Showing posts with label စိတ်ကြိုက် ဆောင်းပါး. Show all posts
Showing posts with label စိတ်ကြိုက် ဆောင်းပါး. Show all posts

Saturday, October 15, 2011

လူငယ်တော်တော်များများရှိတဲံ့Facebook (သို့) ပုံရိပ်ယောင် နိုင်ငံတော်

Face Book:Virtual State facebook ဆိုတာကို ကို ကြားနေခဲ့တာ ကြာပြီ ဖြစ်သော်လည်း သူ သိပ်မသိခဲ့ပါ။ သုံးဖို့လည်း မကြိုးစားခဲ့ပါ။ ဟိုယခင် ၃-၄ နှစ်လောက်ကတည်းက..စင်ကာပူက..ညီမ၀မ်းကွဲတွေ..Hi-5 , friendster တို့ နဲ့ အသစ်အဆန်းဖြစ်ကာ..ပျော်နေကြစဉ်ကတည်းက..ဘေးက သွားငေးပြီး.. သြော်..လူငယ်တွေ သူတို့ ခြင်း ..ပုံလေးတွေ တင်လိုက်.. နောက်လိုက်နဲ့ ပျော်စရာတော့..ကောင်းသား…လို့ သာ တွေးမိရင်း.. နဲနဲမှ စိတ်မ၀င်စားခဲ့ပါ။  ဖိုရမ်ဆိုတာတွေလည်း.. မသိခဲ့..မထိုင်ဖူးခဲ့ပါ။ ဖြတ်သွားဖြတ်လာ ၀င်တောင် မငေးမိခဲ့တာ..ဘယ်ချောင်မှာ သွားခေတ်နောက်ကျ နေခဲ့လည်း မသိ။ စလုံးမှာ တုန်းက.. တပတ် ၅ ရက်ခွဲ အလုပ်မှာ.. ပြန်လာရင်..ဟင်းချက်.. ထမင်းစားရင်း .. သတင်းလေး နားထောင်.. ပြီး..တီဗီ ခဏ ကြည့်.. စာအုပ်လေး တအုပ် ဟိုလှန် ဒီလှန်လုပ်ရင်း.. ညခင်း တခု..လျင်လျင်မြန်မြန် ကုန်သွားတတ်တာပဲ..မှတ်မိသည်။ အင်တာနက်ကို အလုပ်ထဲမှာ..နေ့လည် ထမင်းစားချိန်သာ ဗမာသတင်း ၀က်ဆိုဒ်တွေ လျှောက်ကြည့် ဖြစ်သည်။ တော့်တော့်ကို ဝေးခဲ့တာပါ.. Virtual world နဲ့ပေါ့။
ဒီ မြေနီိနီမြို့လေးကို အရောက် ငေါင်စင်းစင်း နေ့ရက်တွေကို လည်း..မိုးမခလေး ဖတ်လိုက်.. .ဒီဗီဘီက သတင်းလေးတွေနဲ့ မောလိုက်.. ဦးဦးဖျားဖျားဖတ်ရတဲ့..weekly eleven လေး မှာ ဗမာပြည်ကို လှမ်းငေးလိုက် နဲ့.. ဒီလိုပဲ ဖြတ်သန်းနေတုန်း.. မိုးမခက မိတ်ဆက်ပေးတဲ့.. ဘလော့ဆိုတာ နဲ့ ပထမဆုံး ရင်ခုန်ခဲ့ရတာပါ။ အင်တာနက် ရဲ့ အသုံးချမူတွေ ထဲမှာ blogging က..ပထမဆုံး အချစ်ဦးပါ။ ကိုယ်ကလည်း စာရေးချင်သူ ဆိုတော့.. အသဲစွဲလိုက်သမှ..ခုထက်ထိ ချစ်နေရဆဲပါပဲ။
Social networking တွေ ပုံသဏ္ဌန်မျိုးစုံ နဲ့ အနီးအပါးမှာ ပိုလို့ များပြားလာနေပေမဲ့.. လူမူပေါင်းသင်းဆက်ဆံရေး မှာ သိပ် မကျွမ်းကျင်လှ..အရမ်းကြီး စိတ်မ၀င်စားလှ တဲ့အတွက်.. တယောက်ထဲ..ပြောချင်တာပြော..ရေးချင်တာရေးလို့ရနေတဲ့..ဘလော့ ကနေ.. တဖ၀ါးတောင် ခွာပြီး မျက်မွေးထော် မကြည့်ခဲ့မိဘူး။ အီးမေးလ်ထဲ ရောက်လာတဲ့.. Invite တွေ ဆို ယောင်လို့တောင် ကလစ် မကြည့်ဘူး။ သိတယ်လေ..အဲဒါတွေက.. သူ့အလိုလို အီးမေးလ် စာရင်းတွေထဲက..လူတွေကို လျှောက် ဖိတ်တာဆိုတာ။ ကိုယ်သွား ကလစ် ကြည့်ရင်.. ကိုယ်မသိပဲ..သူငယ်ချင်း မိတ်ဆွေ တွေကို တဂျီဂျီ အနှောင့်အယှက် ပေးတော့မယ်လေ။
တနေ့သားတော့..သူငယ်ချင်း ကဗျာဆရာမကြီးက.. Facebook ကို လာခဲ့ပါတဲ့။ အဲဒါနဲ့..ဒီတခါတော့..ကိုယ့်ချစ်သူငယ်ချင်း လဲဖြစ်.. ဒီလောက် ခဏခဏ ကြားနေတဲ့.. Facebook လာစမ်း ဆိုပြီး ၀င်ကြည့်လိုက်တာ..မှတ်ပုံတင်ထားသူ ကမ္ဘာ့လူဦးရေ သန်း ၁၅၀ ကျော်ထဲမှာ..ခုတော့…ကိုယ်လည်း တယောက် အပါအ၀င် ဖြစ်နေပါတော့တယ်။
ရောက်ကာစ ဆိုတော့..ဟိုလျှောက်ကလိ..ဒီလျှောက်ကလိ ကြည့်- ကြည့် တယ်။ အင်တာနက် သုံးသူ ဗမာ အသိုင်းအ၀ိုင်းကလဲ ကျဉ်းကျဉ်းလေး ဆိုတော့..မိတ်ဆွေတွေ ရဲ့ မိတ်ဆွေတွေထဲက..မိတ်ဆွေဟောင်းတွေ ပြန်တွေ့.. နဲ့ ခဏတော့ ပျော်သွားသလိုပါပဲ။ ဘာအဖွဲ့ညာအဖွဲ့တွေလည်း စုံလို့။ အမယ်..အပင်လက်ဆောင်ပေးရင်.. အပင်က..တဖြည်းဖြည်းကြီးတောင်လာ ဆိုပဲ။ အခု နောက်ဆုံး Market Place ဈေးတောင် ဖွင့်တော့မည် တဲ့။ ဒါပေမဲ့.. သူ့ ရဲ့ feature တွေ platform တွေက.. ကိုယ့်အတွက် နဲနဲ မျက်စိ နောက်စရာ ကောင်းနေတယ်။ ဘာလို့လဲ မသိဘူး..ကိုယ့်အတွက်တော့..သိပ်ပျော်စရာ မကောင်းဘူး။ ဘလော့မှာတင်..ကိုယ်လုပ်ချင်တာတွေ ပြည့်စုံ နေပြီ ဆိုတော့..သိပ် မသွားချင်တော့ဘူး။ အချိန်ကလည်း ရှိသေးတယ်လေ။ ဒါပေမဲ့.. အခု နှစ်ပိုင်း အချိန်ပိုင်းလို facebook ဆိုတာ သိပ်ခေတ်စားလာတဲ့ အချိန်မှာ.. တခြား..ဘလော့ နဲ့ မယဉ်ပါးတဲ့..စာဖတ် စာရေး သိပ်စိတ်မ၀င်စားတဲ့ သူငယ်ချင်းဟောင်းတွေက.. သူတို့ဖာသာ လျှောက်ရှာရင်း..သွားရင်းလာရင်း..ကိုယ့် ဆီကို တယောက်ပြီး တယောက်..တံခါး လာခေါက် ကြ တယ်။ အဲတော့လည်း တံခါး သွားဖွင့်လိုက်… နှုတ်ဆက်လိုက်ပေါ့.. ပြီးတော့လည်း..ကိုယ့်ဘလော့ပဲ ကိုယ်ပြန်လာ ထိုင်နေမိတာပဲ။ မိတ်ဆွေ တယောက်ဆို အခါတိုင်းလို အီးမေးလ် ကတောင် စာမရေးတော့ဘူး.. facebook ထဲမှာပဲ ရေးတော့တယ်။


ကိုယ်ကတော့..ဘာရယ်မှ မဟုတ်ဘူး..ပြောခဲ့သလို..ဘလော့တလုံး နဲ့ အလုပ်ရှုပ်နေတာနဲ့.. စိတ်မ၀င်စားဖြစ်တာ။ တလောက..အမေရိကန်သမ္မတ မဲဆွယ်ပွဲတွေမှာတော့.. facebook က..အရေးပါတဲ့ အခန်းကဏ္ဌက ပါခဲ့ပြီး.. သမ္မတ အိုဘားမား ကိုယ်တိုင် facebook ကို ကောင်းကောင်း အသုံးပြုခဲ့ တယ်လို့ ဆိုထားတယ် ။ နောက်- အီဂျစ်နိုင်ငံက.. အစိုးရ ဆန္ဒပြပွဲတွေကိုလည်း.. facebook ကပဲ ဆောင်ကျဉ်းပေး ခဲ့သလိုလို.. သတင်းတွေ ဖတ်လိုက်ရသည်။ တပြိုင်တည်းမှာပဲ..အသစ်အသစ် တို့ရဲ့ ထုံးစံ အတိုင်း အကျိုးအပြစ် မကွဲပြားပဲ.. အငြင်းပွားဖွယ်ရာ များလည်း.. ပြောဆိုနေကြတာ..ခဏခဏ ဖတ်နေ မြင်နေရ ပါတယ်။ သတင်းစာ ဆောင်းပါး တခုမှာ ဖတ်လိုက်ရတာက.. လူသတ်မူပေါင်းများစွာ နဲ့ တသက်တကျွန်း ထောင်ဒဏ် ကျခံနေရတဲ့ မာဖီးယား ခေါင်းဆောင်တယောက် ရဲ့ facebook profile မှာ.. ပရိသတ် မိတ်ဆွေ များစွာနဲ့.. သူရဲကောင်းကြီး လုပ်နေတာ သင့်တော်ပါရဲ့လား တဲ့။ အခုဆိုရင်.. ဆေးလိပ်ကြော်ငြာတွေမှာ – ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်နိုင်ပါသည် -လို့ ထဲ့ပေးရသလိုပဲ.. တလောက..အော်စီ က..Internet Service Provider က..ဒီလို ကြော်ငြာ ထားတာကြည့်ပြီး..ပြုံးလိုက်မိပါသေးတယ်။
If you’ve got time to facebook, you’ve got time to call your mum
These days, it seems we have less and less time to chat. Yet in the middle of this time crunch we still find hours and hours for things like social networking sites. There’s nothing wrong with that, just don’t forget to spare a little time to phone home.
facebook သုံးတာ မှားတဲ့ကိစ္စ မဟုတ်ပါဘူး.. မိသားစုကို ဖုံးခေါ်ဖို့သာ မမေ့ပါနဲ့…တဲ့
လူလည်ပဲ..။ သူက.. Telecon ကုမ္ပဏီ ဆိုတော့..ဖုံးလိုင်းရော..အင်တာနက်ပါ ရောကြော်ငြာ လိုက်တာကိုး။
ပြီးခဲ့တဲ့ ၃ လလောက်ကတော့.. မမျှော်လင့်ပဲ work shop လေးတခုမှာ Guardian သတင်းစာပါ..face book နဲ့ပတ်သတ်တဲ့.. ဆောင်းပါးလေး တပုဒ်ကို သေချာ ဖတ်လိုက်ရတယ်။ စိတ်ဝင်စားစရာလေး မို့..ဘလော့မှာ ရေးမယ် ရေးမယ်နဲ့ မစဖြစ်ဘူး။ ဆောင်းပါးရှင်ကတော့.. facebook အကြောင်းကို နှိုက်နှိုက်ချွတ်ချွတ် လိုက်ရှာဖွေ ပြီး.. အဆိုးမြင် ရှုထောင့်ကနေ ရေးထားတာပါ။ ဘာရယ်တော့မဟုတ်ပါဘူး.. အခု နေ့စဉ် ဘ၀ တွေမှာ သိပ်ခေတ်စားလာနေတဲ့.. Social networking ဆိုတာ ကိုလည်း အားလုံးက..စိတ်ဝင်တစား စောင့်ကြည့်လာနေတော့.. ဝေမျှ ကြည့်တာပါ။
ဆောင်းပါး မူရင်းကို ဖတ်ကြည့်မယ် ဆိုရင်..သူ့အသုံးတွေက..သိပ် ထိမိပါတယ်။ ပြုံးချင်စရာ လည်း ကောင်းပါတယ်။ သူက..ဆောင်းပါး အစကို ဒီလို ဖွင့်ထားတယ်။
Why on God’s earth would I need a computer to connect with the people around me?
++++++
face book ကို ဖန်တီး ခဲ့တဲ့ ၂၄ နှစ်အရွယ် ကမ္ဘာ့အသက်အငယ်ဆုံး သူဌေးလေး Zuckerberg ကို..လူတိုင်းလိုလို သိကြမှာပါ။ သူက.. ကမ္ဘာ့ကွန်ပြူတာ ပုဂ္ဂိုလ်ကျော်ကြီး Bill Gates ကို အားကျ လို့လား.. မတူတူအောင်လိုက်တု သလားတော့မသိ။ သူလည်း Harvard ကျောင်းကို တန်းလန်းထားခဲ့တဲ့ ညဏ်ကြီးရှင်လေး တယောက်ပါ။ သူတို့ ကျောင်းသားအချင်းချင်း..ပညာစမ်းဖို့..စဖို့ နောက်ဖို့ ပျော်ဖို့ ဆိုပြီး..စု လုပ်ကြရင်း..ဒီ facebook ဆိုတာလေး ဖြစ်လာခဲ့တယ်။ facebook ဆိုတဲ့ နံမယ်ကလည်း.. တက္ကသိုလ်တွေမှာ မျက်နှာသစ် တွေ ကို ကြော်ငြာတဲ့..နံရံကပ် ဘုဒ်ကလေး တွေကို ပြောတာပါ။
ဒီဆောင်းပါး မှာ အဓိက ရေးထားတာက.. အဲဒီ သူဌေးပေါက်စလေး Zuckerberg အကြောင်း မဟုတ်ပဲ.. ဒီလို venture capital .. တီထွင်စွန့်စားဖန်တီးမူလေးကို ၀ယ်ယူခဲ့တဲ့..နောက်ကွယ်ကနေ.. ထောက်ပံ့နေတဲ့ .. သူကိုယ်တိုင်လည်း venture capitalist ကြီး တယောက်ဖြစ်တဲ့..အသက် ၄၀ ကျော်အရွယ် Peter Thiel ဆိုသူရဲ့ စိတ်ဝင်စားစရာ အကြောင်းပါ။
သူကိုယ်တိုင်က..နံမယ်ကျော် Pay Pal ငွေကြေးစနစ် ကို ပူးတွဲ ဖန်တီးခဲ့တဲ့.. ညဏ်ကြီးရှင် တယောက်ပါ။ သူ့ကို Fortune magazine ကနေ PayPal Mafia လို့ တောင် နံမယ်တပ်ခဲ့တယ်။ Stanford ကျောင်းထွက်ဖြစ်တဲ့ Thiel က ကျောင်းမှာတည်းက.. Liberal သမားတွေ.. Multicultural သမားတွေကို ဆန့်ကျင်ဝေဖန်ခဲ့တဲ့.. အနာဂါတ်စိတ်ကူးယဉ် ရှေးရိုးစွဲ လက်သစ် တယောက်ဖြစ်တယ် ဆိုတာ လူတိုင်း သိကြတယ်တဲ့။
လူ့ဘ၀ သက်တမ်းဆိုတာ..စိတ်ပျက်စရာကောင်းတယ်..ကြမ်းကြုတ်ခက်ထန်တယ် တိုတောင်းလှတယ်..ဒါ့ကြောင့် နောက်ထပ် ဆင့်ပွားပုံရိပ် ဘ၀ တခုကို သွားကြမယ်..အဲဒီမှာ သဘာဝ တရားကြီးကို အနိုင်ပိုင်းပြစ် နိုင်တယ်လို့.. Thiel က..တနေရာမှာ ဆိုခဲ့ဖူးသတဲ့။ သူက..အခွန်- ဆိုတာကြီးကို မယုံကြည်သလို ..ဘဏ်ငွေကြေးစနစ် ကို သဘောမကျတဲ့ အတွက်..တန်ဖိုးနဲ့ပိုသက်ဆိုင်တဲ့.. နိုင်ငံ နယ်နမိတ် စည်းမရှိတဲ့ PayPal ကို စပြီး လုပ်ဖြစ်ခဲ့တယ်။ အဲဒီနောက်တော့.. Zuckerberg ရဲ့ facebook ဆိုတာလေးကို.. ဟိုး..အစပိုင်းအချိန်ထဲက..ငွေကြေးအလုံးအရင်း နဲ့ ထောက်ပံ့လာခဲ့တယ်။
လူဆိုတာမျိုးဟာ..သိုးတွေလို အုပ်စု သဘာဝ ရှိတယ်ဆိုတာကို Thiel နဲ့သူ့အုပ်စု ဂုရုကြီးများက.. ကောင်းကောင်း အသုံးချ နိုင်ခဲ့တယ်လို့လည်း ထောက်ပြထားတယ်။ အခုကိုပဲ ကြည့်လေ.. သူငယ်ချင်း တယောက်က.. facebook ဆို..နောက်တယောက်.. နောက်တယောက်နဲ့..တရက် ၂ရက် အတွင်းကို..သိုးအုပ်တအုပ်တော့..ရသွားတာပဲ။
ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာက.. သဘာဝ ကပေးတဲ့ တိုတောင်း ရှုပ်ထွေးတဲ့ လူ့ဘ၀ကို မနှစ်သက်တဲ့ Thiel က..အခုဆိုရင်..Cambridge တက္ကသိုလ်က..မျိုးရိုးဗီဇ ဆိုင်ရာပညာရှင်..Aubrey Dde Grey ရဲ့ မသေခြင်း ကို ရှာဖွေနေတဲ့..သုသေသန လုပ်ငန်းအတွက် ဒေါ်လာငွေ ၃.၅ သန်း ထဲ့ဝင်ဖို့ ကတိပြုထားပြီး.. အသက်ဆက်နည်း နည်းပညာ တခုကို စတင် ရင်းနှီးမြုပ်နှံ နေပြီလို့ ဆိုပါတယ်။ Artificial Intelligence (AI) လို့ခေါ်တဲ့ အသိညဏ်အတု နဲ့ပတ်သတ်တဲ့ အဖွဲ့အစည်း တခုမှာလည်း..ဘုတ် အဖွဲ့ဝင် အကြံပေး တယောက် ဖြစ်နေပါ သတဲ့။
အံ့သြ ထွေပြားဖွယ်ရာ များပါပေ။ ဆောင်းပါးရှင်ကတော့.. Thiel ဟာ သဘာဝ လောကအစစ် ကြီးကို ဖျက်စီးနေသူ.. လို့ စွပ်စွဲထားပြီး.. facebook ကိုလည်း ကမ္ဘာလုံးဆိုင်ရာ ကြိုးကိုင် ခြယ်လှယ် ဖျက်စီးမူ ( global manipulation ) လို့ ပြင်းပြင်းထန်ထန်ကို နံမယ်တပ်ထားပါတယ်။
သေချာတာတော့..တကမ္ဘာလုံးက..လူတွေက..သူတို့ ဓါတ်ပုံတွေ.. အကြိုက်တွေ.. ကိုယ်ရေးရာဇ၀င် တွေကို.. ဒီ မျက်နှာဘုတ်အုပ် ကြီးပေါ်မှာ.. ဘယ်သူကမှ အတင်း အကြပ် မခိုင်းရပါပဲ.. ကြည်ဖြူပျော်ရွှင်စွာ.. ဖော်ပြနေကြတာမှာ..အကျိုးအမြတ်ရှိနေမှာကတော့.. ဒီဘုတ်အုပ်ကြီးကို ငွေကြေးအမြောက်အမြားဝင်ပြီး ချိတ်ဆက် ကြော်ငြာနေတဲ့.. Coca Cola, Blockbuster, Verison, Sony Pitcures and Conde Nast တို့လို နံမယ်ကြီး ဈေးသည်ကြီးတွေ နဲ့ အမျိုးသားလုံခြုံရေး လုပ်ငန်းကြီးတွေပဲ ဖြစ်နေတယ် – တဲ့။
ဒီနေရာမှာ ဆောင်းပါးရှင်က.. နှိုက်နှိုက်ချွတ်ချွတ် စွပ်စွဲထားပြန်တာက.. facebook ရဲ့ ဘုတ် အဖွဲ့ဝင် နောက်တယောက်ဖြစ်တဲ့.. Jim Breyer ဟာလည်း CIA ရဲ့ လက်ခွဲတခုဖြစ်တဲ့ Q-Tel ဆိုတဲ့..လုပ်ငန်းကြီးနဲ့ ဆက်စပ် ပတ်သတ်နေ ပြီး.. CIA ရဲ့ ထောက်ပံ့မူတွေ အများကြီး ရှိနိုင်တယ် လို့ ဆိုထားပါတယ်။
နောက်ထပ် အပြစ်ဆိုထားတာကတော့..ပင်မရေစီး သတင်းစာ ဂျာနယ် လုပ်ငန်းကြီးတွေ မှာ စာတွေ သတင်းတွေအတွက် ငွေကြေးနဲ့ ၀ယ်ယူ အသုံးပြုရင်း..လည်ပတ်နေရပေမဲ့.. facebook ကြီးကတော့..သူ့ရဲ့ Input တွေ Content အတွက်..အသာလေး ထိုင်စောင့်ရင်း..အလကားပဲတင်း ရနေတာ…အဲဒီကမှ အကျိုးအမြတ်ယူနေတာ.. မသင့်တော် မမျှတပါတဲ့။ ဒါကတော့..စိတ်မကောင်းစရာ ခေတ်ရဲ့ ရေစီး ကြောင်း ပြောင်းမူ တခု ပေကိုး နော်..။
ဆောင်းပါးရှင်ကတော့.. ရေးရင်း ရေးရင်း..စိတ်တိုလာပုံရသည်။ သူ့ရဲ့ တစ်တစ်ခွခွ အသုံးတွေကို..ဖတ်ရင်း သဘောလည်းကျ..ရင်လဲ မောနေမိသည်။
ဘာတဲ့.. commodification of human relationships and extraction of capitalistic value from friendships တဲ့။ ဟုတ်လည်း ဟုတ်နေသားပင်။
ပြီးတော့.. အသုံးပြုသူတွေကို..ဒေါမနသ အပြည့် နှင့် ပြောလိုက်ပုံက..
မကြာခင်မှာ United Kingdom ထက်ပင် လူဦးရေ များပြားလာတော့မဲ့.. Thiel နဲ့သူ့အုပ်စုရဲ့ ပုံရိပ်ယောင်နိုင်ငံတော် အာဏာရှင် စနစ် အောက်မှာ.. နေမယ် မနေဘူးဆိုတာ..ကိုယ့်ဖာသာကိုယ် ရွေးကြပါတဲ့။
ကိုယ်ကတော့..အသာလေး စောင့်ကြည့် ဦးမယ်..။

Monday, October 10, 2011

အတွေးမှတ်စုများ (၂၀)



  1. သင်ဘာလုပ်နေသလဲဆိုတာ ကမ္ဘာကြီးကို ပြောပြပါ။
  2. အုတ်ခဲတစ်ခဲမှာ ရှိသင့်တဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံသောအုတ်ခဲကို အုတ်ခဲပီသတဲ့ အုတ်ခဲ၊ တနည်းအားဖြင့် ဂုဏ်သိက္ခာရှိသော အုတ်ခဲ ဟု ဆိုနိုင်သည်။ပျဉ်တစ်ချပ်မှာ ရှိသင့်သည့် အရည်အသွေးများနှင့် ပြည့်စုံသော ပျဉ်ချပ်သည် ဂုဏ်သိက္ခာရှိသော ပျဉ်ချပ်ပင်။
    လူမှာဆိုလျှင်??။
    ဂုဏ်သိက္ခာရှိသော လူဆိုသည်မှာ တည်ကြည်ခိုင်ခံ့သည့် ကိုယ်ပိုင်အရည်အသွေး တသမတ်တည်း ပေးနိုင်သူသာဖြစ်သည်။
  3. မိမိကိုယ်ကိုလေးစားသူမှန်သမျှ ထိပ်တန်းရောက်အောင်ကြိုးစားမည်ဟူသော စိတ်မျိုး ရှိကြသည်။
  4. လူငယ်ဘ၀မှာ အမှား၊ လူလတ်ဘဝမှာ စွန့်စားရုန်းကန်မှု၊ လူအိုဘဝမှာ နောင်တ။
  5. လူငယ်ဘဝတွင် ပြုပြင်စီမံခဲ့ရသမျှ အိုမင်းချိန်အတွက် ကောင်းကျိုး ဆိုးကျိုးသာ ဖြစ်ရချေသည်။
  6. အသက်(၄၀)အရွယ်သည် လူငယ်တစ်ဦး၏ အိုမင်းချိန်။ အသက်(၅၀)အရွယ်သည် လူအိုတစ်ဦး၏ နုပျိုချိန်ဖြစ်သည်။
  7. လူငယ်တို့၏အားသည် ပျိုရွယ်မှု၊ လူအိုတို့၏အားသည် ရင့်ကျက်မှု။
  8. အချို့သည် ဘဝတွင် ကြီးကျယ်ခမ်းနားစွာ မွေးဖွားလာကြသည်။ သို့သော် သူတို့၏ ကြီးကျယ်မှုကို မမက်မော မခုံမင်ကြချေ။ တကယ်ဆိုတော့ သူတို့သည် သူတို့ကိုယ်သူတို့ ရာဇဝင်တွင်အောင် လုပ်သွားသူများသာ ဖြစ်ကြသည်။
  9. သင့်မှာ မွေးသည်မှ သေသည်အထိ နေသွားရမည့် တိုတောင်းသော ဘဝလေးတစ်ခု ရှိသည်။ ထိုဘဝသည် အညံ့စား ပန်းချီဆရာ၏ ပန်းချီကားတစ်ချပ်လို မထင်မရှားလည်း ပျောက်ကွယ်သွားနိုင်၏။ ဒါဗင်ချီ၏ မိုနာလီဇာပန်းချီကား၊ ရိုဒင်၏ တွေးတောသူ ပန်းပုရုပ်များကဲ့သို့လည်း ကြီးကျယ်သွားနိုင်ပါ၏။
  10. နပိုလီယန်က မဖြစ်နိုင်ဆိုသားစကား ငါ့အဘိဓာန်တွင်မရှိ ဟု ဆိုခဲ့သည်။ လောက၌ မဖြစ်နိုင်သောအရာတွေလည်း ရှိမှာ မုချဖြစ်သည်။ သို့သော် ဖြစ်နိုင်ပါ့မလား ဟူသော အတွေးမျိုး ခေါင်းထဲ အဝင်မခံသော သူအတွက်မူ မဖြစ်နိုင်ဟူသောအရာတွေသည် အခြားသူများထက်တော့ နည်းပါးနေမည်မှာ သေချာသည်။
  11. လူဦးရေ ၅၄ သန်းရှိတဲ့ ကျွန်တော်တို့ တိုင်းပြည်မှာ D.Sc ဘွဲ့ရ ပညာတတ် တစ်ယောက်မှမရှိသေးဘူး။ လူတွေကျောင်းမနေရ၊ အလုပ်အကိုင်မရကြတော့ သူခိုး သူဝှက်ဖြစ်သူဖြစ်၊ လူဆိုးလူမိုက် ဖြစ်သူဖြစ်နဲ့ တိုင်းပြည်ကို နှောက်ယှက်ဖျက်ဆီးကြတယ်။ ကျွန်တော်တို့နိုင်ငံကြီးကို ဒီလိုနဲ့တော့ အပျက်မခံနိုင်ဘူး။ ကျွန်တော်တို့ ဘယ်သွားရမလဲ၊ ဘာလုပ်ရမလဲ၊၊ မဖြစ်မနေသွားမယ်၊ လုပ်ရမယ်၊ ကျနော်တို့ ကြိုးစားရမယ်။
  12. တိုက်ရမည်လား ဆုတ်ရမည်လား မကွဲပြားသည့်အခါတိုင်း ကျွန်ုပ် တိုက်ရန် ဆုံးဖြတ်မည်။
  13. ပစ်မည်ဆိုလျှင် အဆီကို နှမြောမနေနှင့်၊ စားမည်ဆိုလည်း သဲကြောက်မနေနှင့်။
  14. မပြတ်သားသောသူသည် ခေါင်းဆောင်မဖြစ်နိုင်။
  15. မနေ့ကငါထက် ဒီနေ့ငါက ပိုသာရမည်။
  16. လူအများစုတို့သည် မိမိတို့မှာရှိသည့် တီထွင်ကြံဆမှုစွမ်းရည်နှင့် အလုပ်လုပ်မှုစွမ်းရည်တို့၏ ဆယ်ပုံတစ်ပုံမျှကိုသာ အသုံးပြုနေကြသည်။ အကယ်၍ မိမိ စွမ်းအားရှိသမျှသာ ပြည့်ပြည့်ဝဝ အသုံးချမည်ဆိုက မိမိ၏ စွမ်းဆောင်မှုများအတွက် မိမိကိုယ်တိုင်ပင် အံ့အားသင့်ရလိမ့်မည်။
  17. အတော်ဆုံး လူများထံ အကြီးမားဆုံး ပြဿနာများ ရောက်ရှိလာစမြဲဖြစ်သည်။
  18. "အကယ်၍…..ခဲ့လျှင်” ဆိုတာမျိုးမတွေးနှင့်။"အဲ့ဒါသာ ငါမလုပ်ခဲ့မိလျှင်”၊ "ဒီကိစ္စကြီးသာ ငါ့မှာမဖြစ်ခဲ့လျှင်”၊ ”ငါသာ……လို ကံကောင်းခဲ့လျှင်” စသည့် အကျိုးမရှိ၊ အကြောင်းမထူးသည့် အတွေးများဖြင့် အချိန်ကုန်မခံနှင့်။
    "ဘယ်လို” လုပ်မလဲဆိုတာကိုပဲ စဉ်းစားပါ။
  19. အိပ်တယ်ဆိုတာ မူးရစ်ဆေးဝါး သုံးစွဲသလိုပဲ၊ များများအိပ်လေ ပိုပြီးအိပ်ချင်လေပဲ။ အိပ်တဲ့အတွက် အချိန်ကုန်တယ်၊ ခွန်အားယုတ်လျော့တယ်၊ အခွင့်အရေးတွေ ဆုံးရှုံးတယ်။
  20. စာမဖတ်သူ အကန်းနှင့်တူ၊ စာမဖတ်က လူ့ဗာလ။
  21. လူမျိုးတစ်မျိုး၏ အဆင့်အတန်းကို သိလိုလျှင် စာတတ်မတတ်ကိုကြည့်။
  22. စာအုပ်တွေနှင့် ပြည့်နေသောအိမ်သည် ပန်းပေါင်ဝေစာနေသော ဥယျာဉ်ကြီးနှင့် တူသည်။
  23. ပညာရေးဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေးကို မရမနေ တည်ဆောက်ရမည်။
  24. စာဖတ်ခြင်းသာလျှင် ဘဝတိုးတက်ရေးအတွက် နည်းလမ်းကောင်းဖြစ်သည်။
  25. မိန်းမဟာ ဆေးလိပ်ထက် ကျုပ်တို့အတွက် သစ္စာရှိတယ်။ ဘာကြောင့်လဲဆိုတော့ မိန်းမဟာ ဘယ်အခြေအနေရောက်ရောက် မိန်းမပါပဲ။ ဒါပေမယ့် ဆေးလိပ်ကတော့ နောက်ဆုံးမှာ အန္တရာယ်ဘဝသို့ ပြောင်းသွားတယ်။
  26. ပုခက်လွှဲသောလက်များသည် ကမ္ဘာကို စိုးပိုင်ထားနိုင်၏။
  27. မိန်းမများသည် ယောင်္ကျားတို့ထက် မှတ်ဥာဏ်ကောင်း၏။ အဘယ်ကြောင့်ဆိုသော် သူတို့်သည် နည်းနည်းသိ၍ များများနားလည်သောကြောင့် ဖြစ်၏။
  28. က္ကတ္ထိယ မိန်းမဓာတ်သည် ကျွန်ုပ်တို့အား ရှေ့သို့ တွန်းတင်ပေးနိုင်၏။
  29. ယောင်္ကျားမှာ အတွေး၊ မိန်းမမှာ အမြင်။
  30. လူတို့သည် တစ်ခါတစ်ရံ ကလေးများနှင့် တူကြသည်။ မည်မျှပညာတက်တက်၊ မည်မျှ အသက်ကြီးကြီး ကလေးအတွေးမျိုး တွေးကြသည်။ ကလေးသည် မိမိလက်က ကစားစရာကို ကောင်းသည်မထင်။ အခြားကလေးလက်က ကစားစရာကိုမှ အကောင်းထင်သည်။ လိုချင်သည်။ မိမိလက်ငင်းရယူနိုင်သော အရာကို အကောင်းမမြင်။ အဆိုးများ၊ အပျက်များ၊ ချွတ်ယွင်းချက်များကိုသာ မြင်ကြ၏။ သူတပါး၏ အနေအထားကို အကောင်းတွေချည်း၊ အနှစ်သာရတွေချည်းဟု မြင်ကြ၏။
  31. တစ်ဦးတစ်ယောက်အတွက် မရည်ရွယ်ဘဲ ပြုလုပ်သောအလုပ်သည် လူသားအားလုံးအတွက် မြင့်မြတ်သော အလှူဒါန မျိုးပင်ဖြစ်သည်။
  32. ကမ္ဘာကြီးတစ်ခုလုံး ရေတွေ ပြည့်နေသော်လည်း သောက်သုံးရန် ရေတစ်ပေါက်က ရှားလွန်းလှသည်။

ပညာရေး နှင့် မြန်မာနိုင်ငံ


ပညာရေးဆိုသည်မှာ

“ပညာ” ဆိုတာ အတည်ပညာ၊ ယဉ်ကျေးမှု၊ အကျင့်တရားရှိမှု၊ `ဣနြေ္ဒတို့ကို စောင့်ထိန်းနိုင်မှု စသည်တိုးပွား၍ အဝိဇ္ဇာစသော အပြစ်ဒေါသများ၊ ကင်စင်သွားခြင်ကိုပင်”ပညာ အဆုံးအမ” ဟုခေါ်သည်လို့ “သစ္စတ္ထပကာသကျမ်း” မှာ ဖွင့်ဆိုထားတာ တွေ့ရပါတယ်။

ပညာရေးဆိုတဲ့ ဝေါဟာရဟာ အလွန်ကျယ်ဝန်း လှပါတယ်။ လူအများ သိနားလည်တဲ့ ကျောင်းသင် ပညာရေး (formal education) သာမက ကျောင်းပြင်ပ ပညာရေး (non-formal education) စတာတွေအားလုံးဟာ ပညာရေး နယ်ပယ်မှာ အကျုံးဝင်ပါတယ်။

နိုင်ငံ တစ်နိုင်ငံရဲ့ပညာရေးဟာ အဲဒီနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံသမိုင်း အခြေအနေ၊ ရိုးရာ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ စတာတွေနဲ့ ရောထွေး ယှက်နွယ် နေတတ်ပါတယ်။ ဒါကြောင့် နိုင်ငံတစ်နိုင်ငံမှာ ပညာရေးရဲ့ ရည်ရွယ်ချက်တွေ ချမှတ်ရာမှာ ဖြစ်စေ၊ အကောင်းအထည် ဖော်ရာမှာ ဖြစ်စေ ပညာရေးကို အခြားကဏ္ဍတွေနဲ့ ခွဲခြားပြီး တသီးတခြား စဉ်းစားလို့ မရနိုင်ပါဘူး။ သီးခြား ကင်းလွတ်သော ပညာရေး ဆိုပြီးတော့လည်း အကောင်အထည် ဖော်လို့ မရနိုင်ပါဘူး။

နိုင်ငံတစ်နိုင်ငံရဲ့ ပညာရေး အခြေအနေတွေဟာ ကာလ၊ ဒေသ၊ ပရောဂ အခြေအနေတွေ အလိုက် ပြောင်းလဲ လေ့ရှိပါတယ်။ ပညာရေးဆိုတာ အတိတ်သင်ခန်းစာကို အခြေခံပြီး၊ ပစ္စပ္ပန် အခြေအနေ အရပ်ရပ်ကို သုံးသပ်ကာ အနာဂတ်ကာလ အတွက် မျှော်မှန်းရခြင်း ဖြစ်လို့ ပညာရေး အသီးအပွင့်ဆိုတာ ချက်ချင်းစိုက် ချင်ချင်းခူးဆွတ်စားဖို့ မဖြစ်နိုင်ပါဘူး။ အနည်းဆုံး ၁၄-၁၅ နှစ်လောက်ကြာမှ ခံစားရတတ်ပါတယ်။


ခေတ်များ စနစ်များနှင့် မြန်မာ့ပညာရေး



သမိုင်းလမ်းကြောင်း ပဒေသရာဇ်ခေတ် ပညာရေး

မြန်မာနိုင်ငံမှာ ဘုရင်တွေ ထွန်းကားခဲ့တဲ့ ပဒေသရာဇ်ခေတ် ကတည်းက ပညာရေး ထွန်းကား စည်ပင်ခဲ့ပါတယ်။ ပဒေသရာဇ်ခေတ် လူနေမှု စနစ်နဲ့ ယဉ်ကျေးမှုတွေဟာ ဗုဒ္ဓရဲ့ တရားဓမ္မနဲ့ အဆုံး အမတွေကို အခြေခံပြီး ကျယ်ပြန့်စည်ပင် ထွန်းကား လာခဲ့ရတယ်။

ပဒေသရာဇ်ခေတ် ပညာရေးစနစ်ဟာ “ဘုန်ကြီးကျောင်း ပညာရေး” စနစ်ပါ။ ဒီပညာရေးစနစ်ဟာ အသက်မွေး ဝမ်းကျောင်း တတ်ဖို့ထက် ကိုယ်ကျင့်တရား ကောင်းမွန်တဲ့ ပြည်သူပြည်သားကောင်း ဖြစ်လာရေးကို ဦးတည်ခဲ့တဲ့ ပညာရေး လို့လည်း ဆိုနိုင်ပါတယ်။

စာသင်ကျောင်းရယ်လို့ သတ်သတ်မှတ်မှတ် မရှိဘူး။ ဘုန်ကြီးကျောင်း (စာသင်တိုက်) တွေဟာ ပညာသင်ကြားရာ ဗဟိုဌာနတွေ ဖြစ်လာပါတယ်။ လူတန်းစား မရွေး အခမဲ့ပညာ သင်ကြား ခွင့်ရ တာလည်း ထူးခြားမှု တစ်ရပ်ပါ။ စာပေသင်ကြား ပို့ချသူတွေဟာ ဘုန်းတော်ကြီးတွေ ကိုယ်တိုင် ဖြစ်နေ ပါတယ်။ အတန်းစနစ်မရှိဘူး။ စာသင်သား တစ်ဦးချင်ရဲ့ တိုးတက်မှု၊ တတ်မြောက်မှု အပေါ်မူတည်ပြီး အဆင့်တိုးကာ တစ်ဦးချင်ဆီ သင်ပေးတဲ့ ပညာရေးစနစ်လည်း ဖြစ်တယ်။

စာကို အာဂုံဆောင် အလွတ်ကျက်ရတယ်။ သင်ရိုးဆိုပြီးတော့လည်း အတည်တကျ ပြဠာန်းထားတာ မရှိဘူး။ အဓိက သင်ယူကြရတဲ့ ဘာသာရပ်တွေ ကတော့ ပါဠိနဲ့ မြန်မာ ဘာသာရပ်တွေပဲ ဖြစ်ပါတယ်။ ဘုန်းတော်ကြီးတွေရဲ့ ကျေးဇူးကြောင့် အဲဒီခေတ်တုန်းက မြန်မာနိုင်ငံရဲ့ စာရေးစာဖတ် တတ်မြောက်မှုနှုန်းဟာ ၈၅ ရာခိုင်နှုန်း ကျော်ကျော်ရှိခဲ့တယ်လို့ ဆိုတယ်။ အခြားအာရှ နိုင်ငံတွေနဲ့ နှိုင်းယှဉ်လိုက်ရင် စာတတ်သူဦးရေ ပိုများတယ်လို့ ဆိုနိုင်တယ်။

ကိုလိုနီခေတ်ပညာရေး

မြန်မာနိုင်ငံဟာ ၁၈၈၅ ခုနှစ်မှာ ဗြိတိသျှနယ်ချဲ့ လက်အောက်ကို ကျရောက်ခဲ့ရပါတယ်။ ဗြိတိသျှတွေက မြန်မာနိုင်ငံကို ကာလရှည်ကြာစွာ အုပ်ချုပ်နိုင်မယ့် သွေးခွဲအုပ်ချုပ်ရေး စနစ်ကို ကျင့်သုံးအကောင် အထည်ဖော်ခဲ့ပါတယ်။

ကိုလိုနီခေတ်က ကျောင်းတွေကို သုံးမျိုးခွဲပြီး ဖွင့်လှစ်ခဲ့ပါတယ်။

၁။ အင်္ဂလိပ်ကျောင်း( English school)
၂။ အင်္ဂလိပ်- မြန်မာစာသင်ကျောင်း( Anglo-Vemacular School)
၃။ တိုင်းရင်းသား- မြန်မာစာသင်ကျောင်း(Vermacular School)

ဆိုပြီးတော့ ဖြစ်ပါတယ်။ ကျောင်းတွေ ကွဲပြားသလို သင်ရိုးညွန်းတမ်း တွေလည်း ကွဲပြားနေပါတယ်။ တိုင်းရင်းသား ဘာသာစကား အင်္ဂလိပ်စာကို ဦးစားပေး သင်ကြားခဲ့ပြီး အဆင့်အတန်းကို အဆင့်အတန်းကို တစ်ခါတည်း ခွဲခြား လိုက်ပါတယ်။

အင်္ဂလိပ်ကျောင်း တွေဆိုတာ မျက်နှာဖြူတွေနဲ့ အထက်တန်းလွှာတွေ အတွက် သီးသန့်ဖြစ်ပြီး၊ အထက်တန်း ရာထူးမှန်း သူတွေ အတွက် ရည်စူးဖွင့်လှစ် ထားတာဖြစ်တယ်။ အင်္ဂလိပ်-မြန်မာ ကျောင်းတွေ ကတော့ တိုင်းရင်းသား လူနည်း စုသာ တက်နိုင်ပြီး ကိုလိုနီအုပ်ချုပ်ရေး ယန္တရား အတွက် လိုအပ်တဲ့ အစိုးရလခစား၊ စာရေးစာချီ၊ အောက်တန်း အမှုထမ်း အရာထမ်းတွေ ခန့်ထားဖို့ ဖွင့်လှစ် ထားတာပါ။ တိုင်းရင်းသား- မြန်မာကျောင်း တွေကတော့ တိုင်းရင်းသား အများစု တက်ရောက် နိုင်ကြပြီး ပညာကို ဆုံးခန်တိုင် သင်ယူနိုင်သူတွေ အလွန်နည်းတယ်။ ဒီကျောင်းက ထွက်လာ သူတွေဟာ ကျောက်ထိုးဆရာ၊ မြေတိုင်းစာရေးနဲ့ ကျောင်းဆရာအလုပ်လောက်သာ ရကြတယ်။

ကိုလိုနီပညာရေး ဆိုတာ လမ်းခွဲ လမ်းသွယ် အလွန်နည်းပါးတဲ့ ပညာရေးလို့ ပြောနိုင်ပါတယ်။ ကျွန်စိတ်ပေါက်ပြီး အမျိုးသားရေး စိတ်ဓာတ်တွေ နည်းပါးအောင် စနစ်တကျ ဖျက်ဆီးခဲ့တဲ့ ပညာရေးလို့ ဆိုနိုင်တယ်။ ဘက်စုံ ဖွံ့ဖြိုးတိုးတက် ရေးဆိုတာ အလှမ်းဝေးပြီး မြန်မာနိုင်ငံ စာတတ် မြောက်မှုနှုန်းဟာ ၃၅ ရာခိုင်နှုန်းကို လျော့ကျ ထိုးဆင်းသွားတာကို ကြည့်ရင် နယ်ချဲ့တို့ရဲ့စေတနာကို သဘောပေါက်မယ် ထင်ပါတယ်။

ပြည်တော်သာ ပညာရေး

၁၉၄၈ ခုနှစ်မှာ မြန်မာနိုင်ငံဟာ ဗြိတိသျှ ကိုလိုနီ လက်အောက်ကနေ လွတ်လပ်ရေး ရခဲ့ပြီး အချုပ်အချာ အာဏာပိုင် နိုင်ငံ တစ်နိုင်ငံဖြစ်ခဲ့ပါတယ်။ ဒီအချိန်ကစပြီး ပညာရေးကို နိုင်ငံတော် အစိုးရ အနေနဲ့ ပြုပြင်ပြေင်းလဲမှုတွေ များစွာလုပ် ဆောင်ခဲ့ပါတယ်။ နိုင်ငံတော် အစိုးရကလည်း ပညာသင်ကြား ရေးဆိုင်ရာ မူဝါဒများ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့ အကောင်အထည် ဖော်ဆောင် ရွက်ခြင်းကိုတော့ ၁၉၅၀ ပြည့်နှစ်လောက်မှပဲ စတင်ပြုလုပ်နိုင်ခဲ့ပါတယ်။

ပညာရေး မူဝါဒသစ်အရ ကျောင်းသုံးမျိုး မခွဲခြားတော့ပါဘူး။ နိုင်ငံတော် အစိုးရကျောင်းဆိုပြီး ကျောင်းတစ်မျိုး တည်းထားပြီး သင်ရိုးကိုလည်း တစ်မျိုးတည်းထားခြင်း မြန်မာစာကို သင်ကြား မှုမဏ္ဍိုင်အဖြစ် သတ်မှတ်ခြင်းတွေဟာ ထူးခြားတဲ့ ပညာရေးဆိုင်ရာ မူဝါဒသစ်တွေ ဖြစ်ပါတယ်။ ကျောင်း တွေမှာ သုံးစွဲဖို့ ငွေကြေးဆိုင်ရာ ကိစ္စတွေကိုလည်း နိုင်ငံတော်ကပဲ တာဝန်ယူခဲ့ပြီး ပညာရေးဆိုင်ရာ အထွေထွေပြုပြင် ပြောင်းလဲမှုတွေကို စတင် လုပ်ဆောင်လာခဲ့ပါတယ်။

၁၉၅၂ ခုနှစ်မှာ”ဘဝသစ်ဖန်တီးမှု ပညာရေးစီမံကိန်း” ကိုရေးဆွဲပြီး ပြည်တော်သာ ညီလာခံမှာ အတည်ပြုခဲ့တယ်။ ဒီစီမံကိန်းကို ရည်မှန်းချက် ငါးရပ်ချမှတ်ပြီး အကောင်အထည် ဖော်ဆောင် ရွက်ခဲ့ပါတယ်။စီမံချက်အရ ကျောင်းတွေကို တိုးချဲ့ဖွင့်လှစ်ခြင်း၊ သင်ရိုးညွန်းတမ်းနဲ့ မာတိကာ အသစ်တွေ ပြဠာန်းခြင်း၊ ကျောင်းသုံး စာအုပ်ထုတ်ဝေခြင်း၊ ဆရာဖြစ် ကောလိပ်နဲ့ သိပ္ပံကျောင်းများ ဖွင့်လှစ်ခြင်း၊ စိုက်ပျိုးရေးနဲ့ စက်မှုလက်မှု ပညာသင်ကျောင်းများ ဖွင့်လှစ်ခြင်း စတဲ့ပညာရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲ မှုတွေကို မနားတမ်းလုပ်ဆောင်ခဲ့ပါတယ်။

ဘဝသစ် ဖန်တီးမှုပညာရေး စီမံကိန်းကို ပထမပညာရေး လေးနှစ်စီမံကိန်း(၁၉၅၂-၅၆)၊ ဒုတိယ လေးနှစ် ပညာရေးစီမံကိန်း (၁၉၅၆-၆၀)၊ တတိယပညာရေး လေးနှစ်စီမံကိန်း(၁၉၆၀-၆၄) ဆိုပြီးတော့ စီမံကိန်း ကာလကို သုံးပိုင်းပိုင်းပြီး သတ်မှတ် လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ပထမပညာရေး လေးနှစ် စီမံကိန်းကိုပဲ အပြည့်အဝ အကောင်အထည် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီလေးနှစ်တာ အကောင်အထည် ဖော်နိုင်ခဲ့တာလေးနဲ့ပဲ ကောင်းမွန်တဲ့ ရလာဒ်တွေရှိခဲ့တယ်လို့ ပြေရမယ်။ ဒါပေမဲ့ ပညာရေး စီမံချက်က ချမှတ်ထားတဲ့ ဗလငါးတန်ပညာရေး (ကာယဗလ၊ ညဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ) တိုးတက်ဖွံ့ဖြိုးအောင်တော့ မဆောင်ရွက်နိုင်ခဲ့ကြပါဘူး။ အထူးသဖြင့်ကတော့ စာပေ ပညာ သင်ကြားရေး သက်သက်ကနေ အသက်မွေးဝမ်း ကျောင်းပညာ သင်ကြားရေးကို ကူးပြောင်း နိုင်ရုံ လေးပဲရှိခဲ့ပြီး အောင်မြင်အောင် မဆောင်ရွက်နိုင်ခဲ့ကြပါဘူး။ စာပေပညာရေး လမ်းကြောင်း တစ်ခုတည်းပဲ အောင်မြင်ခဲ့တယ်လို့ ဆိုရပါမယ်။

တော်လှန်ရေးကောင်စီခေတ် ပညာရေး

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ ပြည်ထောင်စုမြန်မာ နိုင်ငံတော် တော်လှန်ရေး ကောင်စီက နိုင်ငံတော်တာဝန်ကို ယူလိုက်ပြီးချိန်မှာ အသက်မွေးဝမ်း ကျောင်းကို အထောက်အကူပြုတဲ့ စာရိတ္တမြင့်မားရေးကို အခြေခံပညာရေး စနစ်ကို ပြောင်းလဲ ကျင့်သုံးလာခဲ့ကြတယ်။

၁၉၆၄ ခုနှစ်မှာ တက္ကသိုလ် ပညာရေးဥပဒေကို ပြဠာန်းခဲ့တယ်။ ဝိဇ္ဇာနှင့် သိပ္ပံပညာရေးဆိုင်ရာ တက္ကသိုလ်တွေ၊ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ တက္ကသိုလ်တွေကို ပြင်ဆင်ဖွဲ့စည်းခဲ့တယ်။ ၁၉၆၆ ခုနှစ်မှာ အခြေခံ ပညာရေးဥပဒေကို ထုတ်ပြန်ကြေငြာခဲ့ပြီး အထွေထွေပညာရေးကို အခြေခံပညာရေးလို့ ခေါ်တွင်စေခဲ့တယ်။ ပညာရေး အဆောက်အအုံ ပုံစံနှင့်တကွ သင်ရိုးအပါအဝင် ပညာသင်ကြားရေး အစီအစဉ်တွေပါ ပြုပြင်ပြောင်းလဲခဲ့တယ်။

၁၉၆၇-၆၈ ပညာသင်နှစ်မှာ အဠမတန်းကို အခြေခံအလယ်တန်း အဆင့်မှာ ထည့်သွင်းပြီး အခြေခံပညာ အထက်တန်းအဆင့်ကို ဝိဇ္ဇာ၊ သိပ္ပံ လမ်းနှစ်သွယ်ခွဲပြီး သင်ကြားမှုကို ၁၉၆၈-၆၉ ပညာ သင်နှစ်ကစပြီး ကျင့်သုံးခဲ့တယ်။ ၁၉၇၇-၇၈ မှာဝိဇ္ဇာ၊ သိပ္ပံခွဲတာကို ပြန်လည်သုံးသပ်ပြီး မခွဲတော့ပဲ ပြန် ပေါင်းပြီး သင်ပြန်တယ်။

ဆိုရှယ်လစ်ခေတ်စနစ်သစ်ပညာရေး

၁၉၇၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့မှာ နိုင်ငံတော်ရဲ့အခြေအနေနဲ့ လိုက်လျော ညီထွေဖြစ်မယ့် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတည်ပြုပြီး ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတနိုင်ငံတော် ဘဝ ရောက်ခဲ့ပါတယ်။

ဆိုရှယ်လစ်ဆိုတော့ မြန်မာ့ဆိုရှယ်လစ် ဘောင်အတွက် လိုအပ်နေတဲ့ လုပ်သားကောင်းတွေ မွေးထုတ်ရေးကို အခြေခံတဲ့ ပညာရေးဆိုပြီး ဖြစ်လာပြန်တယ်။ အဲဒီအချိန်က ပညာရေးဌာနဝန်ကြီး ဒေါက်တာ ညီညီကလည်း “တိုင်းရင်းသားတိုင်းသည် ပညာသည်သာမက ကာယဗလ၊ စိတ်ဓာတ်၊ အတွေးအခေါ်၊ အလေ့အကျင့်၊ တိုင်းရင်းသား ယဉ်ကျေးမှု၊ ရသ ခံစားတတ်မှုပြည့်စုံရေး အတွက် ဘက်စုံပညာရေး မီးမောင်း ထိုးပေးရန်” ရည်ရွယ်တယ်လို့ ပြောသွားဖူးတယ်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်မှာက

၁။ သက်မွေးကျောင်းမှုကို အထောက်အကူပြူ၍ စာရိတ္တမြင့်မား ရေးကို အခြေခံသော ပညာရေးကို ဆောက်တည်မည်။

၂။ သိပ္ပံပညာကို ဦးစားပေးမည်။

၃။ အခြေခံပညာကို လူတိုင်သင်ယူနိုင်ခွင့် ရရေးကို ဆောက်တည်မည်။

၎။ အထက်တန်းပညာ(ဝါ) တက္ကသိုလ်ပညာကို ဥာဏ်ပညာထက်မြင်ခြင်း ရှိ၍ အထက်တန်း မှီအောင် လိုက်နိုင်သူ၊ ကြိုးစားမှု ရှိသူများကိုသာ သင်ကြားခွင့်ပြုစေရန် ရည်သန်သည်ဆိုပြီး ချမှတ် အကောင်အထည် ဖော်ခဲ့ကြတယ်။

ကမ္ဘာ့အဆင့်မှီ ပညာရေး ဆိုပြီးတော့ ၁၉၈၅-၈၆ ပညာသင်နှစ်ကစပြီး လမ်းသွယ်တွေခွဲတဲ့ ပညာရေးကို လုပ်ဆောင်ခဲ့ပြန်တယ်။ ဒီလိုနဲ့ ခွဲလိုက်တွဲလိုက် မတည်ငြိမ်တဲ့ ပညာရေးစနစ်မှာ လက်တွေ့ကျင့်သုံးမှု အရတော့ အသက်မွေးဝမ်းကျောင်း ပညာရေးဟာ ထင်သလောက်ခရီး ပေါက်ခဲ့ဘူး။ စာပေသင်ကြားမှု စနစ်သာ အဖြေတစ်ခု အနေနဲ့ ထွက်ပေါ်ခဲ့တယ်။

Sunday, October 9, 2011

တရုတ်ကို ပထမဆုံးအကြိမ် ငြင်းဆန်ကြောင်း

တရုတ်ကို ပထမဆုံးအကြိမ် ငြင်းဆန်ကြောင်း မြန်မာ မောင်းခတ်ကြေညာ

by Save Irrawaddy on Thursday, 06 October 2011 at 18:59
 


( Yale Global မှ 3 Oct 2011 ရက်စွဲပါ Bertil Lintner ၏ “ Burma delivers its first rebuff to China” သတင်းကို ဘာသာပြန်သည်)
( မြစ်ဆုံတမံ ရပ်ဆိုင်းမှုနှင့် ပတ်သက်၍ လူသိများ ဘာတစ်လ်လင်တနာ၏ မူကွဲ သုံးသပ်ချက်ဆောင်းပါး တစ်ပုဒ်ဖြစ်သည်)
တရုတ်နိုင်ငံ၏ ဗိုလ်ကျစိုးမိုးမှု ကြီးထွားလာခြင်းနှင့် ပတ်သက်၍ အာရှနိုင်ငံများက ပိုမိုစိတ်ပူစိုးရိမ်နေချိန်မျိုးတွင် တရုတ်တို့၏ ကြီးမားသော ရေအားလျှပ်စစ်တမံ စီမံကိန်းကို မြန်မာနိုင်ငံက ဖယ်ချလိုက်ခြင်းကြောင့် မေးခွန်းသစ်များ ပေါ်ထွက်လာသည်။ အဖိနှိပ်ခံနိုင်ငံမှ အရပ်ဖက်အသိုင်းအဝိုင်း၏ ရှားရှားပါးပါး အောင်ပွဲတစ်ခုအလား (သို့မဟုတ်) တရုတ်နိုင်ငံအပေါ်မှီခိုနေရခြင်းနှင့် ပတ်သက်၍ ပြည်တွင်းအငြင်းပွားမှုကို ရည်ညွှန်းသလား ဆိုသည့် မေးခွန်းများ၏ အဖြေများနှင့် သက်ဆိုင်ခြင်း မရှိပဲ အိမ်နီးချင်း မဟာမိတ်နိုင်ငံကြီး၏ စီမံကိန်းအပေါ် ပြည်သူတို့၏ အမြင်ကွဲလွဲမှုက မြန်မာ- တရုတ် ဆက်ဆံရေးတွင် ကဏ္ဍသစ်တစ်ခု ရေးထိုးလိုက်ပြီဖြစ်သည်။
စက်တင်ဘာ ၃၀ ရက်တွင် မြန်မာသမ္မတသစ် ဦးသိန်းစိန်က လွှတ်တော်သို့ စာတစ်စောင်ပေးပို့ကာ နိုင်ငံမြောက်ပိုင်း၌ အကြီးစားရေလှောင်တမံ တည်ဆောက်ရန် တရုတ်နိုင်ငံနှင့် ဖက်စပ်ဆောင်ရွက်နေသော စီမံကိန်းသည် ပြည်သူတို့၏ဆန္ဒနှင့် ဆန့်ကျင်နေသောကြောင့် ရပ်ဆိုင်းထားလိုက်ကြောင်း ကြေညာလိုက်သည့် အမေရိကန်ဒေါ်လာ ၃. ၆ ဘီလျံ ကုန်ကျမည့် မြစ်ဆုံရေလှောင်တမံကြီးသည် ကမ္ဘာ့ ၁၅ ခုမြောက် အမြင့်ဆုံးတမံကြီးဖြစ်၍ စင်ကာပူနိုင်ငံ ဧရိယာခန့်ရှိသော ၇၆၆ စတုရန်း ကီလိုမီတာ မြေပြင်ကို ရေမြှပ်သွားစေမည်ဖြစ်သည်။
ယင်းဆုံးဖြတ်ချက်ကို မကြေညာမီ တရုတ်အာဏာပိုင်များကို တိုင်ပင်ခဲ့သလားဆိုသည့် အချက်မှာ မသဲကွဲသေးပါ။ ၁၉၈၈ ဒီမိုကရေစီ ဆန္ဒပြပွဲများကို အကြမ်းဖက်နှိမ်နှင်းခဲ့ပြီးနောက်ပိုင်း မြန်မာအစိုးရကို အနောက်နိုင်ငံများက ဝိုင်းပယ်ထားခဲ့ချိန်မှစ၍ မြန်မာနိုင်ငံသည် ကုန်သွယ်ရေး၊ နိုင်ငံရေးအရ အားပေးထောက်ခံမှုနှင့် စစ်လက်နက်ပစ္စည်းများ ရရှိရေးအတွက် မြောက်ဖက်အိမ်နီးချင်း အင်အားကြီးနိုင်ငံကို မှီခိုနေခဲ့ရသည်။
ယခုကိစ္စတွင် ပြည်သူလူထု၏ သဘောထားကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပါလိမ့်မည်။ ၂၀၀၆ ခုနှစ်က သဘောတူစာချုပ်အရ မြစ်ဆုံမှ ထုတ်လုပ်သော ဓါတ်အား ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ ပို့လွှတ်မည်ဖြစ်သည့်အပြင် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုအပေါ် ဒေါသထွက်မှုဖြင့် တုန်လှုပ်နေသော ပြည်သူများက နှစ်ပေါင်းများစွာအတွင်း မမြင်ခဲ့ဘူးသောပုံစံဖြင့် အစိုးရကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။ ၎င်းရေလှောင်တမံသည် ကချင်လူမျိုးတို့၏ နှလုံးသားကို ဓားမြှောင်စိုက်လိုက်ခြင်းဖြစ်၍ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ရေလှောင်တမံဆန့်ကျင်ရေး လှုပ်ရှားမှုကို ထောက်ခံရပ်တည်ခဲ့သည်။ အစိုးရဆန့်ကျင်ရေးလှုပ်ရှားသူများ၏ ကိရိယာသစ်တစ်ခုဖြစ်သည့် Facebook ပေါ်တွင်လည်း ပြည်သူတို့၏ အသံများလျှံထွက်နေသည်။
မြန်မာနိုင်ငံအတွင်း၌ ပြည်သူတို့ ပွင့်လင်းစွာ ဆန္ဒပြနိုင်ခြင်းမရှိသော်လည်း ‘ ဧရာဝတီ ကယ်တင်ရေး’ အစည်းအဝေးများကိုမူ ရန်ကုန်မြို့ပေါ်တွင် ကျင်းပခဲ့သည်။ ပြည်ပရောက် မြန်မာများကလည်း နိုင်ငံရပ်ခြားရှိ မြန်မာသံရုံးများ၏ အပြင်ဖက်တွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်လျက်ရှိသည်။ မြန်မာနိုင်ငံအတွင်း တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်များ ကြီးထွားလျက်ရှိရာ၊ အထူးသဖြင့် တရုတ်လွှမ်းမိုးမှုကြီးမားသော မြောက်ပိုင်းဒေသတွင် ပိုမိုပြင်းထန်လာသည်။ ကချင်ပြည်နယ်မှ ရရှိသော သတင်းများအရ ကေအိုင်အေနှင့် အစိုးရတပ်များအကြား တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ပြည်နယ်အတွင်း အလုပ်လုပ်နေသော တရုတ်လူမျိုး အလုပ်သမားများနှင့် ကုန်သည်များ တရုတ်နိုင်ငံသို့ ပြန်ထွက်ပြေးသွားကြသည်ဟု သိရှိရသည်။
သို့သော် ပြည်သူတို့၏ သဘောထားသည် မြန်မာအစိုးရအပေါ် လွှမ်းမိုးနိုင်လောက်အောင် အားကောင်းခဲ့ခြင်း မရှိပါ။ အစိုးရကလည်း ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကဲ့သို့ ဆန္ဒပြပွဲများ ထပ်မံဖြစ်ပွားကာ အနောက်နိုင်ငံများ၏ ပြစ်တင်မှု၊ အရေးယူပိတ်ဆို့မှုများကို ထပ်မံဖိတ်ခေါ်ရာ ရောက်မည့်အဖြစ်ကို လိုလားမည် မဟုတ်ပါ။
မြန်မာနိုင်ငံတွင် တရုတ်သြဇာလွှမ်းလာခြင်းကို လက်နက်ကိုင်တပ်ဖွဲ့(တပ်မတော်) အတွင်း မကျေနပ်မှုက ရေလှောင်တမံစီမံကိန်း ရပ်ဆိုင်းသည့် ကိစ္စ၏ အကြောင်းရင်းဖြစ်ဖို့ အလားအလာပိုများနေသည်။
သမိုင်းကြောင်းအရ မြန်မာနိုင်ငံသည် ၎င်း၏ မြောက်ဖက် အိမ်နီးချင်းနိုင်ငံကို ခပ်စိမ်းစိမ်း ဆက်ဆံခဲ့သည်ကို တွေ့ရသည်။ ကွန်မြူနစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်သည့် ၁၉၄၉ မှ ၁၉၆၂ ခုနှစ်အထိ ဝန်ကြီးချုပ်ဦးနု၏ ဘက်မလိုက် ဒီမိုကရေစီအစိုးရနှင့် ဆက်ဆံရေးကောင်းအောင် ဘီဂျင်းက ကြိုးစားခဲ့သည်။ မြန်မာနိုင်ငံသည် ဘီဂျင်းကွန်မြူနစ်အစိုးရကို အသိအမှတ်ပြုသော ပထမဆုံး (ကွန်မြူနစ်အုပ်စုပြင်ပ) နိုင်ငံတစ်ခုဖြစ်ခဲ့သည်။ ၁၉၆၂ တွင် တပ်မတော်က အာဏာသိမ်းခဲ့ပြီးနောက်တွင်မူ ရည်မှန်းချက်ကြီး၍ မှန်းဆရန်ခက်သော ဗိုလ်ချုပ်ကြီးနေဝင်းကို တရုတ်တို့က စိုးရွံ့ပူပန်လာကာ ဗမာပြည်ကွန်မြူနစ်ပါတီ သူပုန်များကို အလုံးစုံထောက်ပံ့ကူညီရန် ပြင်ဆင်လာကြတော့သည်။
၁၉၆၇တွင် စီးပွားရေးယိုယွင်းလာမှုကြောင့် ဒေါသထွက်နေသော ပြည်သူလူထုကို အာရုံပြောင်းရန် တပ်မတော်  ခေါင်းဆောင်များက စနစ်တကျ လျှို့ဝှက်စီစဉ်သော တရုတ်-မြန်မာ အဓိကရုဏ်း ရန်ကုန်မြို့တွင် ဖြစ်ပွားသောအခါ မြန်မာပြည်တွင်းရေးကို ကြားဝင်စွက်ဖက်ရန် တရုတ်တို့အကြောင်းပြချက် ရသွားခဲ့လေသည်။ ၁၉၆၈ နှစ်သစ်ကူးနေ့တွင်မူ တရုတ်ပြည် ယူနန်ပြည်နယ်မှ ဗမာပြည်ကွန်မြူနစ်ပါတီ လက်နက်ကိုင်တပ်များ မြန်မာပြည်မြောက်ပိုင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ နောက်ထပ်ဆယ်စုနှစ် တစ်စုလုံးလုံး အင်ဒိုချိုင်းနား ကျွန်းဆွယ်အပြင်ဖက် ကွန်မြူနစ်လှုပ်ရှားမှုများထက် ဗမာပြည်ကွန်မြူနစ်ပါတီကိုသာ တရုတ်နိုင်ငံက အကူအညီများ ပိုမိုပုံအောလောင်းထည့်ခဲ့သည်။

ဗမာပြည်ကွန်မြူနစ်ပါတီ၏ "ပြည်သူ့အသံ" ဝါဒဖြန့် ရေဒီယိုအသံလွှင့်မှု အစီအစဉ်ကိုလည်း ၁၉၇၁ တွင် ယူနန်ပြည်နယ်ဖက်အခြမ်းမှနေ၍ စတင်ထုတ်လွှင့်ပေးခဲ့ပြန်သည်။ ထို့အပြင် ထောင်ပေါင်းများစွာသော တရုတ်လူမျိုးများ (ဝလူမျိုးများ အပါအဝင်) နယ်စပ်ကို ဖြတ်ကျော်စီးဝင်လာကာ ဗမာပြည်ကွန်မြူနစ်ပါတီကို အလုံးစုံ ကူညီဖြည့်ဆည်းပေးခဲ့သည်။
၁၉၇၆ခုနှစ် မော်စီတုန်း ကွယ်လွန်ပြီးနောက် မရှေးမနှောင်းတွင် လက်တွေ့ဝါဒီ တိန့်ရှောက်ဖိန် အာဏာရရှိသွားသည့် အချိန်တွင်မူ ဗမာပြည်ကွန်မြူနစ်ပါတီအပေါ် တရုတ်တို့ ပုံအော ကူညီမှုဇတ်သိမ်းခန်းအစ ဖြစ်လာခဲ့သည်။ ဒေသတွင်း ကွန်မြူနစ်တော်လှန်ရေး လှုပ်ရှားမှုများကို ဆက်လက်အားပေးရန် ဘီဂျင်းက စိတ်ဝင်စားခြင်းမရှိတော့ပါ။ ထိုအချိန်ကစ၍ မြန်မာတို့၏ ကြွယ်ဝသော သစ်တောများ၊ သတ္တုသယံဇာတများ၊ သဘာဝဓါတ်ငွေ့နှင့် ရေအားလျှပ်စစ် အလားအလာတို့ကို ဘီဂျင်းက အာသာငမ်းငမ်း မက်မောတောင့်တ လာခဲ့ခြင်းဖြစ်သည်။
ဗမာပြည် ကွန်မြူနစ်ပါတီအပေါ် တရုတ်တို့၏ ပံ့ပိုးမှု အဆုံးသတ်လိုက်ခြင်းသည် တရုတ် မြန်မာဆက်ဆံရေး ပိုမိုကောင်းမွန်လာသော ခေတ်သစ်တစ်ခုကို အစပျိုးလိုက်ခြင်းဖြစ်ပြီး ၁၉၈၈ သွေးစွန်းသော ဒီမိုကရေစီ အရေးတော်ပုံအပြီးတွင်မူ တစ်ဆင့်ပြီးတစ်ဆင့် ခုန်ပျံကျော်လွှား ကြီးထွားလာခဲ့တော့သည်။ ၁၉၉၁ မှစ၍ မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်း မြောက်များစွာကို ထောက်ပံ့ကူညီခဲ့သည့်အပြင် အခြေခံအဆောက်အဦး စီမံကိန်းများစွာတွင်လည်း တရုတ်ပညာရှင်များ လာရောက်ကူညီခဲ့ကြသည်။
၁၉၅၀ ခုနှစ်များနောက်ပိုင်း မြန်မာနိုင်ငံ၌ ပထမဆုံး နိုင်ငံခြားစစ်ဖက်အရာရှိများ အခြေချမှုအဖြစ် တရုတ် စစ်ဖက်အကြံပေးများလည်း တစ်သုတ်ပြီးတစ်သုတ် လာရောက်ခဲ့ကြသည်။ တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးသည်လည်း တစ်ဟုန်ထိုးဖွံ့ထွားလာတော့သည်။
မကြာသေးမီကပင် တရုတ်နိုင်ငံက အတိုးနည်းချေးငွေများ မြန်မာနိုင်ငံကို ထောက်ပံ့ကူညီခဲ့သည်။ အနောက်ပိတ်ဆို့မှုဒဏ်ခံ မြန်မာစီးပွားရေးတွင် တရုတ် ရင်းနှီးမြှုပ်နှံမှုများသည် အလွန်အရေးပါပြီး အထူးသဖြင့် စွမ်းအင်ကဏ္ဍတွင် ပုံအောစီးဝင်လာသည်။ ဘင်္ဂလားပင်လယ်အော်မှ သဘာဝဓါတ်ငွေ့ကို တရုတ်သို့ပို့မည်။ ပိုက်လိုင်းစီမံကိန်းတွင် အရှေ့အလယ်ပိုင်းရေနံများကို ယာဉ်ကြောပိတ် မလက္ကာ ရေလက်ကြားကို ရှောင်ရှား သယ်ယူမည့် ရေနံစိမ်း ပိုက်လိုင်းတစ်ခု ယှဉ်တွဲ တိုးချဲ့ခံခြင်းသည် ထင်ရှားသော သာဓက တစ်ခုပင် ဖြစ်သည်။
ထိုသို့ တရုတ်နိုင်ငံအပေါ် ကြီးမားစွာ မှီခိုနေရခြင်းသည် မြန်မာ စစ်ဖက် ခေါင်းဆောင်များစွာအကြား စိုးရိမ် ကြောင့်ကြမှုကို ဖြစ်ပေါ်စေခဲ့သည်။ အဆိုပါ ခေါင်းဆောင်များသည် သူတို့ တစ်ချိန်က တရုတ်နောက်ခံ ဗကပ တပ်များနှင့် တိုက်ခဲ့ရသော စစ်ပွဲကို မမေ့နိုင်သလို ဗကပ အသွင်ဆောင် တရုတ်နှင့် ဝတပ်ဖွဲ့များ၏ လက်ချက်ဖြင့် သူတို့၏ ရဲဘော် ရဲဘက်များ ကျဆုံးခဲ့ရခြင်းကိုလည်း မမေ့ကြပါ။ အဆိုပါ မမေ့နိုင်စရာ အတိတ်ကို ၂၀၀၅ ခုနှစ်က ဝါရှင်တန်တွင် နိုင်ငံရေးခိုလှုံခဲ့သော ထောက်လှမ်းရေး ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က ပြည်ပရောက် မြန်မာများ၏ သတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ပြန်လည် တူးဆွထားသည်။
သမ္မတ ဦးသိန်းစိန်၏ တမံရပ်ဆိုင်းမှု ကြေညာချက် အပြီးတွင် တရုတ်တို့က ညှိနှိုင်း ဆွေးနွေးပွဲများ ပြုလုပ်ရန် တောင်းဆိုထားကြသော်လည်း မြစ်ဆုံစီမံကိန်း အကောင်အထည် ဖော်သူ CNPC ကုမ္ပဏီက ၂၀၀၉ ခုနှစ်တွင် ထုတ်ပြန်သော ပြည်တွင်း အစီရင်ခံစာတွင် တမံ အရွယ်အစားသည် လိုသည်ထက် ပို၍ ကြီးမားလွန်းကြောင်း တင်ပြကာ စီမံကိန်းကို စွန့်လွှတ်ရန် တောင်းဆိုခဲ့ခြင်းကို အကဲခတ် စောင့်ကြည့်သူများက ထောက်ပြထားသည်။ တရုတ်နိုင်ငံသည် ဧရာဝတီ၏ အခြား မြစ်လက်တက်များ ပေါ်တွင်လည်း အကြီးစားတမံ ၆ ခု တည်ဆောက်ရန် ကန်ထရိုက်စာချုပ် လက်မှတ် ရေးထိုးထားသည်။
ယခုကဲ့သို့ သမ္မတ ဦးသိန်းစိန်က ရဲရဲဝင့်ဝင့် ကြေညာချက် ထုတ်ပြန်လိုက်ခြင်းသည် တရုတ် - မြန်မာ ဆက်ဆံရေး ယိုယွင်းလာခြင်းနှင့် မြန်မာနိုင်ငံက နိုင်ငံတကာ ဆက်ဆံရေး ဟန်ချက် ညီအောင် ကြိုးစားနေခြင်းကို ထုတ်ဖော် ပြသနေသည်။ ယခင်က ကျင့်သုံးခဲ့ဘူးသော ဘက်မလိုက် မူဝါဒကို ပြန်လည် ချဉ်းကပ်ခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

အချို့ အကဲခတ် စောင့်ကြည့်သူ ပညာရှင်များကမူ မြန်မာ အစိုးရအပေါ် ဘီဂျင်း၏ လွှမ်းမိုးမှုသည် ပုံကြီးချဲ့ထားခြင်းသာ ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုကြသည်။ အစီရင်ခံစာများတွင် မကြာခဏ ဖော်ပြ နေကြသည့် "မြန်မာနိုင်ငံ၏ ယုံကြည် စိတ်ချ အားကိုးမှု" ဆိုသည်ကို ဘီဂျင်းက အမှန်တကယ် ရခဲ့ခြင်း မဟုတ်ပါဟု မဟာဗျူဟာ လေ့လာရေး သုတေသန ပညာရှင် စာရေးဆရာ Andrew Selth က တင်ပြခဲ့သည်။ မြန်မာနိုင်ငံအပေါ် လက်နက် ရောင်းချပေးနေသူများက ပြသနေသော အထောက်အထား တစ်ခုမှာ တရုတ်နိုင်ငံသည် ၁၉၈၉ မှ စ၍ မြန်မာနိုင်ငံအား ဒေါ်လာ ၁.၆ ဘီလျံ တန်ဖိုးရှိ စစ်လက်နက် ပစ္စည်းများ ရောင်းချ ကူညီပေးခဲ့သော်လည်း လတ်တလောတွင် မြန်မာအစိုးရက ရုရှား၊ ယူကရိန်းနှင့် မြောက်ကိုးရီးယား နိုင်ငံများထံ ပြောင်းလဲ ဝယ်ယူကာ ယင်း၏ လက်နက် ဖူလုံရေး အစီအစဉ်ကို ခွဲဝေ ဖြန့်ကျက်ခဲ့သော အချက်ပင် ဖြစ်သည်။
မြန်မာအစိုးရသည် အနောက်နိုင်ငံများ၏ ထောက်ခံမှုကို ရရှိရန် ကြိုးစားရာတွင် ဒီမိုကရေစီကို ပြည့်ဝစွာ အကောင်အထည် ဖော်ခြင်း အစား 'တရုတ်ဝှက်ဖဲ' ကို ထုတ်သုံးရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ပုံရသည်။
မြန်မာအစိုးရ တာဝန်ရှိသူ တစ်ဦး ရေးသားကာ နေပြည်တော် ထိပ်ပိုင်း အဆင့်က ခွင့်ပြုခဲ့သည်ဟု ကြားသိရသော ဘန်ကောက်ပို့စ် သတင်းစာပါ 'ရေးသူအမည်မပါ' ဆောင်းပါးတစ်ပုဒ်တွင် "ကျွန်တော်တို့ နိုင်ငံကို တရုတ် သြဇာခံ ပြည်နယ်တစ်ခု မဖြစ်စေလိုပါ။ သို့သော် ကျွန်တော်တို့ နိုင်ငံကို ရွေးချယ်စရာ မရှိသော ထောင့်ကျဉ်း၌ ပိတ်မိအောင်၊ တရုတ်နိုင်ငံကို ပို၍ မှီခိုရအောင် အနောက်နိုင်ငံများက အတင်းအကြပ် မပြုလုပ်သင့်ပါ" ဟု ဖော်ပြထားသည်။


ဤစကားစုတွင် အတင်းအကြပ် ဆိုသည်မှာ စစ်မှန်သော ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန် တောင်းဆိုခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ အစိုးရဖက်က အမြင်ကို ကြည့်ပါက တရုတ် ခြိမ်းခြောက်မှု ဝှက်ဖဲကို ထုတ်ကစားခြင်းဖြင့် အနောက်နိုင်ငံများနှင့် ကောင်းမွန်သော ဆက်ဆံရေးကို အလွယ်တကူ ရရှိနိုင်မည် ဖြစ်ကာ အနောက်နိုင်ငံများ၏ ပြစ်တင် ဝေဖန်မှု လျော့ပါးသွားရန် မျှော်လင့်ခြင်း ဖြစ်ပေလိမ့်မည်။

သို့သော် နိုင်ငံကို ဘယ်လို အုပ်ချုပ်သလဲ ဆိုသည်မှာ ပြည်တွင်းရေး ကိစ္စသာ ဖြစ်ကြောင်း၊ မြန်မာ အစိုးရက မကြာခဏ ထုတ်ဖော် ပြောဆိုလျက် ရှိပေသည်။ မြန်မာ အစိုးရ၏ တီးလုံးအတိုင်း လိုက်၍ ကမလား ဆိုသည်ကို အနောက်နိုင်ငံများက ဆုံးဖြတ်ရလိမ့်မည်။

Saturday, October 8, 2011

အဘွားတို့ရွာ

by junemoe


ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတွင် တည်ရှိသော၊ သင်္ဘောဆိပ်ရှိရာ စဉ့်ကူးမြို့နယ်သည် မန္တလေးတိုင်းဒေသကြီးထဲမှ မြို့နယ်တစ်ခုဖြစ်သည်။ မန္တလေးတွင် ကျွဲဆည်ကန်ကားဝင်း၊ လမ်း(၆ဝ)ကားဝင်း နှင့် သီရိမန္တလာကားဝင်းတို့သည် ထင်ရှားရာ သီရိမန္တလာကားဝင်းမှ (၃) နာရီခန့် ကားစီးလျှင် စဉ့်ကူးမြို့သို့ရောက်လေသည်။ 

စဉ့်ကူးမြို့မှ တစ်ဆင့် ဆည်သည်ရွာ၊ ခက်သင်ရွာ၊ ထုံးကြီးမြို့၊ ကြာဥယျာဉ်ရွာ၊ ထီးကုန်းရွာ၊ ရေတော်ရွာ စသည့်မြို့ရွာများသို့ ဆက်သွားနိုင်သည်။ စဉ့်ကူးမြို့သို့ရောက်လျှင် အထက်အညာမှ စုန်ဆင်းလာမည့် မော်တော်များအား ဆိပ်ကမ်းတွင် စောင့်၍ မော်တော်ဆိုက်သည့်အခါမှ မိမိသွားလိုသော ရွာအား စုန်သွားမည့် မော်တော်ရွေး၍ စီးရသည်။ စဉ့်ကူးသဘောင်္ဆိပ်မှ ရွာများသို့ စုန်ဆင်းရန် အချိန်များသည် သိပ်မကွာ။ ဆည်သည်ရွာ နှင့် ခက်သင်ရွာများသို့ ၁ နာရီခန့် မော်တော်စီးလျှင် ရောက်သကဲ့သို့၊ ၂ နာရီခန့် စီးလျှင် ထုံးကြီးမြို့သို့ရောက်သည်။ ထုံးကြီးမြို့သည် ရွာမဟုတ်ပေ။ စဉ့်ကူးမြို့မှ ဆက်သွားနိုင်သော မြို့တစ်မြို့သာပင်။
ဆည်သည်ရွာသည် ကျွန်တော့် အဘွားတို့ရွာဖြစ်သည့်အပြင်၊ ခက်သင်ရွာတွင်လည်း အမျိုးတွေရှိသည်။ အဘွားသည် ဆည်သည်ဇာတိဖြစ်၍ အဘိုးနှင့် အကြောင်းပါပြီးမှ အဘိုးတာဝန်ထမ်းဆောင်ရာ နေရာအနှံ့လိုက်ရကာ နောက်ဆုံး မန္တလေးမြို့တွင် အခြေချကြခြင်းဖြစ်သည်။ သို့ရာတွင် ကျွန်တော့်အဖေကို အဘွားက ထိုဆည်သည်ရွာမှာပင် မွေးဖွားခဲ့သည်။

အဖေ့ပြောပြချက်များအရ အဖေ့အားမွေးဖွားပြီး အဘွားသည် အဘိုးနောက် လိုက်နေရကာ အဖေ့အားရွာမှာပင် အမများလက်ထဲ ထားခဲ့သည်ဟုသိရသည်။ အဘွား၏ အမလတ်မွေးဖွားသော သားနှင့် အဖေသည် နို့အတူတူစို့ဖက်များ ဖြစ်ခဲ့သည်။ နောက်ဆုံး မန္တလေးမြို့တွင် အဘိုးနှင့် အဘွား အခြေချပြီးမှ အဖေ့အား ရွာမှ ပြန်ခေါ်ကာ၊ ဦးလေးနှင့် အဒေါ်တို့အား ထပ်မွေးခဲ့သည်။ ထိုသို့ဖြင့် ကျွန်တော်တို့ ဇာတိသည်လည်း မန္တလေး ဖြစ်ခဲ့သည်။
အဘွားတို့ မောင်နှမ အတော်များများလည်း မန္တလေးတွင်ပင် အခြေချနေထိုင်ကြသည်။ သို့သော် အမြဲတစေ ရွာမှ  ဆွေမျိုးများလာသောအခါ ပဲများပါလာတတ်သည်။ ဆည်သည်ရွာတွင် စပါးနှင့် မြေပဲ အားအဓိကထားစိုက်ပျိုးကြ၍၊ နှမ်း စိုက်သော တောင်သူများလည်း အနည်းငယ်ရှိသည်။ အခြားသော ပဲအမျိုးမျိုးအားလည်း စိုက်ပျိုးကြသည်။
စပါးတွင်လည်း မုရင်းစပါးနှင့် ကောက်ကြီးစပါးဟူ၍ နှစ်မျိုးရှိရာ မုရင်းစပါးသည် ဆန်ကြမ်းဖြစ်၍  နယုန်လလောက်တွင် စိုက်ပျိုးကြကာ၊ ဝါဆိုလတွင် ရိတ်သိမ်းကြသည်။ ကောက်ကြီးစပါးသည် ဆန်နု အမျိုးအစားဖြစ်၍ တော်သလင်း၊ သီတင်းကျွတ်လများတွင် စတင်စိုက်ပျိုးကြကာ၊ တန်ဆောင်မုန်း၊ နတ်တော်လများတွင် ရိတ်သိမ်းလေ့ရှိသည်။ စပါးများအား သူ့အချိန်နှင့်သူ စိုက်ပျိုးသကဲ့သို့ မြေပဲကိုလည်း တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို လများတွင် စိုက်ပျိုးကြကာ၊ တပို့တွဲ၊ တပေါင်း၊ တန်ခူး လများတွင် မြေပဲနှုတ်သိမ်းကြသည်။ 

သို့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် စိုက်ပျိုးထားသော ပျိုးပင်များ ပျက်စီးတတ်ကြပြန်သည်။ တောင်သူများအတွက် ပျိုးပင်များသည် အသက်ပင်။ စိုက်ပျိုးပြီးလျှင် ထိုအပင်များအား မပျက်မစီးအောင် အစွမ်းကုန် ယုယကြရသည်။ စိုက်ပျိုးပင်များ ရင့်မှည့်ချိန် ရိတ်သိမ်းပြီးမှ တောင်သူများ သက်ပြင်းချနိုင်ကြပေသည်။ ခါတိုင်းဆိုလျှင် ဝါဆို၊ ဝါခေါင်လများတွင် ဖွေးဖွေးလှုပ်၍ ရေတက်လေ့ရှိသော ဧရာဝတီမြစ်သည် ယခုအခါ ရေများခန်းခြောက်နေပြီဟုလည်း ရွာမှမြို့သို့ ဆေးလာကုသူများက ပြောကြသည်။
ရှေးယခင်က ဈေးဝယ်ရာတွင် ပစ္စည်းချင်းဖလှယ်သော စနစ်ကို ကျင့်သုံးခဲ့ကြရာ ဆည်သည်ရွာတွင်လည်း ယင်းစနစ်အား ယခုထက်တိုင် ကျင့်သုံးဆဲဖြစ်သည်။ ဈေးဟူ၍လည်း ထိုရွာတွင် မရှိပေ။ အိမ်ဆိုင်များနှင့် ခေါင်းရွက်ဗျက်ထိုးဈေးသည်များသာ ရှိကြသည်။ မိမိလိုအပ်သောပစ္စည်းအား အိမ်ဆိုင်များသို့သွားရောက်ဝယ်ယူနိုင်သကဲ့သို့၊ အိမ်ရှေ့လာရောင်းသော ခေါင်းရွက်သည်ထံမှလည်း ဝယ်နိုင်သည်။ ထိုသို့ဝယ်ရာတွင် ပစ္စည်းချင်းဖလှယ်၍ဝယ်နိုင်သကဲ့သို့၊ ပိုက်ဆံပေးဝယ်လျှင်လည်း ရသည်။ ဈေးလည်ရောင်းသော ခေါင်းရွက်သည်ထံတွင် ပစ္စည်းများရောင်းရ၍ ပေါ့သွားသည်ဟုမရှိပဲ၊ အိမ်များမှ ပေးလိုက်သော ပစ္စည်းများဖြင့် ပို၍သာ လေးလာမြဲဖြစ်သည်။ အိမ်ဆိုင်များသို့ သွားဝယ်လျှင်လည်း မိမိဝယ်လိုသော ပစ္စည်းတန်ဖိုးအလိုက် အိမ်မှ ပစ္စည်းတစ်ခုခု ယူသွားဝယ်လျှင်လည်း လက်ခံကြသည်။ ထိုသို့ဖြင့် ပစ္စည်းနဲ့သော်လည်းကောင်း၊ ငွေနဲ့သော်လည်းကောင်း ဝယ်ယူနိုင်သည်ကို ကြားခါစက အတော်အံ့သြခဲ့ရသည်။ သို့ပေမယ့် ယခုထက်တိုင် ဆည်သည်ရွာလေးတွင် ထိုကဲ့သို့ ရောင်းရေးဝယ်တာများ လုပ်ဆောင်နေကြဆဲဖြစ်သည်။ 

ဆည်သည်ရွာတွင် ကျောင်းဟူ၍ အထက်တန်းကျောင်းတစ်ကျောင်းသာ ရှိသည်။ သူငယ်တန်းမှ ဆယ်တန်းအထိ ပညာသင်ယူနိုင်သည်။ ဆရာ၊ ဆရာမများသည်လည်း ကျောင်းတွင်စာသင်လိုက်၊ စပါးပေါ်ချိန် စပါးရိတ်၊ မြေပဲပေါ်ချိန် မြေပဲနှုတ်နှင့် သူ့အရပ်နှင့်သူတော့ အဆင်ပြေနေကြသည်။ ယခုအခါ ပညာရေးစနစ်များပြောင်းလဲလာခြင်းကြောင့် ဆရာ၊ ဆရာမများသည်လည်း ယခင်ကလို စပါးရိတ်၊ မြေပဲနှုတ်ရန် အချိန်မပေးနိုင်ကြတော့ပေ။ မူလတန်းမှ အထက်တန်းအဆင့်ထိ ပညာသင်ယူနိုင်သော်လည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေမည်ဆိုလျှင် လက်ပံလှရွာ (သို့မဟုတ်) စဉ့်ကူးမြို့ များသို့ သွားရောက်ဖြေဆိုကြရသည်။
သီတင်းကျွတ်လတွင် ဆွမ်းကြီးလောင်းပွဲ၊ တန်ဆောင်မုန်းလတွင် ကထိန်ပွဲ နှင့် နွေရာသီတွင် ရှင်ပြု၊ နားသ၊ အလှူတော်ပွဲများ ကျင်းပလေ့ရှိသည်။ တောင်သူများအနေဖြင့် ပဲနှုတ်သိမ်းပြီးသော ထိုနွေရာသီချိန်တွင်သာ ငွေစရွှင်ချိန်လည်းဖြစ်၊ ကလေးများကျောင်းပိတ်ထားချိန်လည်းဖြစ်၍ အလှူအတန်း ပေးနိုင်ကြခြင်းဖြစ်သည်။ 

ဧရာဝတီမြစ်၏ အနောက်ဖက်ကမ်း၊ ဆည်သည်ရွာ၏ တစ်ဖက်ကမ်းတွင်ရှိသော ခက်သင်ရွာသည် ကုန်စိမ်းအဓိကထား စိုက်ပျိုးသောရွာဖြစ်သည်။ ခေါင်းရွက်ဗျက်ထိုးဈေးသည်များသည် ခက်သင်ရွာမှ ကုန်စိမ်းများအား ယူငင်၍ လှေနှင့်တစ်မျိုး၊ မော်တော်နှင့်တစ်ဖုံ ဆည်သည်ရွာသို့ သွားရောက်ရောင်းချလေ့ရှိသည်။ စပါးနှင့်ပဲ အဓိကထားစိုက်ပျိုးသော ဆည်သည်ရွာနှင့် ကုန်စိမ်းအဓိကထားစိုက်ပျိုးသော ခက်သင်ရွာတို့သည် ထိုကဲ့သို့ အပြန်အလှန်ဝယ်ယူ ရောင်းချ နေထိုင်ကြလေသည်။
ခက်သင်ရွာတွင်လည်း နာမည်ကြီးပွဲတော်လည်းဖြစ်၊ ချစ်စရာကောင်းသောပွဲတော်လည်းဖြစ်သည့် ပွဲတော်တစ်ခုရှိသည်။ ယင်းမှာ သီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပကြသော ရွှေတောင်ဦးမြတ်စွာဘုရားပွဲတော် ဖြစ်သည်။ ထိုပွဲတော်တွင် သနပ်ခါးမှုံ့၊ ပေါင်ဒါမှုံ့များအား တောင်းကြီးတစ်လုံးထဲတွင် ထည့်၍သော်လည်းကောင်း၊ ဇလုံအကြီးတစ်လုံးထဲတွင်ထည့်၍သော်လည်းကောင်း ထည့်ထားကြကာ၊ စွပ်ကျယ်အဖြူကိုလည်း အမှုံ့များသုတ်လိမ်းထားကြသည်။ ထို့နောက် ဘုရားပွဲတော်သို့ လာရောက်ကြသူများအား မိန်းမ၊ ယောက်ျားမရွေး လှေကားမှစီး၍ မျက်နှာများကို သနပ်ခါးမှုံ့၊ ပေါင်ဒါမှုံ့များဖြင့် ပုတ်ကြသည်။ ထိုဓလေ့သည် ခက်သင်ရွာတွင် ယခုထိတိုင် ပြုလေ့ရှိသော ချစ်စရာကောင်းသော ပျော်ရွှင်ဖွယ်ဓလေ့ပင်။
ထို့အပြင် ရွာများနှင့်ပတ်သက်၍လည်း စကားပုံများ ရှိလေသည်။ 

“ လှခက်သင်၊ ယဉ်စဉ့်ကူး ” ဆိုသည်မှာ ခက်သင်ရွာတွင်ရှိသော အပျိုများသည် လှပချောမောကြသကဲ့သို့၊ စဉ့်ကူးမြို့သူများ၏ အပြောအဆို၊ အနေအထိုင်၊ အပြုအမူများသည် ယဉ်ကျေးသိမ်မွေ့ကြသည်ကို ဖော်ညွှန်းခြင်းဖြစ်သည်။
နောက်စကားပုံတစ်ခုမှာ “ အပျိုပေါ၊ မချောရေတော်ရွာ ” ဟူ၍။ ရေတော်ရွာသည် ဆည်သည်ရွာနှင့်လည်း အလှမ်းမဝေးပေ။ ထို ရေတော်ရွာတွင် အပျိုမိန်းကလေးများ လွန်တရာပေါလှသည်။ ထိုသို့ပေါလှသော်လည်း ချောမောလှပသူ နည်းပါးခြင်းကို “ အပျိုပေါ၊ မချောရေတော်ရွာ ” ဟု စပ်ဆိုထားကြလေသည်။ 

ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင်ရှိသော ဆည်သည်ရွာ၊ အနောက်ဘက်ကမ်းတွင်ရှိသော ခက်သင်ရွာ၊ ထိုရွာများမှ ဆက်၍ စုန်သွားနိုင်သောရွာများသည် စဉ့်ကူးမြို့နယ်တွင် ပါဝင်လေသည်။ မန္တလေးမြို့မှ (၃) နာရီခန့် ကားစီး၍ စဉ့်ကူးမြို့နယ်မှတစ်ဆင့် တောင်သူများ၏ ချစ်စရာဓလေ့များနှင့် ကျင့်သုံးဆဲစနစ်များအား ကိုယ်တိုင်သွားရောက် တွေ့မြင်ခံစားနိုင်မည်ဆိုလျှင် ဆိုဘွယ်ရာမရှိတော့ချေ။


အကြွေစောသွားတဲ့ ပန်းသီးတစ်လုံး

Appleရဲ့ပူးတွဲတည်ထောင်သူ Steve Jobs အသက်(၅၆)နှစ်ဟာ အောက်တိုဘာလ (၅)ရက်နေ့ (၂ဝ၁၁)မှာ ကွယ်လွန်သွားခဲ့ပါပြီ။ သူကွယ်လွန်သွားပြီဆိုတဲ့သတင်းက ကမ္ဘာ့အရပ်ရပ်က Appleရူးသွပ်သူတွေကို ခြောက်ခြားတုန်လှုပ်စေခဲ့ပါတယ်။ အင်တာနက်သုံးစွဲသူအများက သူသေဆုံးသွားတာကို နှမြောတသဖြစ်ကြပြီး အင်တာနက်စာမျက်နှာတွေပေါ်မှာ သူ့အတွက် ကျေးဇူးတင်လွှာတွေ ရေးသားခဲ့ကြတယ်။

"Steve Jobs .. ခင်ဗျားဟာ ကွန်ပြူတာလောက၊ ဖုန်းလောကကို ပြောင်းလဲခဲ့သူပါ။ ကျွန်တော်တို့ လူတော်တော်များများရဲ့ဘဝကို ခင်ဗျားထိတွေ့ခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ် Steve... ကွန်ဂရက်ကျူလေးရှင်းပါ Steve.. ခင်ဗျားတစ်သက် ရှင်သန်ရကျိုးနပ်ခဲ့ပါပြီ"

အင်တာနက်စာမျက်နှာတွေပေါ်မှာ၊ Facebookတွေပေါ်မှာ Steve Jobsကွယ်လွန်တာနဲ့ပတ်သက်တဲ့ ဝမ်းနည်းကြေကွဲစာတွေကို ဖတ်ကြရမှာပါ။ Steve Jobsဟာ ကွန်ပြူတာလောက၊ ဖုန်းလောကကို ပြောင်းလဲခဲ့ရုံမက သူဟောပြောခဲ့တဲ့စကားတွေကလည်း လူအများကို လွှမ်းမိုးခဲ့ပါတယ်။ ကောင်းတဲ့စာ၊ ကောင်းတဲ့စကားတွေက ထုထည်မဲ့အင်အားတစ်မျိုးပါတဲ့... Steve Jobs ဟောပြောခဲ့တဲ့ စကားတချို့ကို ဘာသာပြန် မျှဝေလိုက်ပါတယ်။

(၁) ဦးဆောင်သူနဲ့ နောက်လိုက်သူရဲ့ခြားနားချက်က ဆန်းသစ်ထီထွင်ခြင်းပဲဖြစ်တယ်။

(၂) ထူးချွန်ထက်မြက်တဲ့လူဖြစ်ဖို့ လူတော်တော်များများအတွက် အဆင့်အတန်းမြင့်တဲ့ပတ်ဝန်းကျင်ရှိစရာ မလိုပါဘူး။

(၃) အောင်မြင်သူဖြစ်ဖို့ တစ်ခုတည်းသောနည်းလမ်းက ကိုယ်လုပ်တဲ့အလုပ်ကို မြတ်နိုးဖို့ပါပဲ။ တကယ်လို့ မြတ်နိုးနိုင်လောက်တဲ့အလုပ် သင့်မှာမရှိသေးဘူးဆိုရင် ဆက်ရှာပါ.. လက်မလွတ်တမ်းရှာပါ။ သင့်ရဲ့နှလုံးသားနောက်လိုက်ပြီး ရှာပါ... တစ်နေ့နေ့မှာ သင်ရှာတွေ့ပါလိမ့်မယ်။

(၄) ကိုယ်တိုင်စားဖို့အရာတွေကို လူတိုင်းစိုက်ပျိုးနေစရာမလိုသလို ကိုယ်တိုင်ဝတ်ဖို့ အဝတ်အစားတွေကိုလည်း လူတိုင်းချုပ်လုပ်နေဖို့ မလိုပါဘူး။ တခြားလူတီထွင်ဖန်တီးခဲ့တဲ့ စကားတွေကို ကျွန်တော်တို့ပြောနေတယ်။ တခြားလူတီထွင်ခဲ့တဲ့ သင်္ချာဂဏန်းတွေကို ကျွန်တော်တို့ အသုံးပြုနေတယ်။ ကျွန်တော်တို့ဟာ တခြားလူရဲ့အောင်မြင်ဖြစ်ထွန်းတာတွေကို တောက်လျှောက်အသုံးပြုနေကြတယ်။ လူသားတွေမှာရှိခဲ့တဲ့ အတွေ့အကြုံနဲ့ အသိဉာဏ်တွေကိုအသုံးပြုပြီး တီထွင်ဆန်းတယ်ဆိုတာ ထူးခြားဆန်းကြယ်တဲ့ လုပ်ရပ်တစ်ခုပါပဲ။

(၅) ဗုဒ္ဓဘာသာမှာ စကားတစ်ခွန်းရှိတယ်။ "စသင်ယူသူရဲ့(beginner) စိတ်နေသဘောထား"တဲ့။ စသင်ယူသူရဲ့စိတ်နေသဘောထားကို ပိုင်ဆိုင်နိုင်တာဟာ အံ့သြဖွယ်ကောင်းတဲ့ လုပ်ရပ်တစ်ခုပါ။

(၆) အခြေခံအားဖြင့် လူရဲ့ဦးနှောက်က တီဗီကြည့်ချိန်မှာ အလုပ်မလုပ်ဘဲရပ်သွားပြီး ကွန်ပြူတာဖွင့်ချိန်ကျမှ စအလုပ်လုပ်တယ်လို့ ကျွန်တော်တို့ထင်ကြပါတယ်။

(၇) ကျွန်တော်ကိုယ်ကျွန်တော်သိထားတာက ကျွန်တော်ဟာ တစ်နှစ်အတွင်းမှာ ဒေါ်လာ၂၅သန်း ဆုံးရှုံးနေတဲ့ တစ်ဦးတည်းသောလူပါ။ ဒါပေမဲ့ ဒါဟာ ကျွန်တော်ကြီးပြင်းဖို့ အများကြီးအထောက်အကူပြုခဲ့ပါတယ်။

(၈) ကျွန်တော်မှာရှိတဲ့ နည်းပညာအားလုံးကို ဆိုကရေးတီးနဲ့ တစ်ညနေအတူနေဖို့ ကျွန်တော်လဲလှယ်ချင်ပါတယ်။

(၉) အသက်ရှင်နေတာဟာ လောကကြီးကို ပြောင်းလဲဖို့ကလွဲလို့ တခြားဘာအကြောင်းပြချက်များရှိဦးမလဲ?

(၁ဝ) သင့်ရဲ့အချိန်တွေက အကန့်အသတ်ရှိတယ်။ ဒါကြောင့် တခြားလူကြောင့် မရှင်သန်ပါနဲ့။
တရားသေဝါဒတွေနဲ့ ကန့်သတ်မထားနဲ့။ တခြားလူရဲ့ အတွေးအမြင်ထဲ ရှင်သန်မနေနဲ့။
တခြားလူရဲ့ထင်မြင်ချက်နဲ့ ကိုယ့်အတွင်းစိတ်ရဲ့အသံကို ဘေးကျပ်နံကျပ်မဖြစ်စေနဲ့။
အရေးအကြီးဆုံးက ကိုယ့်စိတ်ဝိညာဉ်နဲ့ အလိုလိုသိစိတ်ကိုနောက် သတ္တိရှိရှိလိုက်ဖို့ပဲ။ သင့်စိတ်နဲ့ သိစိတ်ကသာ သင့်ရဲ့တကယ့်အတွေးစိတ်ကူးကို သိနိုင်တယ်။ ကျန်တာတွေက အဓိကမကျပါဘူး။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Steve Jobs ပြောကြားခဲ့သည့် မိန့်ခွန်း

မဟူရာ လင်း and Ayemya Mon shared a link.
Steve Jobs With His Wife After His Last Keynote

၂၀၀၅ ခုနှစ် ဇွန်လ ၁၂ရက် နေ့တွင် ကျင်းပခဲ့သော Stanford တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် Apple Computer နှင့် Pixar Animation Studio တို့ကို စတင်တည်ထောင်ခဲ့သူ Steve Jobs ပြောကြားခဲ့ သည့် မိန့်ခွန်း ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်ကြီးတခုရဲ့ ဘွဲ့ရ မောင်မယ်များကို တွေ့ဆုံစကားပြောခွင့်ရတဲ့ အတွက်ကြောင့် အင်မတန် ဂုဏ်ယူမိကြောင်း ပြောပါရစေ။ ကျနော်ဟာ တက္ကသိုလ်ဘွဲ့ရ တယောက်မဟုတ်ပါ။ အမှန်အတိုင်း ပြောရရင် ဘွဲ့နှင်းသဘင်အခမ်းအနားဆိုတာ ဒီနေ့မှ တက်ဖူးတာပါ။ ဒီ ဘွဲ့နှင်းသဘင် အခမ်းအနားမှာ ကျနော့်ဘဝဇာတ်လမ်းလေး သုံးပုဒ်ပြောပါရစေ။ မိန့်ခွန်းအရှည်ကြီး မဟုတ်ပါ။ ကြီးကြီးကျယ်ကျယ် အကြောင်းအရာတွေမဟုတ်ပါ။ ဇာတ်လမ်း သုံးပုဒ်ထဲပါ။ ပထမဆုံးဇာတ်လမ်းကတော့ ဆက်စပ်ပုံဖော်ခြင်း အကြောင်းပါ။ ကျနော် Reed College မှာ ခြောက်လပဲ တက်ပြီး ကျောင်းထွက် ခဲ့ပါတယ်။ ဒါပေမဲ့ ကျောင်းက မခွါနိုင်သေးပဲ နောက် ၁၈ လလောက် အတန်းတွေ ဆက်တက်ခဲ့ပါတယ်။ ကျနော် ဘာကြောင့် ကျောင်းထွက်ခဲ့ရတယ် ထင်ပါသလဲ။ ဒီဇာတ်လမ်းက ကျနော် မမွေးခင် အချိန်ကစပြီး ပြောပြရမှာပါ။ ကျနော့်ကို ကိုယ်ဝန်ရှိတဲ့အချိန်မှာ အမေဟာ အိမ်ထောင် မရှိသေးတဲ့ ဘွဲ့လွန်ကျောင်းသူ တယောက်ပါ။ အဲဒါကြောင့်လည်း ကျနော့်ကို မွေးစားဖို့ ပေးလိုက်မယ်လို့ ဆုံးဖြတ်ခဲ့ပါ တယ်။ ကျနော့်ကို မွေးစားမဲ့ မိဘများဟာ ဘွဲ့ရပညာတတ်တွေသာ ဖြစ်သင့်တယ်လို့ အမေ့ စိတ်ထဲမှာ အကြီးအကျယ် စွဲနေခဲ့ပါတယ်။ ဒါကြောင့်လဲ ဥပဒေပညာရှင် တယောက်နဲ့ သူ့ဇနီးတို့က ကျနော့်ကို မွေးပြီးပြီးချင်း လွှဲယူလိုက်ဖို့ ကြိုတင် စီစဉ် ထားခဲ့ပါတယ်။ ဖြစ်ချင်တော့ ကျနော် ကို “အူဝဲ” ဆိုပြီး မွေးလိုက်တဲ့အချိန်မှာ သူတို့က မိန်းကလေးမှ လိုချင်ပါ တယ်လို့ စိတ်ပြောင်း သွားခဲ့ပါတယ်။ ဒါကြောင့်မို့ အချိန်မတော် ညကြီးသန်းခေါင်မှာ မွေးစား မိဘလောင်း တန်းစီစာ ရင်းထဲက ကျနော့်မိဘများကို ဖုံးဆက်ခဲ့ပါတယ်။ “ဒီမှာ မမျှော်လင့်ဘဲ ယောကျာင်္းလေး တယောက် ရထားတယ်။ ယူမလား…” တဲ့။ မိဘများကလဲ “သိပ်ယူတာပေါ့…” တဲ့။ အဲဒီလို ပေးလိုက်ပြီးမှ ကျနော့်ရဲ့ အမေဟာ ဘွဲ့ရပညာ တတ်မဟုတ်တာ၊ ကျနော့်ရဲ့ အဖေဟာလဲ အထက် တန်းကျောင်း တောင်မှ မအောင်တာကို ကျနော့် မွေးမိခင်က သိသွားတာပါ။ မွေးမိခင်ဟာ မွေးစားစာချုပ်မှာ သဘောတူကြောင်း လက် မှတ်ထိုးမပေးခဲ့ပါဘူး။ နောင်လပေါင်း အတော်ကြာပြီး ကျနော့်ရဲ့ မိဘတွေက ကျနော့်ကို “တက္ကသိုလ် ထားပေးပါ့မယ်…” လို့ ကတိပေးမှ မွေးမိခင်က စိတ်လျော့ပြီး လက်မှတ်ထိုးပေးခဲ့တာပါ။
 
နောက် ၁၇ နှစ် အကြာမှာတော့ ကျနော် တက္ကသိုလ်ကျောင်းသား ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ကျနော်ဟာ အဆင်အခြင် ကင်းမဲ့စွာ နဲ့ Stanford တက္ကသိုလ်နီးပါး စားရိတ်ကြီးတဲ့ တက္ကသိုလ်ကို ရွေးခဲ့ပါတယ်။ ကျနော့်ရဲ့ တတ္ကသိုလ်ပညာရေး အတွက် အခြေခံလူတန်းစား မိဘများရဲ့ စုငွေတွေအားလုံးကို ကျနော်သုံးမိရက်သား ဖြစ်သွားပါတယ်။ နောက်ခြောက်လ အကြာမှာတော့ ဒီပညာရေးဟာ တကယ်ပေးရတာနဲ့ တန်တယ်လို့ ကျနော် မထင်တော့ပါဘူး။ အဲဒီအချိန်က ကျနော့်မှာ ဘဝရည် မှန်းချက်ဆိုတာ မရှိခဲ့ပါဘူး။ တတ္ကသိုလ်ပညာရေးကနေပြီး ကျနော့်ရဲ့ ဘဝရည်မှန်းချက်ကို ဘယ်လိုလုပ်ပြီး အဖြေထုတ်ပေးနိုင်မယ် ဆိုတာလဲ စဉ်းစားလို့မရခဲ့ပါ။ ဒီတော့ ကျနော်ဟာ မိဘတွေရဲ့ တသက်စာစုငွေကို တက္ကသိုလ် မှာလာပြီး ဖြုံးနေတာပါပဲ။ ဒါနဲ့ကျနော်လဲ တက္ကသိုလ်ကထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အချိန်ကျရင်အားလုံး အဆင်ပြေ သွားမှာပါလို့ မျက်စိစုံမှိတ်ပြီး လုပ်ခဲ့တာပါ။ အဲဒီတုန်းကတော့ ကြောက်ကြောက်နဲ့ လုပ်ခဲ့တာပါ။ ခု ပြန်စဉ်းစား ကြည့်တဲ့အခါမှာတော့ ဒီဆုံးဖြတ်ချက် ဟာ ကျနော့်ရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်တခုပါ။ ကျောင်းကထွက်လိုက်တာနဲ့ ချက်ချင်းပဲ မတက်ချင်ဘဲ တက်နေရတဲ့ အတန်းတွေကို တက်စရာမလိုတော့တာကြောင့် တက်ချင်စရာကောင်းတဲ့ အတန်းတွေထဲမှာ ဝင်ထိုင် ကျောင်းသားလုပ် ခဲ့ပါတယ်။ ဒီဇာတ်လမ်းမှာ ကဗျာမဆန်တာ တွေလဲပါပါတယ်။ ကျနော့်မှာ နေစရာအခန်း မရှိတော့ပါဘူး။ 
 
ဒီတော့ ကျနော့် သူငယ် ချင်းတွေရဲ့ အခန်း ကြမ်းပြင်ပေါ်မှာ အိပ်ခဲ့ရပါတယ်။ Coke ပုလင်းတွေကို လိုက်စုပြီး ပြန်အပ်လို့ရတဲ့ တပုလင်း ၅ဆင့် ဆိုတဲ့ ပိုက်ဆံနဲ့ ဗိုက်ဖြည့်ရပါတယ်။ တနင်္ဂနွေနေ့ညတိုင်း ခုနှစ်မိုင်လမ်းလျှောက်ပြီး Hare Krishna ဟိန္ဒူ ဘုရားကျောင်း မှာ ထမင်းတနပ် အဝသွားစားရပါတယ်။ စားလို့ အင်မတန်ကောင်းပါတယ်။ စူးစမ်းလိုစိတ်နောက်လိုက်ရင်း၊ စိတ်ထဲမှာ ပေါ်လာတာတွေကို လိုက်လုပ်ရင်း ကြုံကြိုက်ခဲ့တာ အတော်များများဟာ နောက်ပိုင်းမှာ အဖိုးမဖြတ်နိုင်တဲ့ အတွေ့အ ကြုံတွေ ဖြစ်လာခဲ့ပါတယ်။ ဥပမာလေးတခု ပေးပါရစေ။ အဲဒီအချိန်က Reed College မှာ ရှိတဲ့ စာလုံးအလှရေးနည်းသင်တန်းဟာ တနိုင်ငံလုံးမှာ အကောင်းဆုံးသင်တန်းပါ။ တက္ကသိုလ်နယ်မြေ တခုလုံးမှာ ရှိသမျှ ပိုစတာတွေ၊ စာတန်းတွေ၊ နာမည်တွေဟာ အင်မတန်လှပတဲ့ လက်ရေးစာလုံး တွေနဲ့ ချယ်သထားပါတယ်။ ကျောင်းက ထွက်လိုက်ပြီဆိုတော့ ပုံမှန်သင်တန်းတွေ တက်စရာ မလိုတော့တဲ့ ကျနော်ဟာ စာလုံးအလှရေးနည်းသင်တန်းကို ဝင်တက်ပြီး အတတ်သင်ခဲ့ပါတယ်။ စာလုံးပုံစံတွေထဲမှာ Serif စာလုံးပုံ၊ San Serif စာလုံးပုံတွေအကြောင်းကို သင်ယူခဲ့ပါတယ်။ စာလုံးတလုံးနဲ့ တလုံးကြားမှာ ဘယ်လို အနီးအဝေးခြားတယ်ဆိုတာ လေ့ လာခဲ့ပါတယ်။ စာလုံးရေးနည်းပညာရဲ့ နက်ရှိုင်းမှုကို တွေ့ရှိခဲ့ပါတယ်။ ဒီပညာရပ်ဟာ အင်မတန်လှပတဲ့၊ သမိုင်းဝင်တဲ့၊ အနုပညာမြောက်ပြီး၊ သိပ္ပံနည်းနဲ့ စူးစမ်းလို့မရတဲ့ ပညာပါ။ ဒီပညာရပ်က ကျနော့်ကို ညှို့ယူဖမ်းစား ခဲ့ပါတယ်။ ဒါတွေကို ကျနော့်ဘဝမှာ ဘယ်လိုလက်တွေ့အသုံးဝင်မလဲ ဆိုတာကိုတော့ မျှော်လင့် မထားခဲ့ပါဘူး။ ဒါပေမဲ့ နောင် ၁၀ နှစ် အကြာမှာ ပထမဆုံး Macintosh ကွန်ပျုတာကို ဒီဇိုင်းဆွဲတဲ့ အခါမှာတော့ ဒီပညာရပ်ကို ပြန်လည်ပြီး သတိရလာခဲ့ ပါတယ်။ ဒီပညာရပ်ကို အစွမ်းကုန်သုံးပြီး Mac ကို ဒီဇိုင်းလုပ်ခဲ့တာပါ။ Mac ဟာ ကမ္ဘာ့ပထမဦးဆုံး စာလုံးအလှတွေသုံး တဲ့ PC ကွန်ပျုတာပါ။ တက္ကသိုလ်က ဒီသင်တန်းကိုသာ ကျနော်မတက်ခဲ့ရင် Macintosh ကွန်ပျုတာမှာ အင်မတန်သေ သပ်ပြီး အစိပ်အကျဲအချိုးကျ လှပတဲ့စာလုံးတွေ ထည့်ပေးနိုင်ခဲ့မှာ မဟုတ်ပါဘူး။ ပြီးတော့ Windows ဆိုတာကလဲ Mac က စာလုံးတွေကိုပဲ ကူးချထားတာဆိုတော့ PC တွေပေါ်မှာ စာလုံးအလှ ပေါ်ထွက်ခဲ့မှာ မဟုတ်ဘူးလို့တောင် ပြော ကောင်းပြောနိုင်ပါလိမ့်မယ်။ ကျနော် ကျောင်းမထွက်ခဲ့ရင် စာလုံးအလှသင်တန်းကို တက်ခဲ့မှာမဟုတ်ပါ။ ဒီသင်တန်း ကို ကျနော်မတက်ခဲ့ရင် PC တွေပေါ်မှာ စာလုံးလှလှ လေးတွေ ရှိကောင်းမှရှိမှာပါ။ မှန်ပါတယ်။ ကျနော်တက္ကသိုလ် တက်နေစဉ်အခါကတော့ အနာဂါတ်ကို ကြိုမြင်ပြီး ဒီအကျိုးအကြောင်းတွေကို ဆက်စပ်ပုံဖော်ကြည့်ဖို့ဆိုတာ ဘယ်ဖြစ် နိုင်ပါ့မလဲ။ နောင် ၁၀ နှစ်ကြာအပြီး အတိတ်ကို ပြန်ကြည့်တဲ့အခါမှာတော့ ဒီဆက်စပ်မှုတွေကို ရှင်းရှင်းကြီး တွေ့နေရပါ တယ်။ ထပ်ပြောရမယ်ဆိုရင်တော့ ရှေ့အနာဂါတ်မှာ ဘာတွေဘယ်လို ဆက်စပ်ပုံပေါ်လာမယ် ဆို တာကို ကျနော်တို့ မမြင်နိုင် ပါ။ နောက်ပြန်ကြည့်မှသာ ဆက်စပ်မှုတွေကို တွေ့နိုင်တာပါ။ ဒါကြောင့်မို့ ဘွဲ့ရမောင်မယ်တို့တွေဟာလဲ အနာဂါတ်မှာ ဖြစ်ရပ်တွေဆက်စပ်ပြီး ပုံပေါ်လာလိမ့်မယ်လို့ ယုံကြည်ထားရပါလိမ့်မယ်။ ဘွဲ့ရမောင်မယ်တို့တတွေဟာ မိမိရဲ့ ရင်တွင်း ခံစားချက်ကို ယုံကြည်မှုရှိပါ။ ကံစီမံတယ်ဆိုတာ ယုံပါ။ ကံ၏အကျိုးဆိုတာ ယုံပါ။ တခုခုကိုတော့ယုံပါ။ ဒီယုံကြည်ချက် ကြောင့် ကျနော် ဂျောက်ကျခဲ့ရတယ်ဆိုတာ ဘယ်တော့မှမရှိခဲ့ပါ။ ကျနော့်ဘဝကို အကြီးအကျယ် ပြောင်းလဲစေခဲ့တာ ဒီ ယုံကြည်ချက်ကြောင့် ပါပဲ။ 
 
ကျနော့်ရဲ့ ဒုတိယ ဇာတ်လမ်းကတော့ အချစ်နဲ့ အရှုံး အကြောင်းပါ။ ကျနော် ကံကောင်းခဲ့ပါတယ်။ ကျနော်တကယ် စွဲစွဲလမ်းလမ်း ချစ်ခင်မိတဲ့ အလုပ်ဟာ ဘာလဲ ဆိုတာ အသက်ငယ်ငယ် မှာ ရှာဖွေတွေ့ရှိခဲ့တာပါ။ ကျနော့် မိဘတွေရဲ့ ကားဂိုဒေါင် ထဲမှာ Apple ကို Woz နဲ့အတူ စတင်တည်ထောင်စဉ်က ကျနော် အသက် ၂၀ ပဲ ရှိပါသေးတယ်။ ကျနော်တို့ ၂ ယောက် တကယ်အလုပ်ကြိုးစား ခဲ့ကြတာပါ။ Apple ဟာ ၁၀နှစ် အတွင်းမှာ ကားဂိုဒေါင် ထဲက ကျနော်တို့ ၂ ယောက်ကနေပြီး ဒေါ်လာ သန်း ၂ ထောင်တန် ဝန်ထမ်း ၄ ထောင်ရှိတဲ့ ကုမ္ပဏီကြီး ဖြစ်သွားခဲ့ပါတယ်။ ကျနော်တို့ရဲ့ အကောင်းဆုံး တီထွင်မှုဖြစ်တဲ့ Macintosh ကို ဈေးကွက်တင်ပြီး တနှစ် လောက် ကျနော်လဲ အသက် ၃၀ ပြည့်ပြီးခါစလေးပါ။ အဲဒီမှာ ကျနော်အလုပ်က အထုတ်ခံရပါတယ်။ ကိုယ်တိုင်တည် ထောင်ခဲ့တဲ့ ကုမ္ပဏီကနေ ဘယ်လိုလုပ်ပြီး အထုတ်ခံရနိုင်ပါ့မလဲ။ အဲ ဇာတ်လမ်းက တော့ဒီလိုပါ။ Apple ကုမ္ပဏီကြီးပွါးလာတဲ့အချိန်မှာ ကျနော်က အင်မတန်တော်တယ်လို့ ထင်ခဲ့တဲ့ လူတယောက်ကို ကျနော်နဲ့အတူ ကုမ္ပဏီမှာ စီမံခန့်ခွဲဖို့ အလုပ်ခန့်ခဲ့ကြပါတယ်။ ပထမတနှစ်လောက်ကတော့ အတော်လေးအဆင်ပြေပါတယ်။ ဒါပေမဲ့ တဖြေးဖြေးနဲ့ အနာဂါတ် အလားအလာတွေကို အမြင်မတူတာတွေ ပေါ်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အကြီးအ ကျယ် ကတောက်ကဆ ဖြစ်တဲ့အထိပါပဲ။ ဒီကတောက်ကဆ ဖြစ်တဲ့ အခါမှာ ဒါရိုက်တာအဖွဲ့က သူ့ဖက်က ရပ်ခဲ့ပါတယ်။ ဒါနဲ့ အသက် ၃၀ မှာ အလုပ်လက်မဲ့ ဖြစ်သွားပါတယ်။ တကဲ့ကို ဟိုးလေးတကျော်ဖြစ်ပြီး အလုပ်ထုတ်ခံရတာပါ။ ကျနော့် ရဲ့ ဘဝ တခုလုံးကိုပုံပြီး စိုက်လိုက်မတ်တပ်လုပ်ခဲ့တဲ့ အရာကြီးကို ဆုံးရှုံးခဲ့တာပါ။ ဒါဟာ ကျနော့်အတွက် အင်မတန် တုန် လှုပ်စရာ၊ ကြေကွဲစရာ ဖြစ်ခဲ့ပါတယ်။ လပေါင်းအတော်ကြာ တကဲ့ကို ဘာလုပ်လို့ လုပ်ရမှန်းမသိအောင် ဖြစ်ခဲ့တာပါ။ တီထွင်သူ လုပ်ငန်းရှင် မျိုးဆက်ဟောင်း ကြီးများအပေါ်မှာ ကျနော် တာဝန်မကျေဘူးလို့လဲ ခံစားခဲ့ရပါတယ်။ သူတို့က လက်ဆင့်ကမ်းပေးခဲ့တဲ့ တာဝန်ကို ပေါ့ လျော့မိတဲ့၊ လက်ဆင့်ကမ်းပြေးပွဲမှာ တုတ်တိုင် ပြုတ်ကျခဲ့တဲ့သူလို ခံစားရတာပါ။ ကျနော် David Packard နဲ့ Bob Noyce တို့ကို သွားတွေ့ခဲ့ပါတယ်။ ပြီးတော့ ကျနော့်ကြောင့် ပြဿနာအကြီးအကျယ် ဖြစ်ခဲ့တာကို ကြိုးစားပြီး တောင်းပန် ခဲ့ပါတယ်။ ကျနော့်ကျဆုံးခန်းဟာ ဟိုးလေးတကျော် ဖြစ်ခဲ့တာပါ။ Silicon Valley ကနေပြီး အရှုံးပေး ထွက်ပြေးသွားဖို့ အထိတောင် ကျနော်စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့ အချက်တချက်ကို ကျနော် တဖြေးဖြေးနဲ့ သတိပြုမိလာပါတယ်။ အဲဒါက တော့ ကျနော်လုပ်ခဲ့တဲ့အလုပ်ကို ကျနော် ချစ်ခင်ဆဲ၊ စွဲလမ်းဆဲ ဆိုတာပါဘဲ။ Apple မှာ ဖြစ်ခဲ့တဲ့ ကမောက်ကမ ဖြစ်ရပ် တွေဟာ ကျနော့်ရဲ့ အလုပ်အပေါ် စွဲလမ်းမှု အပေါ်မှာ အရာမထင်ခဲ့ပါဘူး။ ကျနော့်ကို ကန်ထုတ်တာခံရပေမဲ့ ကျနော်က တော့ ချစ်ခင်စွဲလမ်းလျှက်ပါ။ 
 
ဒါကြောင့်လဲ ကျနော် တစ်ကနေ ပြန်စဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ Apple ကနေပြီး အလုပ်ဖြုတ်ခံရတာဟာ ကျနော့်ဘဝတလျှောက်လုံး ဖြစ်နိုင်ခဲ့သမျှထဲမှာ အကောင်းဆုံးအဖြစ်ပါ။ အဲဒီ အချိန်ကတော့ ဒီလိုမတွေးခဲ့မိပါဘူး။ အောင်မြင်မှုဆိုတဲ့ ဝန်ထုပ် ဝန်ပိုးကြီးကို ပေါ့ပေါ့ပါးပါး လူသစ်တခါ ပြန်ဖြစ်ရတယ် ဆိုတာနဲ့ လဲလိုက်ရတာပါ။ အရာရာတိုင်းမှာ မသေချာ မှုတွေချည်းပါဘဲ။ ဒီဖြစ်ရပ်ကပဲ ကျနော့်ကို အနှောင်အဖွဲ့တွေက ကင်းလွတ်ခွင့်ပေးပြီး ကျနော့်ဘဝရဲ့ ဖန်တီးမှုအား အကောင်းဆုံးကာလကို စတင်စေခဲ့ပါတယ်။ နောက် ၅ နှစ် အတွင်းမှာတော့ NeXT ဆိုတဲ့ ကုမ္ပဏီကို ကျနော် တည်ထောင်ပါတယ်။ Pixar ဆိုတဲ့ ကုမ္ပဏီကို ကျနော် တည်ထောင်ပါတယ်။ ပြီးတော့ အင်မတန် ပြည့်ဝတဲ့ အမျိုးသမီးတယောက်နဲ့ မေတ္တာမျှပြီး ကျနော်အိမ်ထောင်ပြု ခဲ့ပါ တယ်။ Pixar ကတော့ ကမ္ဘာ့ပထမဆုံး ကွန်ပျုတာ ကာတွန်းကားကို ဖန်တီးထုတ်လုပ်ခဲ့တာပါ။ ခုချိန်မှာတော့ Pixar ဟာ ကမ္ဘာ့ အအောင်မြင်ဆုံးကာတွန်းရုပ်ရှင် စတူဒီယို ဖြစ်နေပါပြီ။ ပြောစမှတ်ပြုစရာ အလှည့် အပြောင်းမှာ Apple က ကျနော့်ရဲ့ NeXT ကုမ္ပဏီကို ဝယ်ပါတယ်။ ကျနော် Apple ကို ပြန်ရောက်သွားပါတယ်။ NeXT မှာ ကျနော်တို့ စတင်ခဲ့တဲ့ နည်းပညာဟာ Apple ပြန်လည် ဆန်းသစ်ခြင်းရဲ့ ဗဟိုချက်မှာ ရှိပါတယ်။ Laurene နဲ့ ကျနော်တို့ကတော့ အင်မတန် ပျော်စရာကောင်းတဲ့ မိသားစုလေးတခု ဖြစ်လာပါတယ်။ ကျနော်သာ Apple က အလုပ်ထုတ်မခံခဲ့ရရင် ဒါတွေတခုမှ ဖြစ်လာမှာ မဟုတ်တာ အတော်သေချာပါတယ်။ အလုပ် ထုတ်ခံရခြင်းဟာ အင်မတန်အဝင်ဆိုးတဲ့ ဆေးခါးကြီးပါ။ ဒါပေမဲ့ လူနာကိုကြည့်ရတာလဲ ဒီလိုဆေးမျိုး လိုနေပုံ ပါဘဲ။ တခါတလေ တော့လဲ ဘဝမှာ ခေါင်းကိုအုတ်ခဲနဲ့ထုသလို ခံရတာမျိုး ရှိပါတယ်။
 
မိမိယုံကြည်ရာကို မစွန့်လွှတ်ပါနဲ့။ ကျနော့်ရဲ့ ဘဝ တလျှောတ်လုံးမှာ အရာရာကို ဖြတ်ကျော်ဖို့ ခွန်အားပေး နေခဲ့တာဟာ ကျနော့်အလုပ်ကို ကျနော် ချစ်ခင် စွဲလမ်းမှုပဲလို့ ကျနော်ယုံကြည် ပါတယ်။ ဘွဲ့ရမောင်မယ် တို့လဲ ကိုယ့်ရဲ့ အချစ်စစ်အချစ်မှန်ကို တွေ့အောင်ရှာပါ။ ဒီအ ဆိုဟာ မောင်မယ် တို့ရဲ့ ချစ်သူရည်းစားရှာဖို့နဲ့ဆိုင်သလို အလုပ်ရှာဖို့နဲ့လဲ သက်ဆိုင်ပါတယ်။ ခုချိန်ထိမတွေ့သေးဘူးဆိုရင်လဲ တွေ့တဲ့အထိ ဆက်ရှာပါ။ ရရာနဲ့မကျေနပ်ကြပါနဲ့။ နှလုံးသားရေးရာကိစ္စဆိုတော့ တွေ့ပြီ လား၊ မတွေ့သေးဘူးလား ဆိုတာကို ကိုယ့်ဟာကိုယ် သိလာပါလိမ့်မယ်။ ပြီးတော့ ဘဝအဖော်မွန်တွေရဲ့ သဘာဝအတိုင်း နှစ်ကြာလေပိုပြီး ခိုင်မြဲလာလေလေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် မောင်မယ်တို့ အချစ်စစ်အချစ်မှန်ကို တွေ့အောင်ရှာ ကြပါ။ ရရာလေးနဲ့ မရောင့်ရဲလိုက်ကြပါနဲ့။ ကျနော့်ရဲ့ တတိယ ဇာတ်လမ်းကတော့ သေခြင်းတရား အကြောင်းပါ။ ကျနော်အသက် ၁၇ နှစ်မှာ ကောက်နှုတ်ချက် စာသားတခု ဖတ်ခဲ့ရပါတယ်။ မှတ်မိသလောက်ဆိုရင်တော့ “နေ့တိုင်းကို သင့်ဘဝရဲ့ နောက်ဆုံးနေ့အဖြစ် နေထိုင်ခဲ့ရင် တနေ့မှာတော့ အဲဒီအတိုင်းဖြစ်လာဖို့ သေချာပါတယ်” တဲ့။ ဒီစာသားက ကျနော့်စိတ်မှာထင်ဟပ် သွားခဲ့ပါတယ်။ အဲဒီကစပြီး နောက် ၃၃ နှစ်လုံး မနက်အိပ်ရာထမှာ မှန်ကိုကြည့်ပြီး ကိုယ့်ကို ကိုယ် မေးခဲ့ပါတယ်။ “ဒီနေ့သာ ငါ့ဘဝရဲ့ နောက်ဆုံးနေ့ဆိုရင် ဒီနေ့ လုပ်မဲ့အလုပ်တွေကို ငါ လုပ်ချင်ပါ့မလား” မေးခွန်းရဲ့ အဖြေဟာ ရက်ပေါင်းများစွာ ဆက်တိုက် “မလုပ်ချင်ဘူး” ဖြစ်နေပြီဆိုရင်တော့ အပြောင်းအလဲ တခုခုလုပ်ဖို့ လိုနေပြီလို့ ကျနော် သိလိုက်ပါတယ်။ ဘဝအတွက် အလွန်အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကိုချရာမှာ အရေးကြီးဆုံး အထောက်အပံ့ကိရိယာအဖြစ် ကျနော်တွေ့ ရှိခဲ့တာကတော့ သေခြင်းတရားဟာ လက်တကမ်းမှာပဲ ရှိတယ်လို့ သတိချပ်ခြင်းပါ။ ဘာလို့လဲဆိုတော့ အရေးမပါတဲ့ မျှော်မှန်းချက်တွေ၊ ဂုဏ်မာနတွေ၊ အရှက်ကွဲမှာ ဒါမှမဟုတ် ရှုံးနိမ့်မှာကို ကြောက်တဲ့စိတ်တွေ ဒါတွေ အားလုံးနီးပါးဟာ သေခြင်းတရား ဆိုတာနဲ့ ရင်ဆိုင်တွေ့လိုက်ရင် အလိုလို ပျောက်ကွယ်သွားပြီး တကယ့်ကို အရေးကြီးတဲ့အရာတွေသာ ကျန်ရစ်ခဲ့ပါတယ်။ မင်းမှာလက်လွှတ် ဆုံးရှုံးစရာ ပိုင်ဆိုင်မှုတွေရှိတယ်ဆိုတဲ့ အတွေးထောင်ချောက်ကို ရှောင်လွှဲဖို့ နည်း လမ်းတွေထဲမှာ ကျနော်သိတဲ့ အကောင်းဆုံး နည်းကတော့ မင်းဟာသေရတော့မှာဘဲလို့ သတိချပ်ခြင်းပါ။ မင်းဟာ ဗ လာထီးထီး ကိုယ်ချည်းဖြစ်သွားပါပြီ။ 
 
အဲဒီတော့ ကိုယ့်နှလုံးသားရဲ့ ခေါ်ရာနောက်ကို မလိုက်ဘဲနေဖို့ရာ အကြောင်းမရှိ တော့ပါ။ လွန်ခဲ့တဲ့ တနှစ်လောက်က ကျနော့်မှာ ကင်ဆာရောဂါရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။ မနက် ၇နာရီ ခွဲမှာ ဆေးဓာတ်မှန်ရိုက် ပါတယ်။ ကျနော့်ရဲ့ သရက်ရွက် (Pancreas) မှာ အကြိတ်ရှိတာ ဓာတ်မှန်မှာ ထင်းထင်းကြီး ပေါ်နေပါတယ်။ သရက်ရွက် ဆိုတာဘာလဲဆိုတာတောင်မှ ကျနော်မသိခဲ့ပါ။ ဒီလို ကင်ဆာမျိုးဟာ ကုစရာဆေးမရှိတဲ့ ကင်ဆာမျိုးဖြစ်ဖို့ အတော်သေ ချာတယ်လို့ ကျနော့်ကို ဆရာဝန်ကြီးတွေက ပြောခဲ့ပါတယ်။ ပြီးတော့ နောက် ၃လ ကနေ ၆လ အထိဘဲနေရဖို့ မျှော် လင့်ထားပါလို့ ပြောပါတယ်။ ဒါဟာဘာအဓိပ္ပါယ်လဲဆိုတော့ ကျနော့်ရဲ့ ကလေးတွေကို နောင် ၁၀ နှစ် အတွင်းမှာ ပြောပြ ဖို့ စဉ်းစားထားသမျှကို နောင်လ အနည်းငယ်အတွင်းမှာ အကုန်အစင်ပြောဖို့ ကြိုးစားပါ ဆိုတဲ့ အဓိပ္ပါယ် ပါပဲ။ ကျန်ရစ် သူမိသားစု ဒုက္ခမများရလေအောင် ရှိသမျှ ကိစ္စတွေအားလုံးကို လက်စသိမ်းပါဆိုတဲ့ အဓိပ္ပါယ်ပါ။ သွားတော့မယ်လို့ နှုတ်ဆက်တော့ဆိုတဲ့ အဓိပ္ပါယ်ပါ။ တနေ့လုံး ဒီကင်ဆာ အကြောင်းကဘဲ ကျနော့်ကို လွှမ်းမိုးထားခဲ့ပါတယ်။ အဲဒီနေ့ ညနေမှာတော့ အသားစထုတ်ပြီး ဆေး စစ်ခံခဲ့ရပါတယ်။ ခန္ဓာကိုယ် အတွင်းပိုင်းကြည့် ကရိယာကို ကျနော့်လည်ချောင်း ထဲကတဆင့် အစာအိမ်ကိုဖြတ်ပြီး အူ သိမ်ထဲကိုရောက်အောင် ထည့်ပါတယ်။ ပြီးတော့မှ ကျနော့်ရဲ့ သရက်ရွက်ကို အပ်နဲ့စိုက်ပြီး အသားစ အနည်းငယ်ကို ထုတ်ယူပါတယ်။ အဲဒီအချိန်မှာ ကျနော်က မေ့ဆေးနဲ့ မျောနေခဲ့ပါတယ်။ ဒါပေမဲ့ အတူရှိနေတဲ့ ဇနီးက ပြန်ပြောခဲ့တာက ဒီအသားစကို အဏုကြည့် မှန်ဘီလူးအောက်မှာ ကြည့်ခဲ့တဲ့ ဆရာဝန်ကြီးတွေ “ဟေးကနဲ…” ထပြီးအော်ခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ ကျနော့်ရဲ့ကင်ဆာဟာ အင်မတန်မှ ရှားပါးတဲ့ ခွဲစိတ်ပြီးကုသလို့ရတဲ့ သရက်ရွက်ကင်ဆာမျိုး ဖြစ်နေ လို့ပါ။ ကျနော် ခွဲစိတ်ကုသခံခဲ့ရပါတယ်။ ကျနော် အခုနေကောင်းပါပြီ။ ဒါဟာ ကျနော့်အဖို့ သေခြင်းတရားနဲ့အနီးကပ်ဆုံးရင်ဆိုင်ဖြစ်ခဲ့ခြင်းပါဘဲ။ 
 
နောင် ၁၀ နှစ်၊ အနှစ် ၂၀ အတွင်းမှာလဲ ဒီထက် ပိုပြီးနီးနီးစပ်စပ် မတွေ့ကြုံရတော့ဘူးလို့ မျှော်လင့်ပါတယ်။ ဒီဖြစ်ရပ်ကို ကိုယ်တွေ့ကြုံရတဲ့ အတွက်ကြောင့် ဘွဲ့ရမောင် မယ်တို့ကို သေခြင်း တရားအကြောင်း ပြောပြရာမှာ သုံးဖြစ်ရုံ ဥာဏ်သိအဓိပ္ပါယ်ဖွင့်ဆိုချက်ထက် နဲနဲပိုပြီး သေသေချာ ချာ ကျနော် ပြောနိုင်ပါပြီ။ *ဘယ်သူမှမသေချင်ပါဘူး။ ကောင်းကင်ဘုံကို သွားချင်တဲ့သူများတောင်မှ အဲဒီကိုရောက်ဖို့ မသေချင်ကြပါဘူး။ သို့သော် လည်း လူတိုင်းဟာ တနေ့တော့ သေကြရမှာပါ။* ခုထက်ထိ သေခြင်းတရားကို လွန်ဆန်နိုင်တဲ့သူ ဆိုတာ မရှိသေးပါ။ ဒါဟာလဲ ဖြစ်သင့်လို့ပါ။ ဘဝတရားရဲ့ တခုတည်းသော အကောင်းဆုံးဖန်တီးမှုဟာ မရဏတရား ဖြစ်စရာအကြောင်း ရှိပါ တယ်။ မရဏတရားဟာ ဘဝဖြစ်တည်ခြင်းတရားရဲ့ အပြောင်းအလဲဖြစ်အောင် ဖော်ဆောင် ပေးတဲ့အရာပါ။ မရဏတရား က ဟောင်းဆွေးအိုမင်းမှုတွေကို ဖယ်ရှားပြီး နုပျိုသစ်လွင်မှုတွေနဲ့ အစားထိုးပေးနေပါတယ်။ ဒီနေ့ဒီအချိန်အခါမှတော့ ဘွဲ့ရမောင်မယ်တို့ဟာ နုပျိုသစ်လွင်မှုတွေနဲ့ အပြည့်ပါ။ သို့သော်မကြာတော့တဲ့ အခါမှာ မောင်မယ်တို့လဲ အိုမင်းရင့်ရော် လာမှာပါ။ ပြီးတော့အဖယ်ရှားခံကြရမှာပါ။ စိတ်ထိခိုက်အောင်ပြောမိတာကို ကျနော် တောင်းပန်ပါတယ်။ သို့သော်လဲ ဒါက အမှန်တရားပါ။ ဘွဲ့ရမောင်မယ်တို့မှာ အချိန်တွေအများကြီးမရှိတော့ပါဘူး။ ဒီတော့တခြားသူတွေ နေသလိုဘဲနေပြီး အချိန်ကိုမဖြုန်းပါနဲ့။ သူများတွေရဲ့ အတွေးအထင်ထဲကအတိုင်း နေရတဲ့ဘဝကို တရားသေဆုပ်ကိုင်ထားပြီး ချောင်ပိတ်မမိပါစေနဲ့။ မိမိရဲ့အ တွင်းစိတ်က နှိုးဆော်သံကို သူတပါးတွေရဲ့ထင်မြင်ချက် အနှောင့်အယှက်သံတွေက ဖုံးလွှမ်းမသွားပါစေနဲ့။ *ဒီထက်ပိုပြီးအရေးကြီးဆုံးအချက်ကတော့ ကိုယ့်ရဲ့ နှလုံးသားနဲ့ ရင်တွင်းသိစိတ်တို့က ခေါ်ဆောင်ရာကိုလိုက်ပါ။* သူတို့ က မောင်မယ်တို့ အမှန်တကယ် ဘာဖြစ်ချင်တယ်ဆိုတာကို သိနေကြပြီးသားပါ။ ကျန်တဲ့အရာတွေအားလုံးက သာမည အချက်တွေပါ။ 
 
ကျနော်ငယ်စဉ်အခါက “The Whole Earth Catalog” ဆိုတဲ့ အင်မတန် ပြောင်မြောက်တဲ့ ကတ်တလောက်စာအုပ် တခု ရှိခဲ့ဘူးပါတယ်။ ဒီစာအုပ်ဟာအဲဒီတုန်းက ကျနော်တို့တွေအတွက်တော့ ကိုးကွယ်စရာကျမ်းစာတွေထဲက တအုပ်ပေါ့။ အဲဒီစာအုပ်ရဲ့ ဖန်တီးရှင်ကတော့ ဒီ Stanford တက္ကသိုလ် နဲ့ သိပ်မဝေးတဲ့ Menlo Park မှာနေတဲ့ Stewart Brand ဆို သူပါ။ ဒီစာအုပ်ကို သူက ကဗျာဆန်ဆန်အလှတွေနဲ့ ချယ်မှုန်းပြီးထုတ်ဝေခဲ့တာပါ။ ဒီစာအုပ်ကို ထုတ်ဝေချိန်က ၁၉၆၀ ခုနှောင်းပိုင်းကာလ ကွန်ပျူတာနဲ့ ကွန်ပျူတာစာစီလုပ်ငန်းတွေ မပေါ်ခင်ကပါ။ အဲဒီတော့ စာအုပ်တအုပ်လုံးက လက်နှိပ် စက်ရိုက်၊ ကပ်ကြေး နဲ့ကိုက်၊ Polaroid ကင်မရာနဲ့ ဓာတ်ပုံတွေရိုက်ပြီး စာအုပ်ကို ဖန်တီးရတာပါ။ Google ကို စာအုပ် အဖြစ် ဖတ်ရသလိုပါပဲ။ ဒ်ီစာအုပ်ဟာ Google မတိုင်ခင် ၃၅ နှစ်က ပေါ်ခဲ့တာပါ ။ တကယ့်ကို စံနမူနာယူစရာ စာအုပ်ပါ။ စာအုပ်တခုလုံးလဲ သပ်ရပ်လှပတဲ့ ကရိယာတွေနဲ့ အကြံကောင်းတွေနဲ့ ပြည့်နေပါတယ်။ Stewart နဲ့သူ့အဖွဲ့သားတွေဟာ “The Whole Earth Catalog” စာအုပ် တော် တော်များများကို ထုတ်ဝေခဲ့ပါတယ်။ ထုတ်ဝေခြင်းကနေ ရပ်ဆိုင်းရတဲ့အခါမှာတော့ သူတို့တတွေ နောက်ဆုံးနှုတ်ဆက် ခြင်းစာအုပ်ကို ထုတ်ကြပါတယ်။ အဲဒီအချိန်မှာ ကျနော်က ခုဘွဲ့ရမောင်မယ်တို့ရဲ့ အရွယ်၊ ၁၉၇၀ နှစ်လယ်ကာလများပါ။ နှုတ်ဆက်စာအုပ်ရဲ့ ကျောဖုံးပုံက မနက်စောစော တောဘက်ကကားလမ်းလေးတခုရဲ့ ဓာက်ပုံပါ။ စွန့်စားခန်း အင်မတန် ကြိုက်သူများ ကားကြုံစီးခရီးထွက်ရာမှာ တွေ့ကောင်းတွေ့ဖူးကြမဲ့ ကားလမ်းလေးမျိုးပါ။ အောက်မှာစာတန်းလေးရေး ထားပါတယ်။ “ဆာလောင်မွတ်သိပ်ပါ။ အရူးထပါ။” တဲ့။ 
 
ဒါသူတို့ရဲ့ နောက်ဆုံးစာအုပ်မှာ နောက်ဆုံးနှုတ်ဆက်တဲ့စကားပါ။ ကျနော် ကိုယ်တိုင်လဲ ဒီဆုကိုပဲ အမြဲတမ်းတောင်းခဲ့ ပါတယ်။ ခုဘွဲ့ရမောင်မယ် တို့ဘဝအသစ် စကြရတော့မယ်ဆိုတော့ မောင်မယ်တို့ကိုလဲ ဒီဆုကိုပဲ တောင်းပေးပါ့မယ်။ “ဆာလောင်မွတ်သိပ်ပါ… အရူးထပါ…”

Friday, October 7, 2011

နာရီစားသူများ

အခန်း(က)

ကျွန်တော် စောင့်စားနေတာကြာပြီ။
ဒီလောက်ကြာပြီဆိုပါတော့။






အခန်း(ခ)

အချိန်နှင့်ဒီရေသည် လူကိုမစောင့်ဆိုတော့ လူကပဲ စောင့်ရတာပေါ့လေ။ ကျွန်တော်စောင့်နေတာ ဒီရေကိုလား၊ အချိန်ကိုလား၊ ဘာမှမသဲကွဲ။ မသဲကွဲခြင်းကိုပင် စောင့်နေလေသလား။ မသဲကွဲ။ ဒီရေနှင့်အတူ ဇော်ဂျီရဲ့ဗေဒါပင် တစ်ပင် ကမ်းခြေကို ရောက်ရှိလာမှာလား။ ဒါမှမဟုတ် ကိုလံဘတ်ရဲ့သင်္ဘောပဲ ဆိုက်ကပ်လာမှာလား။ သင်္ဘောပေါ်က ဆင်းလာတဲ့သူဟာ နော်ဧလား။ မဟာဇနက္ကလား။ ဆင်းဘတ်လား။


“ခင်ဗျား ဘာကို စောင့်နေတာလဲ”
မေးခွန်းတစ်ခု။


“မသိဘူး”
အဖြေတစ်ခု။


“ဒါဆို မသိဘူးကို စောင့်နေတာပေါ့”
နောက်ထပ် မေးခွန်းတစ်ခု။


အဖြေမရှိ။ သို့မဟုတ် ဖြေဖို့ အချိန်စောင့်မနေဘဲ သူက စွတ်ပြုတ်တစ်ခွက်တိုက်သည်။ ဇွန်းနဲ့ခပ်လိုက်တော့ ဒါလီ၏ ပျော့တွဲနေတဲ့ နာရီတွေ ပါလာ၏။


“နေပါအုံးဗျ။ ဒါတွေက ဆွဇ်ဇာလန်ဖြစ်တွေလား” လို့ ကျွန်တော်က မေးတော့


“ဟင့်အင်း၊ ဒါ ဂျပန်ဖြစ်တွေတဲ့။ ဒါမှမဟုတ် ဂျပန်နာမည် တပ်ထားတဲ့ တရုတ်ဖြစ်တွေလည်း ဖြစ်နိုင်တာပဲ။”


ဒါနဲ့ကျွန်တော်လည်း အဲဒီ စွပ်ပြုတ်ကို သွန်ပစ်လိုက်တယ်။ (နောင်နှစ်ပေါင်းများစွာ ကြာတဲ့အခါ အဲဒီနေရာမှာ သစ်ပင်တွေ ပေါက်ပြီး အဲဒီသစ်ပင်တွေက နာရီတွေ သီးတယ်တဲ့။ ခက်တာက အဲဒီနာရီတွေဟာ တစ်လုံးနဲ့တစ်လုံး အချိန်မတူကြဘူးတဲ့။)


“ခင်ဗျားမှာ နှုတ်ခမ်းမွှေးကော့ကော့ကြီး မပါတာနဲ့၊ ဒါလီ မဟုတ်မှန်း သိတယ်။ ခင်ဗျား ဘယ်သူလဲ” လို့မေးတော့ သူက


“ကျုပ်က အချိန်ကာလလေ” လို့ ပြောတယ်။


“အချိန်ကာလဆိုရင် ခင်ဗျားဟာ ဘာလို့ကျွန်တော်နဲ့အတူတူရှိနေတာလဲ၊ ခင်ဗျားဟာ စီးဆင်းသွားရမှာပေါ့”


“ဒါက ဟီရာကလိုက်တပ် ဆိုတဲ့ ဂရိတစ်ကောင်ပြောတာပါကွာ။ လူတစ်ယောက်ဟာ မြစ်တစ်မြစ်ကို နှစ်ခါ ပြန်မဆင်းနိုင်ဘူး ဆိုလား။ သူတို့က အချိန်ဆိုတာ တစ်သမတ်တည်း စီးဆင်းနေတဲ့အရာလို့ယူဆခဲ့ကြတယ်လေ”


“အိုင်စတိုင်းရဲ့ ရီလေတစ်ဗီတီသီအိုရီ ကို ကျွန်တော်လည်း ကြားဖူးပါတယ်။ သူကတော့ အချိန်ဆိုတာ နှိုင်းရဓမ္မတရား လို့ ပြောခဲ့တယ် မဟုတ်လား။ စတုတ္ထဒိုင်မေးရှင်း ဆိုလား”


“ဟုတ်တယ်၊ ဟင်းလင်းပြင်နဲ့အချိန်ဟာ ခွဲခြားလို့မရဘူး။ ဟင်းလင်းပြင် အချိန်လို့ခေါ်တယ်။ အရာဝတ္ထုတိုင်းမှာ အလျား၊ အနံ၊ အမြင့်နဲ့ အချိန်ရှိတယ်”


“ကျွန်တော်လည်း သိပ္ပံဝတ္ထုတွေ ဖတ်ဖူးပါတယ်။ ကာလယန္တရားဆိုတဲ့ အချိန်စက်နဲ့လိုတဲ့အချိန် (အတိတ်နဲ့အနာဂတ်ကို သွား
လို့ရတယ်ဆိုတဲ့အကြောင်း၊ ဒါကတော့ အလင်းထက်မြန်တဲ့အလျင်နဲ့သွားနိုင်ရင် အချိန်ဟာ နောက်ပြန်ရွေ့သွားနိုင်တယ်ဆိုတဲ့ အိုင်စတိုင်းရဲ့ သီအိုရီကို မှီပြီး ရေးကြ ပြောကြတာပါပဲ။ ဒါထက် ခင်ဗျားကို ဘယ်တုန်းက မွေးခဲ့တာလဲ”


ကျွန်တော် အချိန်ကို မေးလိုက်တယ်။


“ကျုပ် အသက်လား၊ ၁၅ ဘီလျှံလောက်ရှိပြီပေါ့။ မဟာပေါက်ကွဲမှု သီအိုရီဆိုတာ ကျုပ်အမေပဲ။ စကြဝဠာဆိုတာ ကျုပ်နဲ့အမွှာပူးပေါ့။ မဟာပေါက်ကွဲမှု မဖြစ်ခင်က စကြဝဠာလည်း မရှိသေးဘူး။ ကျုပ်လည်း မရှိသေးဘူး”


ကျွန်တော် နည်းနည်းစိတ်ရှုပ်ထွေးသွားတယ်။ ကျွန်တော့်လက်က နာရီကိုကြည့်ပြီး အချိန်ရှိတုန်း အချိန် တိုက်ရအောင် သတိရသွားတယ်။


“ဘယ်အချိန်ရှိပြီလဲ၊ ခင်ဗျား အချိန်မှန်ရဲ့လား”


“အချိန်မှန်တယ်ဆိုတော့ အချိန်မှားတယ်ဆိုတာရော ရှိလို့လား၊ အဲဒါတွေက ဘာတွေလဲ၊ ကမ္ဘာ့အရှေ့ဘက်ခြမ်းက အချိန်နဲ့၊ အနောက်ဘက်ခြမ်းက အချိန်က ဘယ်တူနိုင်ပါ့မလဲ။ အဲဒါနဲ့တစ်ခုကို မှန်တယ်၊ တစ်ခုကို မှားတယ်လို့ ဘယ်ပြောလို့ရမလဲ။ တကယ်တော့ လူ တွေဟာ နာရီတွေနဲ့အလုပ်ရှုပ်နေကြတာပဲ”


“ဒါဟာ လူတွေရဲ့စွမ်းပကားဗျ။ လူတွေဟာ နောက်ဆုံးတော့ အချိန်ကို ထိန်းချုပ်နိုင်ခဲ့တယ်။ နာရီတွေထဲမှာ လှောင်ထားနိုင်ခဲ့တယ်”


“တကယ်တော့ နာရီတွေဟာ မင်းကို ချုပ်နှောင်ထားတာကွ။ မင်းတို့ဟာ နာရီစားသူတွေပဲ”


“ဟုတ်တယ်။ ကျွန်တော်တို့ဟာ နာရီကိုစားပြီး အသက်ရှင်နေတဲ့လူတွေပဲ”


“မှားတယ်၊ မင်းတို့ဟာ နာရီကိုစားနေတဲ့ နာရီစားသူတွေ မဟုတ်ဘူးနော်။ နာရီရဲ့စားသုံးတာကို ခံနေရတဲ့နာရီစားသူတွေပဲ”


သူ့စကားကြောင့် ကျွန်တော် တုန်လှုပ်သွားတယ်။ နာရီကို ကျွန်တော်တို့က စားခဲ့တာလား။ နာရီက ကျွန်တော်တို့ကို စားသုံးခဲ့ တာလား။ နာရီစားသူများတဲ့။




အခန်း(အ)


စာဖတ်သူအနေနဲ့ ဒီဝတ္ထုကို ဖတ်ရတာ၊ အချိန် မကုန်စေချင်ဘူး။ ဒါနဲ့ ကျွန်တော်လည်း အခန်း(ခ) ကနေ အခန် (အ) ကို ကျော်ပြီး အဆုံးသတ် လိုက်တယ်။
  


သစ္စာနီ (ဟန်သစ်၊ ဇွန် -၂၀၀၄)

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes