့မြန်မာ။
တောင်ဘက်အစွန်းက တို့နိုင်ငံရဲ့ အမြီးဖျားလေးမှာကော။ မြိတ်၊ ထားဝယ်၊ ကော့သောင်း။ ပင်လယ်ရေတွေ ၀ိုင်းထားတဲ့ ကျွန်းလေးတွေ။ ပွင့်လင်းဖြူစင်တဲ့ စရိုက်တွေနဲ့ မလုပ်ဘူးကို မလုပ်ပြီလို့ ပြောကြတဲ့ မြိတ်သူ မြိတ်သားများ။ အော် .. ဘယ်လိုပဲပြောပြော ဒါလည်းငါတို့ မြန်မာ။
သယံဇာတ ပေါတဲ့မြေ။ ရွှေ၊ ငွေ၊ ကျောက်သံ၊ ပတ္တမြား အစုံထွက်တဲ့ မြေ။ ဒါတင်လား။ ရေနံ၊ သဘာဝဓါတ်ငွေ့၊ ခဲမဖြူ တွင်းထွက်ပစ္စည်းအစုံအလင်နဲ့။ တူးချင်သလိုတူး ရေမရှားလေဘူး။ စိုက်ပျိုးရေးလုပ်ဦးမလား။ စပါး၊ ပြောင်း၊ သီးနှံ၊ ၀ါး၊ ပဲ၊ နှမ်း၊ ရာဘာပင်က အစ ကျွန်းပင်ကြီးတွေထိ ကြိုက်တာစိုက်၊ အကုန်ရတယ်။ အဲဒါ မြန်မာ။
မေခ၊ မလိခက ပေါင်းစည်းလိုက်တဲ့ မြစ်တစ်စင်း။ ဧရာဝတီတဲ့။ နိုင်ငံရဲ့ သုံးပုံ နှစ်ပုံခွဲလောက် ရှည်လျားလေတဲ့ မြစ်။ နိုင်ငံရဲ့ မြောက်ဘက်အစွန်းကစ၊ ဧရာဝတီတိုင်းအထိ သူက စီးဆင်းခဲ့တယ်။ အဲလို ရှည်လျားတဲ့ မြစ်မျိုး၊ ကိုယ့်နိုင်ငံကစ ကိုယ့်နိုင်ငံမှာ ဆုံးတဲ့ မြစ်မျိုး၊ နိုင်ငံတိုင်းမှာ မရှိနိုင်ဘူး။ ဧရာဝတီ။ ဒါလည်း ငါတို့ မြန်မာ။
လှည်းဝင်ရိုးသံ တညံညံ၊ ဖုန်ထူ နေပူကြီးထဲမှာပဲ ရင်ကို အေးခြမ်းစေတဲ့ မြင်ကွင်းက ဆန်းကြယ်နေပေါ့။ အရှေ့၊ အနောက်၊ တောင်၊ မြောက် တောတောင် တွေဝိုင်းရံကားပေးထားတဲ့ အလယ်ပိုင်းမှာတော့ မြန်မာရဲ့ အထင်ကရနေရာတစ်ခု။ ဗုဒ္ဓဘာသာဝင်တွေရဲ့ အမြတ်တနိုး တန်ဖိုးထားရာ နေရာ။ ပုဂံတဲ့။ အင်း..ဒါလည်း ငါတို့မြန်မာပေါ့။
မြန်မာ။ သမိုင်းခေတ်အဆက်ဆက် သူဖြတ်ကျော်လာခဲ့တယ်။ သက်ဦးစံပိုင်ကနေ ဒီနေ့ ဒီမိုကရေစီအထိ။ သူက စိမ်းလန်းပေးထားတယ်။ အေးခြမ်းပေးထားတယ်။ နွေးထွေးပေးထားတယ်။ မြင့်တဲ့ နေရာ မြင့်၊ နှိမ့်တဲ့ နေရာ နှိမ့်၊ ရေမြေသဘာဝနဲ့၊ သယံဇာတနဲ့။ ငါတို့ နေလာတယ် မြန်မာမှာ။ အော်။ မြန်မာ။
အင်္ဂလိပ်က သိမ်းဖူးတယ်။ ဂျပန်က သိမ်းဖူးတယ်။ လွတ်လပ်ရေးကို တိုက်ပွဲတိုက် ပြန်လည်ရယူခဲ့ကြတယ်။ ဗုံးကျဲခံ၊ သေနတ်မှန်၊ ငလျင်လုပ်၊ မုန်တိုင်းတိုက်၊ ဘာတွေပဲဖြစ်ခဲ့ ဖြစ်ခဲ့ သူဟာ ပြန်လည် ရုန်းကန်နိုးထ ရှင်သန်ခဲ့တယ်။ ခုထိ။ လောဘကြောင့် ဖြစ်တဲ့ တိုက်ပွဲများ၊ အမုန်းကြောင့် ဖြစ်တဲ့ တိုက်ပွဲများ၊ သဘောထားချင်း ကွဲပြားခဲ့ကြတဲ့ တိုက်ပွဲများ၊ ဘယ်လောက်တောင်များခဲ့ ပြီလဲ။ မြန်မာမှာ။
ငွေနဲ့ ၀ယ်ယူလို့ မရတဲ့ ငြိမ်းချမ်းရေး။ အတုအယောင်လုပ်ယူလို့ မရတဲ့ လွတ်လပ်ရေး။ အုပ်ချုပ်သူ အုပ်ချုပ်၊ စီမံသူ စီမံကြ။ နောက်လိုက်သူ လိုက်။ ငြင်းဆန်သူ ငြင်းဆန်ကြဦး။ မြန်မာ။ ခုထိ လွတ်လပ်ဖို့ ကြိုးစားသူ ကြိုးစားကြတုန်း။ အရှေ့တောင် အာရှမှာတောင် အရာရာ သူနောက်ဆုံးက ဖြစ်ခဲ့ပြီ။ တီထွင်သူလည်း မရှိ။ ဖန်တီးသူလည်း မရှိ။ ဘ၀ကို ဖြစ်သလိုနေမယ့်လူတွေသာ ပေါ။ တစ်နေ့တာ စားသောက်ဖို့တောင် မလွယ်ကြတဲ့ ဘ၀တွေ။ လမ်းဘေးက ကိုယ်လက်အင်္ဂါမဲ့ တောင်းစားနေသူများ။ အမိမဲ့ အဘမဲ့ သားသမီးတွေ။ မွေးပြီး စွန့်ပစ်ခဲ့ကြတဲ့ မိဘတွေ။ အစွန့်ပစ်ခံ သားသမီးများ။ လမ်းဘေးမှာ သေသူသေ၊ အိပ်သူအိပ်။ ပိုင်ရှင်မဲ့ စိတ္တဇဝေဒနာရှင်တွေ။ ဟာ။ အဲလို ဘ၀တွေ မြန်မာမှာ အများကြီးရှိနေတယ်လေ။
ပြင်ဦးလွင်မြို့လို အေးချမ်းတဲ့ မြို့လေးရှိသလို ရန်ကုန်လို မြို့ကြီးပြကြီးလည်း ရှိလေတဲ့ မြန်မာ။ တူးပို့ တူးပို့ သင်္ကြန်ပွဲကနေ တန်ဆောင်တိုင်ပွဲ၊ သီတင်းကျွတ်ပွဲ၊ ၀ါဆိုပွဲ၊ ဘုရားပွဲထိ ပွဲလန်းသဘင်ပေါလေတဲ့ မြန်မာ။ ဗမာ၊ တရုတ်၊ ကုလား၊ တိုင်းရင်းသားပေါင်းစုံ နေကြလေတဲ့ မြန်မာ။ နုံအခြင်းနဲ့ ရိုးသားခြင်းကို သိပ်မကွဲပြားကြတဲ့ မြန်မာ။ ပွင့်လင်းဖြူစင်တဲ့ တိုင်းရင်းသားတွေတော့ ရှိပါရဲ့။ ဟန်ဆောင်ခြင်းတွေနဲ့ မြို့ပြတွေက ဘာတွေကို ဝေမျှကြမလို့လဲ။ မြန်မာ။
ဘုန်းတော်ကြီးသင် ပညာရေးက အစပြုခဲ့တဲ့ မြန်မာ။ ကိုလိုနီ ပညာရေး၊ ပြည်တော်သာ ပညာရေး၊ တော်လှန်ရေးကောင်စီခေတ် ပညာရေး၊ ဆိုရှယ်လစ်ခေတ် ပညာရေး၊ ကမ္ဘာအဆင့်မှီ ပညာရေးရယ်လို့ တို့တွေ သင်ကြားခဲ့ကြ။ စာသင်ကျောင်းက ခေါင်းလောင်းသံနဲ့ ငါတို့မြန်မာ။ ခုချိန်ထိတော့ ပညာတတ်တွေ ပညာသိတွေ ရှားပါးနေကြသေး။ ပညာမဲ့တွေ၊ အတန်းပညာမတတ်နိုင်ကြတဲ့ ကလေးသူငယ်တွေ။ လူကြီးတွေနဲ့။ အော်.. မြန်မာ။
မြန်မာ။ ခံစားသူ ခံစား။ ဆုံးဖြတ်သူ ဆုံးဖြတ်။ ဆန့်ကျင်သူ ဆန့်ကျင်။ ဆန္ဒပြသူ ပြကြဦး။ စနစ်သစ်တွေ ဟောင်းသွားကာ နောက်ထပ် စနစ်သစ်တွေ ရေးကြဦး။ နည်းပညာတွေ၊ ငွေကြေးတွေ၊ လူနေထိုင်မှု အဆင့်အတန်းတွေ။ လိုက်ကြဦး။ အမှီလိုက်ကြဦး။ ခေါင်းပုံဖြတ်သူဖြတ်။ အားပေးသူ အားပေး။ ကူညီသူ ကူညီ။ အဂတိလိုက်စားသူ လိုက်စား။ ထိန်းသူ ထိန်း။ လွတ်သူ လွတ်။
မြန်မာ။ စတုရန်း မိုင်ပေါင်း နှစ်သိန်းခြောက်သောင်း တစ်ထောင့်ကိုးရာ ခုနှစ်ဆယ် အကျယ်အ၀န်းပေါ်မှာ လူဦးရေ သန်းပေါင်း ခြောက်ဆယ်လောက် နေကြတဲ့ နိုင်ငံ။ ပြည်နယ်နှင့် တိုင်း ဆယ့်ငါးခုမှာ လူမျိုးပေါင်း တစ်ရာကျော်နေကြတဲ့ နိုင်ငံ။
သမိုင်းတွေ ရေးကြဦး။ တစ်ခါ သမိုင်းတွေ ပြန်ဖတ်ကြဦး။ မြန်မာ။ အမျိုးသားပြန်လည် ရင်ကြားစေ့ကြဦး။ ရန်တွေဖြစ်ကြဦး။ ရိုးရာအမွေအနှစ်တွေ၊ သမိုင်းဝင် ကျောက်စာတွေ။ မင်းသမီးတစ်ယောက်ရဲ့ ကကွက်တွေ။ ဆောင်းတီးသံ၊ ဗုံသံ၊ တယောသံ၊ မယ်ဒလင်သံတွေနဲ့။ မြန်မာ။ ခေတ်ကို မမှီပေမယ့် ခေတ်ကို ကျော်သူ ကျော်ကြ။ ရောက်လာသူ၊ ကျောခိုင်းသွားသူ။ ပေါင်းစည်းသူ၊ လမ်းခွဲသူတွေနဲ့။ ရိုးသားသူ ရိုးသားကြဦး။ ကလိမ်ကကျစ်ကျသူ ကျဦး။ ပြောင်းလဲရေး၊ ပြောင်းလဲရေးလို့ အော်ဟစ်နေကြတုန်း။ ခေတ်စနစ်အသစ်တွေနဲ့ ရုန်းထလှုပ်ရှားကြဦး။ မြန်မာ။
မြန်မာ။ မပြီးသေးတဲ့ ပန်းချီးကားကို ဆက်ရေးကြဦး။ တစ်ယောက်တစ်မျိုး မရိုးအောင် ရေးကြဦး။ သဘောထားတွေ လွတ်လပ်စွာ ကွဲလွဲကြဦး။ ဖြူဖတ်ဖတ် အတိတ်၊ အညိုရောင် ပစ္စုပါန်ကနေ၊ အရောင်စုံ အနာဂတ်တွေဆီသို့ ဦးတည်လျက် …………… ။

 ရင်နင့်အောင်

မြန်မာတွေ မေးခွန်းများ မေးကြပါ

by ရင်နင့်အောင် on Monday, 17 October 2011 at 09:24
 
 
“မေးခွန်းတွေမေးပါ။ မေးခွန်းတွေ မေးကြပါ။ မေးပြီးရင် ဖြေကြပါ။ မေးမည့်သူ မရှိလျှင် ကိုယ့်ဘာသာ မေးပြီး ကိုယ့်ဘာသာ ပြန်ဖြေကြပါ”
ကျွန်တော်တို့တတွေ မေးခွန်းတွေမေးကြဖို့လိုပြီ။ ဒီတော့ ကျွန်တော်မေးပြီ။ ဖြေချင်သူများ ဖြေကြပါ။

အောက်ပါမေးခွန်းများအား ဖြေဆိုပါ။
၁။ ခင်ဗျားမကြိုက်ဆုံး အမူအကျင့် (၃)ခုကို ပြောပါ။
၂။ ခင်ဗျားရဲ့ ပတ်ဝန်းကျင်ဆိုတာ ဘယ်လောက်ကျယ်ဝန်းပါသလဲ။
၃။ နာဂစ်ဖြစ်တုန်းက သွပ်ပြားဈေးတွေတက်ခဲ့တာ တရားမျှတပါသလား။
၎။ လက်ရှိအစိုးရကို လက်ခံယုံကြည်ပါသလား။
၅။ မြန်မာနိုင်ငံသည် ကမ္ဘာအဆင်းရဲဆုံးနိုင်ငံ ဖြစ်နေသည်ကို ပြောင်းလဲပစ်ဖို့ သင်ကြိုးစားမည်လား။
၆။ ပြုပြင်ပြောင်းလဲရေးဆိုပြီး မြန်မာနိုင်ငံကြီး ကြိုးစားနေချိန်တွင် ခင်ဗျားက ဘာလုပ်ချင်သလဲ။
မေးခွန်း (၆)ခု မေးလိုက်ပါပြီ။

မေးခွန်းများသည် လူ့ဘ၀အတွက် ပညာရေးဖြစ်သည်။ ကလေးဘ၀ကတည်းက စတင်လာခဲ့သည့် ပညာရေးသည် မေးခွန်းမေးခြင်းဖြင့် ဖြစ်သည်။
“ဖေဖေ အဲဒါ ဘာလဲဟင်”
“မေမေ ဒါကို ဘယ်လိုလုပ်တာလဲဟင်”
“ဦးဦး လေယာဉ်ပျံက ဘယ်လိုပျံတာလဲ”
ကျွန်တော်တို့ မေးခွန်းများဖြင့် ရှင်သန်ကြီးထွားခဲ့ကြပါသည်။ မေးခွန်းများသည် လူဘ၀တစ်လျှောက်လုံး၏ ပညာရေးဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်မှု (improvement) ဖြစ်သည်။
ဟုတ်ပါသည်။ ကျွန်တော်တို့တတွေသည် မေးခွန်းများဖြင့် ကလေးဘ၀ကို ဖြတ်သန်းရင်း ကျောင်းပညာရေးသို့ ရောက်ကြသောအခါ မေးခွန်းများသည် တစ်စတစ်စ လျော့နည်းလာသည်ဟု ကျွန်တော်မြင်မိလာသည်။ ကျွန်တော်တို့သည် ကျောင်းပညာရေးကို စတက်လိုက်တာနှင့် မေးခွန်းမေးလို့ သိပ်မရတော့။ ကျွန်တော်တို့သည် သူများမေးတာကိုသာ ဖြေရသူများဖြစ်လာကြသည်။ သူများမေးသော မေးခွန်းများသည်လည်း အနှစ်သာရ သိပ်မရှိလှ။ တစ်နှင့် တစ်ပေါင်း နှစ်ရကြောင်း ကျွန်တော် သူငယ်တန်းဘ၀က ဖြေဆိုနိုင်ခဲ့သော်လည်း လေးတန်းကျောင်းသားဘ၀မှ တစ်နှင့် တစ်ပေါင်း ဘာကြောင့် နှစ်ရကြောင်း အကျယ်တ၀င့် သိလာခဲ့ပါသည်။ ဟုတ်ပါသည်။ ကျွန်တော်တို့ မေးခွန်းမမေးဖြစ်တော့ပါ။ သူများမေးတာကို လိုက်လံဖြေဆိုနေကြရသည်။
ထိုသို့ဖြင့် ကျွန်တော်သည် မူလတန်း၊ အလယ်တန်း၊ အထက်တန်းထိ ဖြေဆိုအောင်မြင်ခဲ့ပါသည်။ ထို့နောက် ဘာမှန်းမသိသော ကွန်ပျူတာတက္ကသိုလ်သို့ တက်ရောက်ခဲ့ပါသည်။ တက္ကသိုလ်တွင်လည်း ထိုနည်းတူ ကျွန်တော်မေးခွန်းမေးခွင့်မရပါ။ ကျွန်တော်သည် ဖြေဆိုရမည့်သူ သက်သက်သာ ဖြစ်ခဲ့ပါသည်။ ကွန်ပျူတာ တက္ကသိုလ်က Software Engineering ကို သင်ပေးပါသည်။ Data Structure ကို သင်ပါသည်။ Programming Logic များသင်ပါသည်။ ကျွန်တော်ဖြေဆိုအောင်မြင်ပါသည်။ သို့သော် ကျွန်တော် ထိုအရာများကို ဘယ်နေရာတွင် အသုံးချရမှန်းမသိခဲ့ပါ။ မေးလည်း မမေးဖြစ်ခဲ့ပါ။ ကျွန်တော်သည် မေးခွန်းနှင့် မဆိုင်သူဖြစ်လာခဲ့ပါသည်။
အတန်းပညာများဆုံးသောအခါ ကျွန်တော် လုပ်ငန်းခွင်သို့ရောက်ခဲ့ပါသည်။ လုပ်ငန်းခွင်တွင်လည်း ကျွန်တော့်နည်းတူ လူတို့သည် မေးခွန်းမမေးကြတော့။ ဖြေဆိုသူများသာ ဖြစ်နေခဲ့ပါသည်။ အခု ပြန်စဉ်းစားကြည့်လိုက်သောအခါ အလွန်နှမျောဖို့ကောင်းပါသည်။ ကျွန်တော်တို့ မေးခွန်းများ မေးသင့်ပါလျက် မမေးခဲ့ကြပါ။

သူများမေးသမျှကို ဖြေဆိုရင်းဖြင့် ကျွန်တော် ကြီးပြင်းလာသောအခါ ကျွန်တော်သည် မေးခွန်းမေးရမှာကိုပင် ကြောက်ရွံ့လာခဲ့ပါသည်။ တနည်း မေးခွန်းများနှင့် ကျွန်တော်သည် စိမ်းကားလာပါသည်။ ကျွန်တော်တို့သည် မေးခွန်းများဖြင့် ကလေးဘ၀ကို ဖြတ်ကျော်ခဲ့သော်လည်း အရွယ်ရောက်လာသည်နှင့် အမျှ မေးခွန်းများနှင့် ဝေးကွာလာကြပါသည်။ (ဝေးကွာလာကြသည်ဟု ထင်မိပါသည်)။
တကယ်တော့ ကျွန်တော်တို့မှားယွင်းခဲ့ကြပါသည်။ ကျွန်တော်တို့၏ ပညာရေးနည်းစနစ်များလည်း မှားယွင်းခဲ့၊ မှားယွင်းနေဆဲဟု ထင်မိပါသည်။ အရာရာတွင် အချိန်တိုင်းတွင် မေးခွန်းများ ရှိသင့်ပါသည်။ ကျွန်တော်တို့ မေးကြရပါမည်။ မေးပြီးလျှင် အားလုံးဝိုင်းဝန်း စဉ်းစား အဖြေရှာကြရပါမည်။
Critical Thinking ဆိုသော ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်းသည် မေးခွန်းများမေးမှသာ ရပါမည်။ မေးခွန်းများကို မကြောက်ကြပါနှင့်။ ကျွန်တော်တို့ ကြောက်ခဲ့ကြသော အကြောင်းမှာ ကျွန်တော်တို့သည် အမြဲလိုလို သူများမေးခွန်းကို ချည်း ဖြေဆိုခဲ့ကြ၍ ထင်ပါသည်။ ဒီနေ့မှ စ၍ ကျွန်တော်တို့တွေသည် ကိုယ်တိုင်မေးခွန်းထုတ်ကြရမည်။ တစ်ယောက်တစ်လှည့် မေးခွန်းထုတ်ကြရမည်။ ထုတ်လိုက်သော မေးခွန်းအတွက် အဖြေမှန်ကို ၀ိုင်းဝန်းစဉ်းစားကြရမည်။
အမှန်တရားတစ်ခုအတွက်၊ တနည်း Critical Thinking လုပ်ကြဖို့အတွက် လိုအပ်ချက်များရှိပါသည်။ မေးခွန်းမေးခြင်း (Questioning)၊ နှိုင်းယှဉ်ခြင်း (Comparing)၊ ခွဲခြင်း စိတ်ဖြာ ရှင်းလင်းခြင်း (Analysis)၊ ရှာဖွေခြင်း (Searching)၊ လိုအပ်သော အချက်လက်များ (Facts)၊ ဖြေရှင်းခြင်း (Solving)၊ ဗဟုသုတများ (Knowledge)၊ အဓိပ္ပါယ်များ (Meanings)၊ အကြောင်းပြချက်များ (Reasons)၊ ပျော့ပြောင်းနူးညံသော သဘောထား (Flexibility)၊ ယုံကြည်ချက် (Confidence) နှင့် နောက်ဆုံးဆုံးဖြတ်ချက် (Decision) တို့ ပါရှိရပါလိမ့်မည်။
လူတစ်ဦးတွင် Thinking ဟူသည် Logical Thinking, Critical Thinking ဟူ၍ ရှိပါသည်။ ကျိုးကြောင်းဆက်စပ်တွေးခေါ်ခြင်း (Logical Thinking) သည် အရေးကြီးသည်မှန်သော်လည်း ကျွန်တော်တို့ ရှေ့ဆက်တက်လှမ်းဖို့အတွက် Critical Thinking ရှိမှ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် မေးခွန်းများများ မေးကြပါ။ မေးလိုက်သော မေးခွန်းများကို ၀ိုင်းဝန်း အဖြေရှာရမည်သာ။ ဒီနေရာတွင် ပြောစရာတစ်ခုရှိလာပါသည်။ မေးခွန်းများကို ပြဿနာ (Problem) ဟု မယူဆပါဘဲ Issue တစ်ခုအဖြစ်သာ မြင်ကြရန်လိုအပ်ပါသည်။

ထို့ကြောင့် မေးခွန်းများများမေးကြပါ။ မေးခွန်းများမေး၍ ၀ိုင်းဝန်းအဖြေရှာကြသော အခါ အဖြေများစွာ ထွက်လာပါလိမ့်မည်။ ဘယ်သူအဖြေသည် အမှန်ဆုံးလဲဟု ထပ်မှန် မေးခွန်းများမေးကြပါ။ နောက်ဆုံး အမှန်တရားထွက်လာပါလိမ့်မည်။ အမှန်တရားသည် ပုဂ္ဂိုလ်စွဲမရှိပါ။ ဘက်မလိုက်ပါ။ လာဘ်ပေးလာဘ်ယူ မပါပါ။ အဖြေမှန်ထွက်လာရန် Logical Thinking, Critical Thinking နှင့်မရပြန်တော့။ နောက်ဆုံးတစ်ခုမှာ Positive Thinking ဖြစ်ပါသည်။
မေးခွန်းများ မေးကြပါ။
ကျွန်တော်တို့ မေးခွန်းများ မေးကြရပါမည်။
လက်ရှိ မြန်မာနိုင်ငံ၏ ပညာရေးနည်းစနစ်များကို ပိုမိုကောင်းမွန်လာဖို့ မေးခွန်းများမေးကြရမည်။
မြန်မာနိုင်ငံ တိုးတက်ပြောင်းလဲရေးမှာ အစိုးရနှင့် မပြီး။ စစ်တပ်နှင့် မပြီး။ သမ္မတနှင့် မပြီး။ လွတ်တော်နှင့် မပြီး။ စာနယ်ဇင်းနှင့် မပြီး။ မြန်မာနိုင်ငံသားတိုင်း မေးခွန်းများ မေးမှသာ ဖြစ်လိမ့်မည်ဟု ထင်မြင်မိပါသည်။

ရင်နင့်အောင်

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes