Showing posts with label JuneMoe. Show all posts
Showing posts with label JuneMoe. Show all posts

Saturday, October 8, 2011

အဘွားတို့ရွာ

by junemoe


ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတွင် တည်ရှိသော၊ သင်္ဘောဆိပ်ရှိရာ စဉ့်ကူးမြို့နယ်သည် မန္တလေးတိုင်းဒေသကြီးထဲမှ မြို့နယ်တစ်ခုဖြစ်သည်။ မန္တလေးတွင် ကျွဲဆည်ကန်ကားဝင်း၊ လမ်း(၆ဝ)ကားဝင်း နှင့် သီရိမန္တလာကားဝင်းတို့သည် ထင်ရှားရာ သီရိမန္တလာကားဝင်းမှ (၃) နာရီခန့် ကားစီးလျှင် စဉ့်ကူးမြို့သို့ရောက်လေသည်။ 

စဉ့်ကူးမြို့မှ တစ်ဆင့် ဆည်သည်ရွာ၊ ခက်သင်ရွာ၊ ထုံးကြီးမြို့၊ ကြာဥယျာဉ်ရွာ၊ ထီးကုန်းရွာ၊ ရေတော်ရွာ စသည့်မြို့ရွာများသို့ ဆက်သွားနိုင်သည်။ စဉ့်ကူးမြို့သို့ရောက်လျှင် အထက်အညာမှ စုန်ဆင်းလာမည့် မော်တော်များအား ဆိပ်ကမ်းတွင် စောင့်၍ မော်တော်ဆိုက်သည့်အခါမှ မိမိသွားလိုသော ရွာအား စုန်သွားမည့် မော်တော်ရွေး၍ စီးရသည်။ စဉ့်ကူးသဘောင်္ဆိပ်မှ ရွာများသို့ စုန်ဆင်းရန် အချိန်များသည် သိပ်မကွာ။ ဆည်သည်ရွာ နှင့် ခက်သင်ရွာများသို့ ၁ နာရီခန့် မော်တော်စီးလျှင် ရောက်သကဲ့သို့၊ ၂ နာရီခန့် စီးလျှင် ထုံးကြီးမြို့သို့ရောက်သည်။ ထုံးကြီးမြို့သည် ရွာမဟုတ်ပေ။ စဉ့်ကူးမြို့မှ ဆက်သွားနိုင်သော မြို့တစ်မြို့သာပင်။
ဆည်သည်ရွာသည် ကျွန်တော့် အဘွားတို့ရွာဖြစ်သည့်အပြင်၊ ခက်သင်ရွာတွင်လည်း အမျိုးတွေရှိသည်။ အဘွားသည် ဆည်သည်ဇာတိဖြစ်၍ အဘိုးနှင့် အကြောင်းပါပြီးမှ အဘိုးတာဝန်ထမ်းဆောင်ရာ နေရာအနှံ့လိုက်ရကာ နောက်ဆုံး မန္တလေးမြို့တွင် အခြေချကြခြင်းဖြစ်သည်။ သို့ရာတွင် ကျွန်တော့်အဖေကို အဘွားက ထိုဆည်သည်ရွာမှာပင် မွေးဖွားခဲ့သည်။

အဖေ့ပြောပြချက်များအရ အဖေ့အားမွေးဖွားပြီး အဘွားသည် အဘိုးနောက် လိုက်နေရကာ အဖေ့အားရွာမှာပင် အမများလက်ထဲ ထားခဲ့သည်ဟုသိရသည်။ အဘွား၏ အမလတ်မွေးဖွားသော သားနှင့် အဖေသည် နို့အတူတူစို့ဖက်များ ဖြစ်ခဲ့သည်။ နောက်ဆုံး မန္တလေးမြို့တွင် အဘိုးနှင့် အဘွား အခြေချပြီးမှ အဖေ့အား ရွာမှ ပြန်ခေါ်ကာ၊ ဦးလေးနှင့် အဒေါ်တို့အား ထပ်မွေးခဲ့သည်။ ထိုသို့ဖြင့် ကျွန်တော်တို့ ဇာတိသည်လည်း မန္တလေး ဖြစ်ခဲ့သည်။
အဘွားတို့ မောင်နှမ အတော်များများလည်း မန္တလေးတွင်ပင် အခြေချနေထိုင်ကြသည်။ သို့သော် အမြဲတစေ ရွာမှ  ဆွေမျိုးများလာသောအခါ ပဲများပါလာတတ်သည်။ ဆည်သည်ရွာတွင် စပါးနှင့် မြေပဲ အားအဓိကထားစိုက်ပျိုးကြ၍၊ နှမ်း စိုက်သော တောင်သူများလည်း အနည်းငယ်ရှိသည်။ အခြားသော ပဲအမျိုးမျိုးအားလည်း စိုက်ပျိုးကြသည်။
စပါးတွင်လည်း မုရင်းစပါးနှင့် ကောက်ကြီးစပါးဟူ၍ နှစ်မျိုးရှိရာ မုရင်းစပါးသည် ဆန်ကြမ်းဖြစ်၍  နယုန်လလောက်တွင် စိုက်ပျိုးကြကာ၊ ဝါဆိုလတွင် ရိတ်သိမ်းကြသည်။ ကောက်ကြီးစပါးသည် ဆန်နု အမျိုးအစားဖြစ်၍ တော်သလင်း၊ သီတင်းကျွတ်လများတွင် စတင်စိုက်ပျိုးကြကာ၊ တန်ဆောင်မုန်း၊ နတ်တော်လများတွင် ရိတ်သိမ်းလေ့ရှိသည်။ စပါးများအား သူ့အချိန်နှင့်သူ စိုက်ပျိုးသကဲ့သို့ မြေပဲကိုလည်း တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို လများတွင် စိုက်ပျိုးကြကာ၊ တပို့တွဲ၊ တပေါင်း၊ တန်ခူး လများတွင် မြေပဲနှုတ်သိမ်းကြသည်။ 

သို့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် စိုက်ပျိုးထားသော ပျိုးပင်များ ပျက်စီးတတ်ကြပြန်သည်။ တောင်သူများအတွက် ပျိုးပင်များသည် အသက်ပင်။ စိုက်ပျိုးပြီးလျှင် ထိုအပင်များအား မပျက်မစီးအောင် အစွမ်းကုန် ယုယကြရသည်။ စိုက်ပျိုးပင်များ ရင့်မှည့်ချိန် ရိတ်သိမ်းပြီးမှ တောင်သူများ သက်ပြင်းချနိုင်ကြပေသည်။ ခါတိုင်းဆိုလျှင် ဝါဆို၊ ဝါခေါင်လများတွင် ဖွေးဖွေးလှုပ်၍ ရေတက်လေ့ရှိသော ဧရာဝတီမြစ်သည် ယခုအခါ ရေများခန်းခြောက်နေပြီဟုလည်း ရွာမှမြို့သို့ ဆေးလာကုသူများက ပြောကြသည်။
ရှေးယခင်က ဈေးဝယ်ရာတွင် ပစ္စည်းချင်းဖလှယ်သော စနစ်ကို ကျင့်သုံးခဲ့ကြရာ ဆည်သည်ရွာတွင်လည်း ယင်းစနစ်အား ယခုထက်တိုင် ကျင့်သုံးဆဲဖြစ်သည်။ ဈေးဟူ၍လည်း ထိုရွာတွင် မရှိပေ။ အိမ်ဆိုင်များနှင့် ခေါင်းရွက်ဗျက်ထိုးဈေးသည်များသာ ရှိကြသည်။ မိမိလိုအပ်သောပစ္စည်းအား အိမ်ဆိုင်များသို့သွားရောက်ဝယ်ယူနိုင်သကဲ့သို့၊ အိမ်ရှေ့လာရောင်းသော ခေါင်းရွက်သည်ထံမှလည်း ဝယ်နိုင်သည်။ ထိုသို့ဝယ်ရာတွင် ပစ္စည်းချင်းဖလှယ်၍ဝယ်နိုင်သကဲ့သို့၊ ပိုက်ဆံပေးဝယ်လျှင်လည်း ရသည်။ ဈေးလည်ရောင်းသော ခေါင်းရွက်သည်ထံတွင် ပစ္စည်းများရောင်းရ၍ ပေါ့သွားသည်ဟုမရှိပဲ၊ အိမ်များမှ ပေးလိုက်သော ပစ္စည်းများဖြင့် ပို၍သာ လေးလာမြဲဖြစ်သည်။ အိမ်ဆိုင်များသို့ သွားဝယ်လျှင်လည်း မိမိဝယ်လိုသော ပစ္စည်းတန်ဖိုးအလိုက် အိမ်မှ ပစ္စည်းတစ်ခုခု ယူသွားဝယ်လျှင်လည်း လက်ခံကြသည်။ ထိုသို့ဖြင့် ပစ္စည်းနဲ့သော်လည်းကောင်း၊ ငွေနဲ့သော်လည်းကောင်း ဝယ်ယူနိုင်သည်ကို ကြားခါစက အတော်အံ့သြခဲ့ရသည်။ သို့ပေမယ့် ယခုထက်တိုင် ဆည်သည်ရွာလေးတွင် ထိုကဲ့သို့ ရောင်းရေးဝယ်တာများ လုပ်ဆောင်နေကြဆဲဖြစ်သည်။ 

ဆည်သည်ရွာတွင် ကျောင်းဟူ၍ အထက်တန်းကျောင်းတစ်ကျောင်းသာ ရှိသည်။ သူငယ်တန်းမှ ဆယ်တန်းအထိ ပညာသင်ယူနိုင်သည်။ ဆရာ၊ ဆရာမများသည်လည်း ကျောင်းတွင်စာသင်လိုက်၊ စပါးပေါ်ချိန် စပါးရိတ်၊ မြေပဲပေါ်ချိန် မြေပဲနှုတ်နှင့် သူ့အရပ်နှင့်သူတော့ အဆင်ပြေနေကြသည်။ ယခုအခါ ပညာရေးစနစ်များပြောင်းလဲလာခြင်းကြောင့် ဆရာ၊ ဆရာမများသည်လည်း ယခင်ကလို စပါးရိတ်၊ မြေပဲနှုတ်ရန် အချိန်မပေးနိုင်ကြတော့ပေ။ မူလတန်းမှ အထက်တန်းအဆင့်ထိ ပညာသင်ယူနိုင်သော်လည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေမည်ဆိုလျှင် လက်ပံလှရွာ (သို့မဟုတ်) စဉ့်ကူးမြို့ များသို့ သွားရောက်ဖြေဆိုကြရသည်။
သီတင်းကျွတ်လတွင် ဆွမ်းကြီးလောင်းပွဲ၊ တန်ဆောင်မုန်းလတွင် ကထိန်ပွဲ နှင့် နွေရာသီတွင် ရှင်ပြု၊ နားသ၊ အလှူတော်ပွဲများ ကျင်းပလေ့ရှိသည်။ တောင်သူများအနေဖြင့် ပဲနှုတ်သိမ်းပြီးသော ထိုနွေရာသီချိန်တွင်သာ ငွေစရွှင်ချိန်လည်းဖြစ်၊ ကလေးများကျောင်းပိတ်ထားချိန်လည်းဖြစ်၍ အလှူအတန်း ပေးနိုင်ကြခြင်းဖြစ်သည်။ 

ဧရာဝတီမြစ်၏ အနောက်ဖက်ကမ်း၊ ဆည်သည်ရွာ၏ တစ်ဖက်ကမ်းတွင်ရှိသော ခက်သင်ရွာသည် ကုန်စိမ်းအဓိကထား စိုက်ပျိုးသောရွာဖြစ်သည်။ ခေါင်းရွက်ဗျက်ထိုးဈေးသည်များသည် ခက်သင်ရွာမှ ကုန်စိမ်းများအား ယူငင်၍ လှေနှင့်တစ်မျိုး၊ မော်တော်နှင့်တစ်ဖုံ ဆည်သည်ရွာသို့ သွားရောက်ရောင်းချလေ့ရှိသည်။ စပါးနှင့်ပဲ အဓိကထားစိုက်ပျိုးသော ဆည်သည်ရွာနှင့် ကုန်စိမ်းအဓိကထားစိုက်ပျိုးသော ခက်သင်ရွာတို့သည် ထိုကဲ့သို့ အပြန်အလှန်ဝယ်ယူ ရောင်းချ နေထိုင်ကြလေသည်။
ခက်သင်ရွာတွင်လည်း နာမည်ကြီးပွဲတော်လည်းဖြစ်၊ ချစ်စရာကောင်းသောပွဲတော်လည်းဖြစ်သည့် ပွဲတော်တစ်ခုရှိသည်။ ယင်းမှာ သီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပကြသော ရွှေတောင်ဦးမြတ်စွာဘုရားပွဲတော် ဖြစ်သည်။ ထိုပွဲတော်တွင် သနပ်ခါးမှုံ့၊ ပေါင်ဒါမှုံ့များအား တောင်းကြီးတစ်လုံးထဲတွင် ထည့်၍သော်လည်းကောင်း၊ ဇလုံအကြီးတစ်လုံးထဲတွင်ထည့်၍သော်လည်းကောင်း ထည့်ထားကြကာ၊ စွပ်ကျယ်အဖြူကိုလည်း အမှုံ့များသုတ်လိမ်းထားကြသည်။ ထို့နောက် ဘုရားပွဲတော်သို့ လာရောက်ကြသူများအား မိန်းမ၊ ယောက်ျားမရွေး လှေကားမှစီး၍ မျက်နှာများကို သနပ်ခါးမှုံ့၊ ပေါင်ဒါမှုံ့များဖြင့် ပုတ်ကြသည်။ ထိုဓလေ့သည် ခက်သင်ရွာတွင် ယခုထိတိုင် ပြုလေ့ရှိသော ချစ်စရာကောင်းသော ပျော်ရွှင်ဖွယ်ဓလေ့ပင်။
ထို့အပြင် ရွာများနှင့်ပတ်သက်၍လည်း စကားပုံများ ရှိလေသည်။ 

“ လှခက်သင်၊ ယဉ်စဉ့်ကူး ” ဆိုသည်မှာ ခက်သင်ရွာတွင်ရှိသော အပျိုများသည် လှပချောမောကြသကဲ့သို့၊ စဉ့်ကူးမြို့သူများ၏ အပြောအဆို၊ အနေအထိုင်၊ အပြုအမူများသည် ယဉ်ကျေးသိမ်မွေ့ကြသည်ကို ဖော်ညွှန်းခြင်းဖြစ်သည်။
နောက်စကားပုံတစ်ခုမှာ “ အပျိုပေါ၊ မချောရေတော်ရွာ ” ဟူ၍။ ရေတော်ရွာသည် ဆည်သည်ရွာနှင့်လည်း အလှမ်းမဝေးပေ။ ထို ရေတော်ရွာတွင် အပျိုမိန်းကလေးများ လွန်တရာပေါလှသည်။ ထိုသို့ပေါလှသော်လည်း ချောမောလှပသူ နည်းပါးခြင်းကို “ အပျိုပေါ၊ မချောရေတော်ရွာ ” ဟု စပ်ဆိုထားကြလေသည်။ 

ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင်ရှိသော ဆည်သည်ရွာ၊ အနောက်ဘက်ကမ်းတွင်ရှိသော ခက်သင်ရွာ၊ ထိုရွာများမှ ဆက်၍ စုန်သွားနိုင်သောရွာများသည် စဉ့်ကူးမြို့နယ်တွင် ပါဝင်လေသည်။ မန္တလေးမြို့မှ (၃) နာရီခန့် ကားစီး၍ စဉ့်ကူးမြို့နယ်မှတစ်ဆင့် တောင်သူများ၏ ချစ်စရာဓလေ့များနှင့် ကျင့်သုံးဆဲစနစ်များအား ကိုယ်တိုင်သွားရောက် တွေ့မြင်ခံစားနိုင်မည်ဆိုလျှင် ဆိုဘွယ်ရာမရှိတော့ချေ။


 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes